06 Nov, 2017
“ပင်ကိုယ်စရိုက်ကောင်းအောင်လုပ်နည်း”

(How to Develop Personality)

ယနေ့ခေတ်မှာပညာတတ်တွေလည်းများလာကြပါပြီ။ဘွဲ့ရသူတွေဆိုလည်းမနည်းတော့ပါဘူး။ဒါပေမယ့်တတ်ထားတဲ့ပညာချင်းအတူတူရထားတဲ့ဘွဲ့တွေကလည်းအတူတူဆိုပေမယ့်ရောက်နေတဲ့နေရာနဲ့ဂုဏ်ထူးရာထူးတွေကခြားနေကြသူတွေရှိပါတယ်။အဲဒီလူတွေရဲ့မတူတဲ့အောင်မြင်မှုနဲ့ချမ်းသာကြွယ်ဝမှုတွေကသူတို့ရဲ့ပင်ကိုယ်စရိုက်တွေကြောင့်ကွဲပြားကြရတာပါ။ဒါဖြင့်ပင်ကိုယ်စရိုက်ဆိုတာဘာလဲ။
ပင်ကိုယ်စရိုက် (Personality) ဆိုတာဘာလဲ။
လူတစ်ယောက်ရဲ့ပင်ကိုယ်စရိုက်ကဖျောက်ပစ်လို့မရဘူးဆိုပြီးသင့်အနေနဲ့ယုံကြည်နေသလား။ဒါဆိုရင်တော့သင့်ဘဝမှာသင်ကိုယ်တိုင်ပြောင်းလဲလာတဲ့အကျင့်စရိုက်လေးတွေကိုစဉ်းစားကြည့်ပါ။ပြောင်းလို့ရခဲ့တယ်မဟုတ်ပါလား။သင်ကစိတ်တိုဒေါသထွက်လွယ်တဲ့သူဆိုပါစို့။အဲဒီအချက်ကိုသင်သတိထားမိပြီဆိုတာနဲ့ပြင်ဆင်နိုင်ပါပြီ။သတိထားဆင်ခြင်နိုင်ပါပြီ။အဓိကကပြင်ချင်တဲ့စိတ်ရှိရင်ဖြစ်ပါတယ်။
လူတိုင်းကတခြားသူတွေရဲ့စိတ်ဝင်စားတာကိုလိုချင်ကြပါတယ်။အောင်မြင်တာကိုလိုချင်ကြပါတယ်။ပျော်ရွှင်မှုကိုခုံမင်ကြပါတယ်။တကယ်တမ်းကျတော့လောကကြီးမှာအကျင့်စရိုက်ကောင်းတဲ့သူတွေကပဲရုပ်ရည်ကြည့်ကောင်းသူတွေထက်ပိုပြီးတန်ဖိုးရှိတယ်အရေးပါတယ်ဆိုတာကိုလက်ခံလာကြစမြဲပါ။ဆိုလိုတာကစာရေးသူတို့အနေနဲ့ကိုယ့်ရဲ့ရုပ်ရည်ကိုချည်းပြင်နေရုံနဲ့မလုံလောက်တော့ပါဘူး။စိတ်နဲ့ပင်ကိုယ်အကျင့်စရိုက်ဆိုးတွေကိုပါပြင်ဖို့လိုလာပါပြီ။ဒါကြောင့်အကျင့်ကောင်းတွေမွေးမြူနိုင်ဖို့နဲ့အကျင့်စရိုက်ဆိုးတွေပပျောက်စေဖို့အတွက်အောက်ကအချက် (၁၀) ချက်ကိုကြိုးစားလုပ်ဆောင်ကြည့်ရအောင်ပါ။

(၁) ပိုပြီးနားထောင်ပါ။ (Be a good listener)
တခြားသူကစကားပြောနေတာကိုအသေအချာအာရုံစိုက်ပြီးနားထောင်ပေးရင်အကျင့်ကောင်းမွေးမြူပေးနေတာပါပဲ။ဆိုလိုတာကသင်ကဂရုတစိုက်နဲ့နားထောင်ပေးနေတဲ့အတွက်စကားပြောနေတဲ့သူကသင့်ကိုပိုပြီးအလေးထားပါမယ်။သင်ကလည်းသူ့ကိုစွဲဆောင်ပြီးသားဖြစ်နေပါမယ်။ဒီလိုဆိုရင်တော့သင်ဟာနှစ်သက်စရာကောင်းတဲ့သူအကျင့်ကောင်းတဲ့သူအဖြစ်တစ်ဖက်ကလက်ခံလာတော့မှာပါ။

