14 Mar, 2018
လုပ်သက်ခွင့်နှင့် စပ်လျဉ်း၍

HR သမားတစ်ဦးအနေဖြင့် ခွင့်ကိစ္စများကို ကိုင်တွယ်စီမံရသည်မှာ နိစ္စဓူဝတာဝန်တစ်ရပ်ဖြစ်ပြီး ထိုကဲ့သို့ဆောင်ရွက်ရသော ခွင့်ကိစ္စများအနက် Earned Leave ခေါ် လုပ်သက်ခွင့်ဆိုင်ရာ ကိစ္စများသည် ရှုပ်ထွေးပွေလီပြီး စီမံခန့်ခွဲသူများ (သို့မဟုတ်) လုပ်ငန်းရှင်များနှင့် အလုပ်သမားများ (သို့မ ဟုတ်) ဝန်ထမ်းများကြားတွင် ဖြေရှင်းပြောဆိုရမှုအများဆုံးကိစ္စတစ်ရပ် ဖြစ်ပါတယ်။ အခြားသောခွင့်များကဲ့သို့ ပြက္လိန်နှစ်ဖြင့် မူတည်တွက်ချက်ခြင်း မပြုဘဲ လုပ်သက်နှစ်ဖြင့် မူတည်တွက်ချက်နေရခြင်းနှင့် ထမ်းဆောင်နေစဉ် ကာလအတွက် ခံစားခွင့်မရဘဲ အလုပ်ထမ်းဆောင်ပြီးသည့်ကာလအတွက် သာ ခံစားခွင့်ရခြင်းတို့က ရှုပ်ထွေးပြီး အခြားခွင့်များနှင့်မတူ တမူထူးခြားသော ပုံစံဖြစ်ပါတယ်။ လုပ်သက်ခွင့် (Earned Leave) နှင့် နှစ်ပတ်လည်ခွင့် (Annual Leave) ကို ရောထွေးမှားယွင်းနေမှုကလည်း HR တာဝန် ထမ်းဆောင်သူများအတွက် ဒုက္ခတစ်ပါးဖြစ်ပါတယ်။ (အဆိုပါ Earned Leave နှင့် Annual Leave ၏ ကွဲပြားခြားနားမှုကို ကျွန်တော် ဆောင်းပါးတစ်ပ္လ်ုရေးသားခဲ့ဖူးပါတယ်။) ထိုသို့ဖြစ်ပွားရခြင်းမှာ ဥပဒေများပါ အချက်အလက်၊ အကြောင်းအရာများ မပြည့်စုံခြင်းက ပြဿနာ၏ အဓိက အရင်းအမြစ်သာဖြစ်တယ်လို့ ကျွန်တော်က ယူဆပါတယ်။ ထို့ကြောင့် ပြဿနာ၏ အရင်းအမြစ်ဖြစ်သော ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေပါ လုပ်သက်ခွင့် (Earned Leave) ဆိုင်ရာပုဒ်မများကို သေချာစွာ လေ့လာရန်လိုအပ်ပါတယ်။ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေတွင် ယခုကဲ့သို့ဖော်ပြထားပါတယ်။
၎။ (၁) အလုပ်ရှင်သည် မိမိ၏အလုပ်ကို တစ်ဆက်တည်း ဆယ့်နှစ်လပြည့် အောင် လုပ်ခဲ့သည့် အလုပ်သမားအသီးသီးအား နောက်လာမည့် ဆယ့်နှစ် လအတွင်းတွင် -
(က) အသက်ဆယ့်ငါးနှစ်ပြည့်ပြီးသည့် အလုပ်သမားဖြစ်လျှင်
သက်ဆိုင်ရာရာပျမ်းမျှ အခကြေးငွေနှင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေနှင့် 
ဖြစ်စေ လုပ်သက်ခွင့်ရက်ကို ဆယ်ရက်တစ်ဆက်တည်းခွင့်ပြုရ 
မည်။ ထို့ပြင်
(ခ) အသက်ဆယ့်ငါးနှစ်မပြည့်သေးသော အလုပ်သမားဖြစ်လျှင်
သက်ဆိုင်ရာရာပျမ်းမျှ အခကြေးငွေနှင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေ 
