14 Nov, 2017
ဝန်ထမ်းတွေကို အလုပ်ခွင်ပျော်ရွှင်ကျေနပ်မှုရစေဖို့ နည်းလမ်းများ

 

ဝန်ထမ်းတွေကို အလုပ်ခွင်မှာ ပျော်ရွှင်ကျေနပ်မှုရစေဖို့အတွက်အ ရေးအကြီးဆုံးဟာ သူတို့ကိုစိတ်ရင်းစေတနာနဲ့ ဂရုစိုက်စောင့်ရှောက်ခြင်း ပဲဖြစ်ပါတယ်။ Employee Engagement နဲ့ပတ်သက်လို့ ကုမ္ပဏီတွေ ဟာ ဝန်ထမ်းတွေရဲ့ Engagement တွေတိုးတက်လာစေဖို့ရည်ရွယ်ပြီး နှစ်ပေါင်းများစွာ စစ်တမ်းတွေ၊ လေ့လာမှုတွေကို ပြုလုပ်ခဲ့ကြပေမယ့် ဘာမှ ထူးထူးခြားခြားပြောင်းလဲသွားတာမရှိလှပါဘူး။ ဘာကြောင့်ပါလိမ့်။
အလုပ်ခွင်ကျေနပ်မှုရရှိခြင်းနဲ့ပတ်သက်ပြီး ဆောင်းပါးပေါင်းရာ၊ ထောင် ပေါင်းများစွာရေးသားခဲ့ကြပေမယ့်လည်း ဝန်ထမ်းတွေပိုပျော်လာကြသလား ဆိုရင် အဖြေကတော့ မဟုတ်ဘူးလို့ပဲ ပြောရပါလိမ့်မယ်။ Gallup က ပြုလုပ်ခဲ့တဲ့ စစ်တမ်းများအရ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဝန်ထမ်းအားလုံးရဲ့ ၁၃ရာခိုင်နှုန်းကသာပဲ Engage ဖြစ်တယ်လို့ဆိုပါတယ်။ အပြောလွယ် သလောက်အလုပ်ခက်တယ်ဆိုရမှာပါ။ သို့သော်လည်း တကယ်တမ်းဝန်ထမ်း တွေရဲ့ Engagement ရစေဖို့အတွက် ဆောင်ရွက်ရမယ့်အရာတွေက အင်မတန်လွယ်ကူရိုးရှင်းပြီး အကုန်အကျလည်း မများလှပါဘူး။
ယုံကြည်မှုအားလုံးရဲ့အဓိကအကျဆုံးအချက်ကတော့ ယုံကြည်မှုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျန်တဲ့အချက်အားလုံးက ယုံကြည်မှုကိုအခြေခံနေလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်မယုံကြည်သူတစ်ယောက်ကို လုပ်ပိုင် ခွင့်တွေ၊ ပြုပြင်ပြောင်းလဲနိုင်ခွင့်တွေ၊ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်တွေ ပေးဖို့ဆို တာမဖြစ်နိုင်ပါဘူး။
လုပ်ငန်းခွင်ပျော်ရွှင်ကျေနပ်မှုရစေဖို့
ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပထမဦးဆုံးလုပ်ဆောင်သင့်တာက မိမိရဲ့ Emotional Intelligence ပိုကောင်းလာစေဖို့ပဲဖြစ်ပါတယ်။ ဒါဆို ရင် ကျွန်တော်တို့ဟာ ပိုပြီးကြင်နာသနားတတ်လာ၊ နားလည်ပေးတတ်လား၊ တန်ဖိုးထားတတ်လာမှာပဲဖြစ်ပါတယ်။ ဒီတော့ အောက်မှာဖော်ပြထားတဲ့ အချက်တွေကို ကြိုးစားကြည့်ပါလို့တိုက်တွန်းလိုပါတယ်။ အဲဒါတွေကတော့ 
(၁) မိမိရဲ့မျှော်လင့်ချက်ဟာလက်တွေ့ကျပါစေ