(၂) စာတွေပိုဖတ်ပြီးတော့စိတ်ဝင်စားစရာတွေပိုများလာအောင်လုပ်ပါ။
(Read More and Expand Your Interests)
စာပိုဖတ်လေလေစိတ်ဝင်စားစရာတွေများလာလေပါပဲ။နောက်ပြီးတခြားသူတွေကြားထဲမှာသင်ဟာပိုပြီးစိတ်ဝင်စားစရာကောင်းလာပါလိမ့်မယ်။လူတွေနဲ့တွေ့ဆုံပြီဆိုရင်တော့ကိုယ်သိထားတာတွေကိုမျှဝေနိုင်ဖို့အခွင့်အရေးရပါပြီ။ပြီးရင်တော့အဲဒီလူတွေနဲ့အမြင်ချင်းသဘောထားချင်းဖလှယ်လို့လည်းရပါပြီ။ဒါဆိုရင်လူဝင်ဆံ့တဲ့အကျင့်စရိုက်ကောင်းတစ်ခုကိုသင်ပိုင်ဆိုင်သွားပါပြီ။

(၃) စကားပြောကောင်းပါစေ။ (Be a Good Conversationalist)
စကားပြောကောင်းတာကစာဘယ်လောက်ဖတ်တယ်ဆိုတာနဲ့ဘယ်လောက်အသိပညာရှိတယ်ဆိုတဲ့အပေါ်မှာအများကြီးမူတည်နေပါတယ်။လူတွေနဲ့ထိတွေ့ပြောဆိုဖို့ပိုပြီးလိုအပ်လာတာနဲ့အမျှသူတို့နဲ့ဘယ်လိုစကားပြောရမယ်ဆိုတာကိုလေ့လာဖို့ပိုပြီးလိုအပ်လာပါပြီ။စာဖတ်ရုံနဲ့ဘယ်သူမှအရာရာကိုသိနိုင်မှာမဟုတ်ပါဘူး။တတ်ကျွမ်းနိုင်မှာမဟုတ်ပါဘူး။တခြားသူတွေနဲ့စကားပြောရင်းကနေတချို့အရာတွေကိုလေ့လာသင်ယူနိုင်ပါတယ်။ဒါပေမယ့်သင်ကသူတို့အတွက်စကားပြောလို့ကောင်းတဲ့သူမျိုးတော့ဖြစ်ရပါမယ်။

(၄) ကိုယ်ပိုင်တွေးခေါ်ယူဆချက်ရှိတတ်ပါစေ။ (Have an Opinion)
ဘယ်အရာကိုမှစိတ်ဝင်စားမှုမရှိတဲ့ကိုယ်ပိုင်အတွေးအခေါ်ထင်မြင်ယူဆချက်မရှိတဲ့သူမျိုးနဲ့စကားပြောရတာလောက်ပင်ပန်းတာမျိုးမရှိပါဘူး။သင့်ရဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်ကိုမပြောပြနိုင်ဘူးဆိုရင်စကားပြောဆိုရတာလည်းရှေ့ကိုမရောက်နိုင်တော့ပါဘူး။သင့်ဆီမှာသီးခြားထင်မြင်ယူဆချက်မျိုးရှိလို့ထုတ်ပြောပြနိုင်ရင်တော့စကားဝိုင်းမှာသင်ဟာစိတ်ဝင်စားစရာကောင်းတဲ့သူဖြစ်လာပါလိမ့်မယ်။ဒါဆိုရင်တော့သင်ကလူဝင်ဆံ့တဲ့သူဖြစ်လာနိုင်ပါပြီ။