နှင့်ဖြစ်စေ လုပ်သက်ခွင့်ရက်ကို ဆယ်ရက်တစ်ဆက်တည်း ခွင့်ပြု 
ရမည်။
(၂) အလုပ်သမားသည်တစ်လလျှင်အနည်းဆုံး နှစ်ဆယ်ရက် အလုပ်လုပ်ခဲ့ သူလည်းဖြစ်၍ အလုပ်ကိုတစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင်လုပ်ပြီး သည်လည်းဖြစ်လျှင် လုပ်သက်ခွင့်ကိုခွင့်ပြုရမည်။ သို့ရာတွင် အလုပ်သမား သည် နှစ်ဆယ်ရက်ပြည့်အောင် မလုပ်ခဲ့သော လတိုင်းအတွက် မိမိလုပ် သက်ခွင့်မှတစ်ရက်ကျစီ အဖြတ်ခံရမည်။ 
ရှင်းလင်းချက်။ ။အလုပ်သမားသည် ဆယ့်နှစ်လအတွင်း မကျန်းမာ သောကြောင့်ဖြစ်စေ မတော်တဆထိခိုက်မှုကြောင့်ဖြစ်စေ ဤအက်ဥပဒေအရ ခွင့်ပြုသောအခြားပျက်ကွက်မှုကြောင့်ဖြစ်စေ (ထိုပျက်ကွက်မှုသုံးမျိုးပေါင်းသည် ရက်ကိုးဆယ် ထက်မကျော်လွန်စေဘဲ) အလုပ်ပျက်ကွက်စေကာမူ သို့တည်းမဟုတ် အလုပ်ရှင်ကအလုပ်ပိတ်ထားခြင်းကြောင့်ဖြစ်စေ ဥပဒေ နှင့်မညီသည်လည်းမဟုတ်သော သပိတ်မှောက်ခြင်းကြောင့်ဖြစ်စေ မိမိအလို အတိုင်းမဟုတ်ဘဲ၊ ရံဖန်ရံခါ အလုပ်မရှိခြင်းကြောင့်ဖြစ်စေ၊ (ထိုပျက်ကွက်မှု သုံးမျိုး စုစုပေါင်းသည် ရက်သုံးဆယ်ထက်မကျော်လွန်စေဘဲ) ပျက်ကွက်စေ ကာမူ ထိုအလုပ်သမားသည် မိမိအလုပ်ကိုတစ်ဆက်တည်း ဆယ့်နှစ်လပြည့် အောင် လုပ်ခဲ့သူဟုမှတ်ယူရမည်။
(၃) အလုပ်ရှင်သည် မိမိအလုပ်သမားအားလုပ်သက်ခွင့်ရယူနိုင်စေရန် ထို သူ၏လုပ်သက်ခွင့်နှင့်သက်ဆိုင်သည့် တစ်ဆယ့်နှစ်လဖြစ်သော ကာလ အပိုင်းအခြား၏နောက်ဆုံးနေ့မှစ၍ သုံးလအတွင်းအချိန်ကိုသတ်မှတ်ပေးရမည်။ သို့ရာတွင် သက်ဆိုင်ရာအလုပ်သမားနှင့် အလုပ်ရှင်အချင်းချင်းသ ဘောတူညီလျှင် သုံးနှစ်ထက်မပိုသော ကာလအပိုင်းအခြားအတွက် လုပ် သက်ခွင့်ရက်ကို စုပေါင်း၍ မည်သည့်အချိန်တွင်မဆိုပေးနိုင်သည်။
(၄) လုပ်သက်ခွင့်ရက်ရသည့်အလုပ်သမားအား ခွင့်ပြုသည့်လုပ်သက်ခွင့်ရက် ကာလအပိုင်းအခြားအတွက် သက်ဆိုင်ရာအခကြေးငွေကိုဖြစ်စေ၊ လစာငွေ ကိုဖြစ်စေ လုပ်သက်ခွင့်ရက်ကာလမစမီထုတ်ပေးရမည်။ အဆိုပါအခကြေး ငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ ထုတ်ပေးမြဲအရပ်၌ အလုပ်သမားအား သော်လည်းကောင်း၊ အလုပ်သမားကလွှဲအပ်ထားသည့် ကိုယ်စားလှယ်အား သော်လည်းကောင်း ထုတ်ပေးရမည်။