ဝန်ထမ်းတွေအများစုမှာခံစားကြရတဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်မှုအများစုဟာ အဖွဲ့အစည်းဘက်က ပေးအပ်တဲ့ တာဝန်တွေနဲ့ မျှော်လင့်ချက်တွေက သိပ်ပြီးလက်တွေ့မဆန်လွန်းတာ ကြောင့်ပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့လက်ရှိအရည်အချင်းနဲ့ မကိုက်ညီတဲ့ ဒါမှမဟုတ် အဆမတန်များပြားတဲ့လုပ်ငန်းတာဝန်ပေးအပ်တာမျိုးကြောင့် ဝန်ထမ်းတွေစိတ်ပျက်လက်ပျက်ဖြစ်တတ်ကြပါတယ်။ ဦးဆောင်သူတစ် ယောက်အနေနဲ့ ဝန်ထမ်းတွေအလုပ်လုပ်တဲ့အခါ လိုအပ်တာထက်ပိုလုပ်နေရတာမျိုးမဖြစ်အောင် သတိထားဖို့လိုအပ်ပါတယ်။ 
(၂) ကောင်းမွန်သောဆောင်ရွက်ချက်များအား အသိအမှတ်ပြုခြင်း
ဝန်ထမ်းတွေရဲ့ စိတ်ချမ်းမြေ့ပျော်ရွှင်စေမှုအတွက် ကောင်းမွန်သော ဆောင်ရွက်ချက်များအား အသိအမှတ်ပြုခြင်းဟာ အင်မတန်အရေးကြီးပါ တယ်။ ဝန်ထမ်းအများစုရဲ့စိတ်ထဲမှာ သူတို့ဘယ်လောက်ပဲကောင်းအောင်လုပ်လုပ် ချီးကျူးမခံရဖူးလို့ဘဲ သိထားကြရင် ဘယ်ပျော်ရွှင်နိုင်ပါတော့မလဲ။
(၃) ရေရှည်ကို မျှော်ကြည့်ပါ
ရေတိုအောင်မြင်မှုတွေ ရယူနိုင်ဖို့ဆိုတာအရေးကြီးတာပေါ့။ ဒါပေမဲ့ လုံလောက်သလားဆိုရင် မလုံလောက်ပါဘူး။ ဝန်ထမ်းတွေ စိတ်အားထက် သန်မှုရရှိဖို့အတွက် သူတို့မှာလည်း ရေရှည်မျှော်မှန်းချက်တွေ လိုအပ်ပါ တယ်။ အဲဒီတော့မှပဲ သူတို့လည်း ဘာတွေဆက်လုပ်ရမယ်၊ အဓိကတန် ဖိုးထားလုပ်ဆောင်ရမယ့်အရာတွေက ဘာတွေလဲဆိုတာသေချာသိရှိပြီး စိတ်ပါဝင်စားမှုရလာမှာပါ။ ကိုယ်တိုင်တောင် ဘာဖြစ်ချင်မှန်းမသိ၊ ဘာဆက် လုပ်ရမယ်မှန်းမသိတဲ့ မန်နေဂျာတစ်ယောက်ရဲ့လက်အောက်မှာ တာဝန် ထမ်းဆောင်ချင်သူဘယ်နှစ်ယောက်ရှိနိုင်ပါ့မလဲ။
(၄) သာမန်ထိတွေ့ဆက်ဆံသင့်တာထက် ပိုပြီးထိတွေ့ဆက်ဆံပေးပါ
သတိပြုရမှာတစ်ခုရှိပါတယ်။ ဝန်ထမ်းတွေနဲ့ထိတွေ့ဆက်ဆံတယ်ဆိုတာ၊ ပိုတယ်မရှိပါဘူး။ သူတို့တွေနဲ့ ထိတွေ့ဆက်ဆံမှုပြတ်တောက်နေရင်သာ ဆိုးကျိုးတွေရလာနိုင်တာဖြစ်ပါတယ်။ ဆိုတော့ လက်ရှိလုပ်နေကျထက်၊ လုပ်သင့်တယ်လို့ထင်တာထက်ပိုပြီး ဝန်ထမ်းတွေနဲ့ ထိတွေ့ဆက်ဆံလိုက်ပါ။ 
(၅) ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးကိုဂရုစိုက်ပါ