(၅) လူသစ်တွေနဲ့တွေ့ဆုံပါ။ (Meet with New People)
လူသစ်တွေနဲ့တွေ့ဆုံနိုင်ဖို့ကြိုးစားပါ။အထူးသဖြင့်သင့်ကိုသိပ်သဘောမကျမယ့်သူမျိုးတွေနဲ့တွေ့ကြည့်ပါ။အဲဒါကသင့်ကိုမတူတဲ့တခြားရှုထောင့်တစ်မျိုးကိုသိရှိစေရုံသာမကပါဘူး။တခြားနည်းတွေနဲ့လည်းသင့်အလုပ်တွေကိုပြောင်းလဲလုပ်လာနိုင်ဖို့အခွင့်အရေးဖြစ်စေပါတယ်။ဒီလိုနဲ့သင့်ရဲ့နယ်ပယ်ကိုပိုပြီးချဲ့ထွင်ရာရောက်စေပါတယ်။

(၆) သင်ဟာသင်ပဲဖြစ်ပါစေ။သူများမိတ္တူမဖြစ်ပါစေနဲ့။ (Be Yourself)
သင်ဟာတစ်ခြားသူတစ်ယောက်လိုမျိုးအတုခိုးနေမယ်လိုက်ပြီးပြောနေမယ်လုပ်နေမယ်ဆိုရင်သင့်မှာကိုယ်ပိုင်အတွေးအခေါ်မရှိသလိုပါပဲ။ဒါဟာသိပ်ပြီးဘဝင်ကျစရာမကောင်းပါဘူး။တခြားသူလိုမျိုးမတူတူအောင်လိုက်ပြောတာလိုက်လုပ်တာတွေကသင့်ရဲ့ကိုယ်ပိုင်အရည်အသွေးကိုမှေးမှိန်စေပါတယ်။သင့်ရဲ့ထူးခြားချက်တွေကဘာလဲဆိုတာကိုပြသပါ။လူတိုင်းမှာသူတို့ရဲ့ပင်ကိုယ်အယူအဆတွေနဲ့ကိုယ်ပိုင်အားသာချက်လေးတွေရှိကြတာမို့ပါ။သင့်ကိုယ်ပိုင်အားသာချက်တွေကိုလူသိများလာအောင်လုပ်ပါ။

(၇) ကောင်းတဲ့အမြင်နဲ့ခံယူချက်မျိုးရှိနေပါစေ။
(Have a Positive Outlook and Attitude)
ဘယ်သူကမှအဆိုးမြင်တတ်တဲ့သူမျိုး၊စောဒကအရမ်းတက်တဲ့သူမျိုး၊ဒါမှမဟုတ်ကောင်းတာကိုမပြောတတ်တဲ့သူမျိုးတွေနဲ့အတူရှိမနေချင်ပါဘူး။အဲဒီလူတွေရောက်လာပြီဆိုရင်သူတို့နဲ့ဝေးရာကိုထွက်ပြေးချင်စိတ်တွေဖြစ်တတ်ကြပါတယ်။သင်လည်းအဲလိုအဆိုးမြင်တတ်တဲ့လူမျိုးတွေထဲမပါပါစေနဲ့။နွေးထွေးတဲ့အပြုံး၊ကောင်းမွန်တဲ့အားပေးစကားပြောတာနဲ့သင်နဲ့အတူရှိနေရမှာကိုပျော်အောင် ဖန်တီးပေးတာမျိုးတွေကိုလုပ်ဆောင်ပေးပါ။

(၈) ပျော်ပျော်နေတတ်ပါစေ။ (Be Fun and See the Humorous Side of Life)
လူတွေကသူတို့ကိုပြုံးပျော်အောင်နဲ့ရယ်မောအောင်ထားပေးတဲ့သူတွေနဲ့အတူရှိနေချင်ကြပါတယ်။ဒါကြောင့်ပျော်စရာကောင်းတဲ့အခြေအနေကိုအမြဲရှာဖွေပါ။ဖန်တီးပေးလိုက်ပါ။စိတ်ရှုပ်စရာကောင်းတဲ့အခြေအနေမျိုးတွေမှာသင့်အနေနဲ့ဟာသသဘောမျိုးစိတ်ပေါ့ပေါ့ပါးပါးဖြစ်သွားစေမယ့်စကားမျိုးတွေကိုပြောပေးနိုင်အောင်ကြိုးစားပါ။ဒါမှတခြားသူတွေကိုအလိုအလျောက်ဆွဲဆောင်ရာရောက်ပါတယ်။အခြေအနေတွေလည်းတင်းမာမနေတော့ဘဲအဆင်ပြေလာပါလိမ့်မယ်။သင့်ကိုတော့လူတွေပိုပြီးအသိအမှတ်ပြုလာမှာပါ။