(၅) လုပ်သက်ခွင့်ရက်ရထိုက်သည့် အလုပ်သမားတိုင်းသည် မိမိရထိုက်သည့် သို့တည်းမဟုတ် စုထားသည့် ခွင့်ရက်များကို မယူသေးမီ အလုပ်မှနှုတ်ထွက် လျှင် သို့တည်းမဟုတ် အလုပ်ရှင်၏အလုပ်မှထုတ်ပစ်ခြင်းခံရလျှင် သို့တည်း မဟုတ် သေဆုံးလျှင် ထိုအလုပ်သမားအားဖြစ်စေ၊ ထိုအလုပ်သမား၏ တ ရားဝင်ကိုယ်စားလှယ်အားဖြစ်စေလုပ်သက်ခွင့်ရက်အစား ထိုအလုပ်သမား အလုပ်မှ မနှုတ်ထွက်မီ သို့တည်းမဟုတ် ထုတ်ပစ်ခြင်းမခံရမီ သို့တည်း မဟုတ် မသေဆုံးမီတစ်ဆက်တည်းဖြစ်သော လွန်ခဲ့သည့်ရက်ပေါင်း သုံး ဆယ်အတွင်း လုပ်ခဲ့သည့်ရက်များအတွက် သက်ဆိုင်ရာအခကြေးငွေကိုဖြစ် စေ၊ လစာငွေကိုဖြစ်စေ၊ အခကြေးငွေ၏ သို့တည်းမဟုတ် လစာငွေ၏ပျမ်းမျှ နေ့စဉ်နှုန်းထားနှင့်ညီမျှသည့် နှုန်းအတိုင်းတွက်စစ်၍ အလုပ်ရှင်ကပေးရသည်။ (အလုပ်မှနှုတ်ထွက်သည့် သို့တည်းမဟုတ် အလုပ်မှထုတ်ပစ်ခြင်းခံရသည့် အလုပ်သမားဖြစ်လျှင် ထိုသို့ပေးရမည့်ငွေကို နှုတ်ထွက်သည့် သို့တည်းမ ဟုတ် အလုပ်မှထုတ်ပစ်ခြင်းခံရသည့်နေ့မှ အလုပ်ဖွင့်သည့်
ဒုတိယနေ့မ ကုန်ဆုံးမီ ထုတ်ပေးရမည်။ သေဆုံးသည့်အလုပ်သမားဖြစ်လျှင် ထိုသို့) ပေးရမည့်ငွေကိုတောင်းဆိုပြီးနောက် ဆောလျင်နိုင်သမျှ ဆောလျင်စွာ ထုတ်ပေးရမည်။ . . . ဟု ရေးသားထားပါတယ်။ 
ထိုဥပဒေပါစာသားများသည် ပြတ်သားရှင်းလင်းမှုမရှိဘဲ ရောထွေးနေ သဖြင့် အမှန်တကယ် လုပ်ငန်းဆောင်ရွက်ရသောအခါတွင် ဝိဝါဒကွဲဖွယ်ရာ ကိစ္စများဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါတယ်။ ၁၉၅၁ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေပုဒ်မ(၄)အပိုဒ်(၂)ပါ စာသားဖြစ်သည့် "အလုပ် သမားသည် နှစ်ဆယ်ရက်ပြည့်အောင် မလုပ်ခဲ့သောလတိုင်းအတွက် မိမိ လုပ်သက်ခွင့်မှတစ်ရက်ကျစီ အဖြတ်ခံရမည်။" ဟူသောစာသားကြောင့် လုပ်သက်ခွင့်ကို အလုပ်လုပ်ရက် (၂၀)မပြည့်သော ဖေဖော်ဝါရီနှင့် ဧပြီလ အတွက် ဖြတ်တောက်ခံရမည်ဟူသော အချို့သောယူဆမှုအလွဲများကိုလည်း HR လောကတွင် တွေ့ကြုံနေရပါတယ်။ ထိုကိစ္စအတွက် အငြင်းပွားမှုများ လည်းရှိနေသည့်အတွက် ပိုမိုပြည့်စုံစွာသိရှိရလိမ့်နိုးမျှော်လင့်ချက်ဖြင့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေကိုသာမက ထိုဥပa’၏ မူရင်း ဥပဒေဖြစ်သော 1951 Leave and HolidayAct ၏ မူရင်းစာသားများကို လည်းကောင်း၊ ယခုဥပဒေကို ခေတ်အဆက်ဆက်ပြင်ဆင်လာခဲ့မှုအခြေ အနေကိုလည်းကောင်း ပြန်ပြောင်း၍ လေ့လာကြည့်ခဲ့ပါတယ်။ မူရင်းဥပဒေ ဖြစ်သော 1951 Leave and Holiday Act တွင် -