ဦးဆောင်သူတစ်ယောက်အနေနဲ့ ဝန်ထမ်းတွေရဲ့သက်သာချောင်ချိရေး ကို ဘယ်လောက်တောင်မှဂရုစိုက်တယ်ဆိုတာဟာ သူတို့ရဲ့အလုပ်ခွင်စိတ် ကျေနပ်မှုကို ပိုမိုကောင်းမွန်စေဖို့မရှိမဖြစ်လိုအပ်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ဂရုစိုက်ရမယ်လို့ပြောတဲ့အခါ ၂ ပိုင်းရှိပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာပေါ့။ အများအားဖြင့် စိတ်ပိုင်းဆိုင်ရာကို ဂရုစိုက်ဖို့ မေ့နေ တတ်ကြပါတယ်။ သူတို့ကိုလိုအပ်တာထက် စိတ်ဖိစီးမှုတွေ ပိုမရစေအောင် ဂရုစိုက်ရပါလိမ့်မယ်။ 
(၆) သင်ယူနိုင်ဖို့ အခွင့်အလမ်းတွေဖန်တီးပေးပါ
ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုတွေတိုးတက်နိုင်စွမ်းက အင်မတန်အရေး ကြီးပါတယ်။ သင်ယူလေ့လာနိုင်ဖို့ အခွင့်အလမ်းတွေကို မဖန်တီးပေးနိုင်လို့ ဝန်ထမ်းတွေရဲ့သင်ယူလေ့လာမှုရပ်သွားပြီဆိုရင် စိတ်ပျက်လာပြီး တခြား နေရာတစ်ခုကို ရှာဖွေလာပါလိမ့်မယ်။ ဒါကြောင့် သူတို့ကျွမ်းကျင်မှုတွေ တိုးတက်လာစေဖို့ သင်ယူစရာအခွင့်အလမ်းတွေ ဖန်တီးပေးရမှာဖြစ်ပါတယ်။ 
(၇) Feedback မကြာခဏပြန်ပေးတတ်ပါစေ
လက်တွေ့မှာတော့ Feedback ပြန်ပေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ တစ်ခုတော့မဟုတ်ပါဘူး။ မန်နေဂျာအများစုကလည်း ဝန်ထမ်းကို Feedback ပြန်ပေးရမှာ ကြောက်တတ်ကြပါတယ်။ ဒါပေမဲ့ Feedback ပြန်ပေးမယ့်လူတစ်ယောက်ရှိနေတာဟာ ဝန်ထမ်းတွေအတွက် အကျိုးများလှ ပါတယ်။ Feedback သာပြန်မရဘူးဆိုရင် သူတို့ရဲ့အားသာချက်၊ အား နည်းချက်တွေကိုမသိနိုင်တော့တဲ့အတွက် ပိုမိုတိုးတက်လာနိုင်စွမ်းတွေ လျော့ကျသွားမှာအမှန်ဖြစ်ပါတယ်။ Feedback ပေးတဲ့အခါ လိမ္မာပါး နပ်ဖို့တော့လိုမှာပေါ့။ ကြာလာရင်တော့ Feedbck ပြန်ရတဲ့အကျိုးကျေးဇူးကို ဝန်ထမ်းတွေကိုယ်တိုင်သိရှိခံစားလာရမှာဖြစ်ပါတယ်။ 
(၈) ဝန်ထမ်းများရဲ့ စိတ်ကျေနပ်မှုကို မကြာခဏပြန်ဆန်းစစ်ပါ
ဝန်ထမ်းတွေစိတ်ကျေနပ်မှုရှိရဲ့လား၊ လုပ်ငန်းခွင်ပျော်ရွှင်မှုရှိရဲ့လားဆိုတာကို ဦးဆောင်သူက အမြဲအကဲခတ်နေသင့်ပါတယ်။ အဲဒီလိုမျိုးဂရုတ စိုက်ရှိတယ်ဆိုတာနဲ့တင် ဝန်ထမ်းတွေဘက်က သဘောကျနေပါပြီ။ 
(၉) ရပိုင်ခွင့်တွေ၊ ခံစားခွင့်တွေအပေါ်မှာပဲ အာရုံမစိုက်ပါနဲ့