(၉) တခြားသူတွေကိုထောက်ပံ့ပေးပါ။ (Be Supportive of Others)
တခြားသူတွေကိုကူညီထောက်ပံ့တယ်ဆိုရင်သင့်မှာပင်ကိုယ်အကျင့်စရိုက်ကောင်းရှိတယ်လို့လူတွေကချီးကျူးကြမှာပါ။တခြားသူတွေလိုအပ်နေတဲ့အချိန်မှာကိုယ့်ဘက်ကကူညီပေးတာမျိုးကပိုပြီးအသိအမှတ်ပြုခံရပါတယ်။သင်ကကိုယ်ကျင့်တရားကောင်းတဲ့သူဆိုပြီးအသိအမှတ်ပြုကြပါလိမ့်မယ်။စာရေးသူတို့အနေနဲ့ကိုယ်နိမ့်ပါးနေတဲ့အချိန်အခက်အခဲတွေ့နေတဲ့အချိန်မှာကိုယ့်ကိုအားပေးတဲ့၊ယုံကြည်ပြီးကူညီတတ်တဲ့သူတွေကိုချစ်ခင်တတ်ကြတယ်မဟုတ်လား။

(၁၀) ကိုယ်တိုင်လည်းသိက္ခာရှိပါ။တခြားသူတွေကိုလည်းရိုသေတတ်ပါစေ။
(Have Integrity and Treat People with Respect)
ရိုးသားပြီးကိုယ်ပြောတဲ့စကားတည်မယ်ဆိုရင်သင့်ကိုလူတွေကအထင်ကြီးလေးစားကြမှာပါပဲ။တခြားသူတွေကိုလည်းလေးစားပါ၊ကျေးဇူးသိတတ်ပါ။ကိုယ်တိုင်လည်းသိက္ခာရှိပြီးတခြားသူအပေါ်မှာလေးလေးစားစားဆက်ဆံတတ်တယ်ဆိုရင်သင့်ကိုအကျင့်စာရိတ္တကောင်းသူအဖြစ်နဲ့လူတွေကလက်ခံပါတယ်။ဒါကြောင့်သင့်ကိုယ်သင်လည်းလေးစားပါ။တခြားသူတွေကိုလည်းလေးစားပါ။
တကယ်တော့စာရေးသူတို့ရဲ့အကျင့်စရိုက်တွေကောင်းတာနဲ့ဆိုးတာကစာရေးသူတို့ရဲ့ခံယူချက်နဲ့လုပ်ဆောင်ချက်တွေအပေါ်မှာပဲမူတည်နေတာပါ။တစ်ချို့ထင်ကြသလိုအကျင့်စရိုက်ဆိုးဆိုတာကိုအကျင့်ဆိုးဗီဇဆိုးအဖြစ်နဲ့မြင်ပြီးပြင်လို့မရတော့တဲ့အရာလို့တော့မထင်စေချင်တော့ပါဘူး။ဆန္ဒရှိရင်နည်းလမ်းဆိုတာရှိတတ်စမြဲပါ။သင်လိုချင်တဲ့ဘဝကိုသင်ကိုယ်တိုင်ပြုပြင်ထိန်းကျောင်းနိုင်ပါတယ်။မွေးမြူပါ။လေ့ကျင့်ပါ။အသိပညာကြွယ်ဝအောင်လုပ်ပါ။စာဖတ်ပါ။လူတွေကိုအထင်မသေးပါနဲ့။ကိုယ့်ကိုယ်ကိုလည်းအထင်မသေးပါနဲ့။ဒီလိုသာဆိုရင်တော့သင်ကပိုပြီးလူဝင်ဆံ့လာပါတော့မယ်။လူတွေရဲ့ချစ်ခင်လေးစားတာနဲ့အသိအမှတ်ပြုတာတွေကိုလည်းပိုပြီးရရှိလာပါတော့မယ်။။

စာညွှန်း -- https://www.essentiallifeskills.net/improveyourpersonality.html

နန်းကူးကူးလှိုင်
M.A (English, YUFL)

Download as PDF

Previous Next