4.(2) Earned leave shall be granted after completion of a period of 12 months continuous serviced during which an enployee has worked at least 24 days in every months: Peovided that an employess shall forfeit one day from his earned leave for every month in which he has not worked 24 days. ဟု ရေးသားထားပါတယ်။
ထိုသို့ရေးသားထားခြင်းကို သုံးသပ်ကြည့်ပါက ယခင်ဥပဒေတွင် တစ်လလျှင် အလုပ်လုပ်ရက် (၂၄)ရက် မပြည့်သောသူများအား လုပ်သက် ခွင့်မပေးရဟုသတ်မှတ်ထားသည်ကိုတွေ့ရှိရပါတယ်။ ထိုဥပဒေကို အင်္ဂလိပ် လိုမှ မြန်မာလိုသို့ ပြန်ဆိုပြီး စတင်အသုံးပြုစဉ်က တစ်လလျှင် အလုပ်လုပ် ရက် (၂၄)ရက်မပြည့်လျှင် လုပ်သက်ခွင့်မပေးရန်ဟု သတ်မှတ်သုံးစွဲခဲ့ပြီး၊ ထို့နောက်တွင်မှ အဆက်ဆက်က ဆက်လက်ပြင်ဆင်လာခဲ့ရာ လုပ်သက် ခွင့်ပေးရန်အတွက် တစ်လလျှင်ရှိရမည့်အနည်းဆုံးအလုပ်လုပ်ရက်မှာ (၂၀) ရက်အထိ ပြောင်းလဲလာရခြင်းဖြစ်ပါတယ်။ ထိုဥပဒေပြဋ္ဌာန်းစဉ်က မူရင်း ဥပဒေပါ တစ်လအတွက် အနည်းဆုံးအလုပ်လုပ်ရက်သတ်မှတ်ချက်ကို အမှန်တကယ် အလုပ်တက်ရက်တစ်ခုတည်းဖြင့်သာ မူတည်တွက်ချက်ပါ လျှင် လတော်တော်များများအတွက် လုပ်သက်ခွင့်ကို ရရှိနိုင်တော့မည် မဟုတ်ပါ။ ထို့ကြောင့် ဥပဒေပါ အလုပ်လုပ်ရက်ဟူသော စကားရပ်တွင် အများပြည်သူရုံးပိတ်ရက်များကိုလည်း အလုပ်လုပ်ရက်ကဲ့သို့ ထည့်သွင်းရေ တွက်ရမည်ဟု ကောက်ယူနိုင်ပါသည်။ ထိုသို့ကောက်ယူမှုနှင့် စပ်လျဉ်း၍ အခြားမှီငြမ်းကိုးကားဖွယ်ရာများကို ဆက်လက်လေ့လာခဲ့ရာ ၂၀၁၂ ခုနှစ် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ အခန်း(၈) ပုဒ်မ(၈၇)တွင် "နိုင်ငံ့ဝန်ထမ်း များသည် အချိန်ပြည့်တာဝန်ထမ်းဆောင်ရက် (၁၁)ရက်ရှိတိုင်း လုပ်သက် ခွင့်(၁)ရက် စုဆောင်းခွင့်ရပြီး ရုံးပိတ်ရက်များရှိလျှင်လည်း တစ်ဆက်တည်း ထည့်သွင်းတွက်ချက်သည်" ဟု ရေးသားထားသည့်အတွက် ရုံးပိတ်ရက်များ သည်လည်း အလုပ်နေရာတွင် လာရောက်မလုပ်ရသော်လည်း၊ လုပ်ငန်းကိစ္စ များတွင် တာဝန်ရှိနေခြင်းကြောင့် အများပြည်သူအလုပ်ပိတ်ရက်များကို လည်း အလုပ်မတက်ရသော်လည်း အလုပ်လုပ်ရက်ရက်ကဲ့သို့ ထည့်သွင်း တွက်ချက်ရေတွက်ရမည်ဟူသော ကောက်ယူချက်သည်ပိုမိုခိုင်မာလာပါ တယ်။