အများစုကထင်ကြတာက ဝန်ထမ်းတွေကို ရပိုင်ခွင့်တွေ၊ ခံစားခွင့်တွေ စီစဉ်ပေးမှ စိတ်ကျေနပ်မှုရမယ်လို့ပေါ့။ ဒါပေမဲ့ ငွေကြေးနဲ့ခံစားခွင့်တွေဟာ အသုံးမကျတဲ့ ဘော့စ်၊ မန်နေဂျာတွေကို အစားမထိုးနိုင်သလိုဘဲ အလုပ်ပို လုပ်ချင်စိတ်ပိုဖြစ်ထွန်းလာစေမယ်လို့အာမမခံနိုင်ပါဘူး။ ငွေကြေးနဲ့ ခံစား ခွင့်တွေဟာ ရရှိချိန်မှာ ဝန်ထမ်းတွေကို ပျော်ရွှင်စေနိုင်ပေမယ့် အဲဒီအပျော် ဟာ ဘယ်လောက်ခံမယ်ဆိုတာ ဘယ်သူကမှအာမမခံနိုင်ပါဘူး။
(၁၀) လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်ပါ
ဝန်ထမ်းအချင်းချင်းခင်မင်ရင်းနှီးပါလို့ တဖွဖွပြောရုံနဲ့အလုပ်မဖြစ်ပါ ဘူး။ ဒါပေမဲ့ အဲဒီလိုရင်းနှီးမှုရလာစေဖို့အတွက် လိုအပ်တဲ့ကောင်းမွန်တဲ့ ဝန်းကျင်တစ်ခုကိုတော့ ဦးဆောင်သူဟာ တည်ဆောက်ပေးနိုင်ဖို့လိုအပ် ပါတယ်။ ဥပမာအားဖြင့် နေ့လည်စာအတူတူစားတာမျိုး၊ Group Project လုပ်ခိုင်းတာမျိုး၊ Happy Hour လိုဟာမျိုးတွေ ဖန်တီးပေးခြင်းအားဖြင့် ဝန်ထမ်းအချင်းချင်းကြားထဲမှာ ပိုမိုရင်းနှီးမှုရလာစေနိုင်ပါတယ်။ 
(၁၁) ရှင်းလင်းပြတ်သားတဲ့ အလုပ်အကိုင်တိုးတက်လမ်းတွေဖန်တီးပြသပေးပါ
အလုပ်အပေါ်စိတ်ကျေနပ်မှုရရှိစေဖို့ နောက်ထပ်နည်းလမ်းတစ်ခုက တော့ သူတို့ရဲ့အနာဂတ်မှာ ဘယ်လိုအခွင့်အလမ်းတွေ စောင့်ကြိုနေသလဲ ဆိုတာ သေချာပြသနိုင်ဖို့ပဲဖြစ်ပါတယ်။ အလုပ်တစ်ခုကို ဝင်လာပြီး ကြိုးစား ရဲ့သားနဲ့၊ အရည်အချင်းတွေတိုးတက်လာရဲ့သားနဲ့ ဒီရာထူးကမတက်ဖူးဆို ရင် လုပ်ငန်းခွင်ပျော်ရွှင်မှုဆိုတာဝေးပြီပေါ့။ အဲအတွက် ဦးဆောင်သူဟာ Coaching, Mentoring တွေလည်း လုပ်ပေးရမှာပေါ့။ ဝန်ထမ်းတွေရဲ့ ဘ၀တိုးတက်ဖို့ကို ဦးဆောင်သူက လမ်းပြပေးနေတယ်ဆိုရင် သူတို့ဘယ် လောက်တောင်ပျော်ရွှင်ကျေနပ်လိမ့်မလဲ။ စဉ်းစားကြည့်လို့ရပါတယ်။ 
(၁၂) လုပ်ပိုင်ခွင့်ပေးပါ
အလုပ်မှာ အောင်မြင်ပျော်ရွှင်စေဖို့အတွက် ဝန်ထမ်းတွေဟာ သူတို့ မှာလုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ အင်မတန်အရေးကြီးပါတယ်။ အလုပ်ကို ခိုင်း လို့သာလုပ်နေရတာ၊ တခြားဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုရင် လုပ်ရတဲ့ အလုပ်အပေါ် ဘယ်လိုလုပ်ပြီးဂုဏ်ယူနိုင်မှာပါလဲ။ ဘာလုပ်သင့်သလဲ၊ ဘယ်တော့လုပ်ရမလဲဆိုတာ သူတို့ဘာသာသူတို့ဆုံးဖြတ်ပြီး ဦးဆောင်သူ က နည်းပေးလမ်းပြအနေအထားမှာပဲရှိနေသင့်တာပါ။ ဒါဆိုရင်တော့ အလုပ် ခွင်အောင်မြင်ပျော်ရွှင်မှုတွေ ရနိုင်မှာဖြစ်ပါတယ်။

Download as PDF

Previous Next