လုပ်သက်ခွင့်နှင့် စပ်လျဉ်း၍ အခြားသောနည်းလမ်းဖြင့်ကောက်ယူမှု တစ်ခုလည်း ရှိကြပါသေးတယ်။ ပြက္ခဒိန်နှစ် (၁)နှစ်တွင် (၁၂)လရှိသည် မှာ လူတိုင်းသိပြီးဖြစ်သကဲ့သို့ ထို(၁၂)လအနက် ဖေဖော်ဝါရီလတိုင်းသည် (ရက်ထပ်နှစ်မှလွဲ၍) စုစုပေါင်း (၂၈)ရက်သာရှိကြောင်းလည်း သိကြပြီးဖြစ် ပါတယ်။ ဖေဖော်ဝါရီလတွင် (တစ်ပတ်လျှင် နှစ်ရက်ရုံးပိတ်သော အလုပ် ဌာနများတွင်) စနေ၊ တနင်္ဂနွေရုံးပိတ်ရက် (၈)ရက်နှင့် ဖေဖော်ဝါရီလ (၁၂)ရက် ပြည်ထောင်စုနေ့ ရုံးပိတ်ရက်ကို နှုတ်လျှင် စုစုပေါင်း အလုပ်လုပ် ရက် (၂၀)ရက်မပြည့်ပါ။ ထို့အတူ ဧပြီလသည်လည်း စုစုပေါင်း(၃၀)ရက်ရှိပါ သည်။ ဧပြီလတွင် (တစ်ပတ်လျှင် နှစ်ရက်ရုံးပိတ်သော အလုပ်ဌာနများတွင်) စနေ၊ တနင်္ဂနွေရုံးပိတ်ရက် စုစုပေါင်း (၈) ရက်နှင့် သင်္ကြန်ကာလပိတ်ရက် (၆)ရက်ကိုပေါင်းလျှင် စုစုပေါင်းရုံးပိတ်ရက် (၁၄)ရက် ရှိပြီး ထိုလအတွက် အလုပ်လုပ်ရက် (၂၀)ရက်မပြည့်ပါ။ ထိုဖေဖော်ဝါရီလနှင့် ဧပြီလတိုင်းသည် အလုပ်လုပ်ရက် (၂၀)ရက်မပြည့်သည်ကို ဥပဒေပြုသူ၊ ပြင်ဆင် ရေးသားသူ တို့သိပြီးဖြစ်ပါတယ်။ ထို့ကြောင့် တစ်ဆက်တည်းဆယ့်နှစ်လပြည့်အောင် လုပ်ခဲ့သည့်အလုပ်သမားကို လုပ်သက်ခွင့် (၁၀)ရက် ခွင့်ပြုပေးရာတွင် အဆိုပါ (၂)လအတွက်ကို တစ်ပါတည်း ထည့်သွင်းစဉ်းစားပြီး အကျုံးဝင် စေရန် စီစဉ်ခဲ့ပြီးဖြစ်သည်ဟု ကောက်ယူနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ထို (၂)လကို ထည့်သွင်းမစဉ်းစားခဲ့ပါလျှင် လုပ်သက်ခွင့်(၁၀)ရက်ထဲမှ ထို (၂)လစာအတွက် နှစ်စဉ်(၂)ရက်စီဖြတ်တောက်ခံရပြီး နှစ်တိုင်းလုပ် သက်ခွင့် (၈)ရက်သာ ခံစားခွင့်ရှိနေမည်ဖြစ်ပါတယ်။ အခြားသောနည်း လမ်းတစ်ခုမှ တွေးတောကြည့်ပါက ဖြစ်နိုင်ချေသည် တာဝန်ထမ်းဆောင်ခဲ့ သော (၁၂)လအတွက် တစ်လလျှင် လုပ်သက်ခွင့်(၁)ရက်နှုန်းဖြင့် ပြန် လည်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုတစ်လလျှင် တစ်ရက်နှုန်းသတ်မှတ်သည့်အခါတွင် ယခင်ကတည်းက တစ်လလျှင် အလုပ်တက်ရက် (၂၀)မပြည့်သော ဖေဖော် ဝါရီနှင့် ဧပြီလအတွက် တစ်ခါတည်းခုနှိမ်ပြီး (၁၀)ရက် သတ်မှတ်ခဲ့ခြင်း ပေလောဟု ကောက်ယူနိုင်ဖွယ်ရှိပါတယ်။ ထိုသို့မှတ်ယူချက်ကို ကောက်ယူ သူများက လုပ်သက်ခွင့် (၁၀)ရက်ပေးရာတွင် အလုပ်လုပ်ရက်(၂၀)ပြည့် သောလကိုရေတွက်ရာတွင် ဖေဖော်ဝါရီနှင့် ဧပြီလကို ချန်လှပ်ပြီး ကျန်(၁၀)လကိုသာ တွက်ချက်ယူကြသည်များရှိပါတယ်။
အထက်ပါ ကျွန်တော်တင်ပြခဲ့သော ကောက်ယူမှုနည်းလမ်း(၂)သွယ် အနက် မည်သည့်နည်းဖြင့်မဆို ကောက်ယူပါက လုပ်သက်ခွင့် (၁၀)ရက် တွင် အလုပ်ဖွင့်ရက် (၂၀)မပြည့်သောလများအတွက် ခုနှိမ်မည်ဆိုပါက လုပ်သက်ခွင့် (၁၀)ရက်ပေးခြင်းမဟုတ်တော့ဘဲ လုပ်သက်ခွင့် (၈)ရက်သာ ပေးသကဲ့သို့ဖြစ်သွားမည်ကို သတိမူကြစေလိုပါတယ်။ ထိုသို့ဆိုလျှင် ဥပဒေ ပါ လုပ်သက်ခွင့် (၁၀)ရက်ပေးရမည်ဆိုသည်ကို သွေဖယ်ရာကျသွား မည်ဖြစ်ပါတယ်။ ထို့ကြောင့် ထိုသို့တွက်ချက်ရာတွင် မူရင်းက အလုပ်ဖွင့် ရက် (၂၀)ရက်မပြည့်သောလများကို ချန်လှပ်၍ အလုပ်ဖွင့်ရက် (၂၀) ရက်ထက်ပိုသော်လည်း ထိုလများတွင် အလုပ်တက်ရက် (၂၀)ပြည့်သော လများအတွက်ကိုသာ လုပ်သက်ခွင့်ကို ခံစားခွင့်မပြုခြင်းကို ဆောင်ရွက်သင့် ပါတယ်။ ထို့ကြောင့် ဥပဒေနှင့် မသွေဖယ်သောယူဆချက်များဖြင့် အလုပ် ရှင်အလုပ်သမားနှစ်ဦးနှစ်ဘက် မျှတသည့်တရားနည်းလမ်းကျသော ဆုံး ဖြတ်ချက်ဖြင့် စီမံခန့်ခွဲမှုများကို ဆောင်ရွက်သင့်ပါကြောင်းတိုက်တွန်း လိုပါတယ်။ (ဖြည့်စွက်ချက်။ ။ အလုပ်သမားရေး အငြင်းပွားမှုဖြေရှင်း ရေး ခုံသမာဓိဥက္ကဌ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာနတိုင်းဦးစီးဌာနမှူး (ငြိမ်း) ဆရာဦးတင်ထွန်း၏ ရေးသားချက်အရ လစဉ်အလုပ်လုပ်ရက်ရေတွက်ရာတွင် (၁)လစဉ်အမှန်တကယ် အလုပ်လုပ် ကိုင်ခဲ့သောရက်၊ (၂)ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရငွေကြေး ဖြင့်ခံစားခွင့်ရသောခွင့်ရက်များနှင့် အများပြည်သူအလုပ်ပိတ်များ . . . ကို ထည့်သွင်းရေတွက်ပါသည်။ (သက်ဆိုင်ဌာနမှကျင့်သုံးသောမူဖြစ်ပါသည်) ဟုလည်း ရေးသားထားသည့်အတွက်လည်း ယခင်ကောက်ယူချက်များနှင့် လိုက်လျောညီထွေရှိသည်ကိုတွေ့ရှိရပါတယ်။) အမှန်စင်စစ် ယခုကဲ့သို့အ ငြင်းပွားနေရခြင်းသည် လုပ်ထုံးလုပ်နည်းများကို တိတိကျကျအသေးစိတ် ရေးသားထားသောခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဆိုင်ရာနည်းဥပဒေထွက်ရှိ ခြင်းမရှိသေးသည်က အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ထိုနည်းဥပဒေထွက်ရှိ လာပြီး နည်းဥပa’တွင်လည်း ဝိဝါဒကွဲပြားစရာများကို သေချာရှင်းလင်းစွာ ဖော်ပြထားခဲ့ပါလျှင်မူ ထိုသို့သော ဝိရောဓိများရှိနိုင်တော့မည်မဟုတ်ပါ။ 
အလျဉ်းသင့်၍ ဆက်စပ်တင်ပြရပါလျှင် လုပ်သက်ခွင့် (Earned Leave) သတ်မှတ်ချက်သည် မြန်မာနိုင်ငံတစ်ခုထဲအတွင်းရှိ နိုင်ငံ့ဝန်ထမ်း နှင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သူ အလုပ်သမားများအားပေးအပ်သော ပမာဏ သည်လည်း ကွဲပြားခြားနားနေသည်မှာ ပြဿနာတစ်ရပ်ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ အခန်း(၈) ပုဒ်မ(၈၇)အရ "နိုင်ငံ့ ဝန်ထမ်းများသည် အချိန်ပြည့်တာဝန်ထမ်းဆောင်ရက် (၁၁)ရက်ရှိတိုင်း လုပ်သက်ခွင့်(၁)ရက် စုဆောင်းခွင့်ရပြီး ရုံးပိတ်ရက်များရှိလျှင်လည်း တစ် ဆက်တည်း ထည့်သွင်းတွက်ချက်သည်" ဟုရေးသားထားသည့်အတွက် နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် လုပ်သက်(၁)နှစ်တွင် လုပ်သက်ခွင့် (၃၀)ရက် ရရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းက လုပ်သက်တစ်နှစ်တွင် လုပ်သက်ခွင့်ရက် (၃၀)ရရှိနေပြီး၊ ကုမ္ပဏီဝန်ထမ်းက လုပ်သက်တစ်နှစ်လျှင် (၁၀)ရက်သာ ရရှိနေခြင်းကလည်း ထောက်ပြဆွေးနွေးစရာ အချက်တစ်ချက်ဖြစ်နေသဖြင့် HR တာဝန်ထမ်းဆောင်နေသူများအတွက် ကိုင်တွယ်ဖြေရှင်းစရာတစ်ခုဖြစ် နေပါတယ်။ ထို့အပြင် Earned Leave ဟုခေါ်ဝေါ်ကြသည့် လုပ်သက်ခွင့် ပုံစံသည် နေမဝင်အင်ပါယာပိုင်ရှင်အင်္ဂလိပ်တို့ကစတင်အသုံးပြုခဲ့ပြီး အင်္ဂလိပ်ကိုလိုနီနိုင်ငံများနှင့် အခြားနီးစပ်သောနိုင်ငံများက အင်္ဂလိပ်၏ခွင့်ပုံစံများကို တစ်ဖန်လိုက်နာကျင့်သုံးခဲ့ကြပါတယ်။ ထိုသို့ကျင့်သုံးသော နိုင်ငံများအနက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကသာ Earned Leave ခေါ် လုပ်သက်ခွင့်ပုံစံကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး အခြားသောနိုင်ငံများ ဖြစ်သည့် ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်တို့ကဲ့သို့ အာရှနိုင်ငံများ သည်လည်းကောင်း၊ ပိုလန်၊ ဒိန်းမတ်ကဲ့သို့သော ဥရောပနိုင်ငံများသည် လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုကဲ့သို့ နိုင်ငံကြီးများသည် လည်း ကောင်း၊ အထူးသဖြင့် (Earned Leave)လုပ်သက်ခွင့်ကို စတင်ကျင့်သုံး ခဲ့သော အင်္ဂလန်နိုင်ငံကိုယ်တိုင်ပင်လျှင်လည်းကောင်း (Earned Leave) လုပ်သက်ခွင့်စနစ်ထက်ပိုမိုကောင်းမွန်သော (Annual Leave) နှစ် ပတ်လည်ခွင့်စနစ်ကို အစားထိုးကျင့်သုံးဆောင်ရွက်နေပြီဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

Previous Next