06 Nov, 2018
"၀န်ဆောင်မှုပေးတိုင်း ကောင်းသလား"

ရန်ကုန်မြို့မီးပွိုင့်တော်တော်များများမှာ မီးပွိုင့်မိလို့ စောင့်နေရတုန်း အချိန်တွေမှာ စံပယ်ပန်းရောင်းတဲ့ လူငယ်လေးတွေကို သတိထားမိကြမယ် ထင်ပါတယ်။ တလောက ဇဝနမီးပွိုင့်မှာ မီးပွိုင့်စောင့်တုန်း စံပယ်ပန်းလာရောင်းတဲ့ လူငယ်လေးတွေကို သတိထားကြည့်လိုက်တဲ့အခါ ထူးခြားချက်တစ်ခုကို တွေ့လိုက်တယ်။ ဘာလဲဆိုတော့ ပန်းရောင်းတဲ့လူငယ်တွေရဲ့ လက်ထဲမှာ ပန်းမရောင်းခင် Before Sales Services ပေးတဲ့အနေနဲ့ ကိုယ်ရောင်းမယ့်သူရဲ့ကားကို ဖုန်သုတ်ပေးဖို့ အဝတ်စလေးတွေ ကိုယ်စီကိုင်ထားကြ တာပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် ပြိုင်ဆိုင်မှုများတဲ့ မျက်မှောက်ခေတ် စီးပွားရေး  နယ်ပယ်မှာ မိမိရဲ့ Product ကောင်းရုံ၊ Price သက်သာရုံနဲ့ မပြီးသေးဘူး။ သုံးစွဲသူဖောက်သည်တွေ သဘောကျ နှစ်ခြိုက်စေမယ့် ဝန်ဆောင်မှုကောင်းတွေကို ဖန်တီးဖို့လိုတယ်ဆိုတာကို မီးမှောင်းထိုးပြလိုက်သလိုပါပဲ။

ဒါပေမယ့် ခက်တာက Services မပေးမိလိုက်ရင် ကောင်းသား၊ ခုတော့ Services ပေးလိုက်မိကာမှ ကိုယ့်ဆီက ဝယ်ချင်စိတ်တောင် ပျောက်သွားရတဲ့ အဖြစ်တွေနဲ့ ကြုံတွေ့ဖူးကြမယ်ထင်ပါတယ်။
ဒါကြောင့်လည်း တစ်ဦးချင်းအနီးကပ် စောင့်ကြည့်ပြီး ရောင်းချကြတဲ့ ဈေးဆိုင်တွေကနေ Self Services စနစ်နဲ့ ကိုယ်တိုင်ရွေး၊ ကိုယ်တိုင်သယ်၊ ကိုယ်တိုင်ငွေရှင်းရတဲ့ Supermarket ကြီးတွေ ပေါ်ပေါက်လာရတာပဲ ဖြစ်ပါတယ်။ ဒီ Supermarket ကြီးတွေဟာ ဝန်ဆောင်မှုပေးသူ ဝန်ထမ်းတွေကြောင့် ပေါ်ပေါက်လာနိုင်တဲ့
ဖောက်သည်ဆုံးရှုံးမှုတွေကို ရှောင်လွှားနိုင်စေဖို့ ပေါ်ပေါက်ခဲ့တာလို့ဆိုရင် မှားနိုင်မယ်မထင်ပါဘူး။

အပေါ်ကဥပမာနဲ့ ပြန်ဆက်ပါမယ်။ စံပယ်ပန်းရောင်းတဲ့ လူငယ်တွေအနေနဲ့ ပန်းမရောင်ခင် မိမိရဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ Before Sales Services အနေနဲ့ ဖုန်သုတ်ပေးဖို့ စဉ်းစားကြတာဟာ ကောင်းမွန်တဲ့ အတွေးအခေါ်တစ်ခု ဖြစ်ပေတယ်။ သို့ပေမယ့် ဒီလိုဝန်ဆောင်မှုပေးတဲ့အခါ တစ်ချို့က စိတ်ပါသလို တစ်ချို့က စိတ်မပါတာရှိတယ်၊ တစ်ချို့ကြ စေတနာပါသလို တချို့ကြပြန်တော့ စေတနာမပါဘဲ ပန်းရောင်းကောင်းဖို့ ဟန်ရေးပြ သုတ်ပေးကြတာ တွေ့ရတယ်။ ပိုးဆိုးတာကတော့ ဖုန်သုတ်ပြီးတာနဲ့ ကားမောင်းသူရဲ့ တခါးကိုမှီလိုက်ပြီး ဘာစကားတစ်ခွန်းမှ မပြောဘဲ မင်းကားကို ငါဖုန်သုတ်ပေးထားတယ် ငါ့ပန်းကို မင်းဝယ်ကိုဝယ်ရမယ် ဆိုတဲ့အထာနဲ့ မိုက်ကြည့်ကြည့်တာပါပဲ။ ဒီထက်ပိုဆိုးတာကတော့ တကယ်လို့များ စာဖတ်သူအနေနဲ့ ဒီလိုအကြည့်မျိုး ခံလိုက်ရလို့ စိတ်မသက်သာရာရပြီး မဝယ်သေးဘူးလို့ ပြောလိုက်မိပြီဆိုရင်တော့ မိမိကားကို ဂရုစိုက်ပြီးတော့သာ ကြည့်ထားပေတော့။ အကြောင်းကတော့ တစ်ချို့စိတ်ထားမကောင်းတဲ့ လူငယ်တွေဆို စိတ်ဆိုးကြောင်း မျက်နှာအမူအရာမှာ ထင်းကနဲ မြင်တွေ့နိုင်ပြီး မကျေမနပ်နဲ့ ဘုကြည့်ကြည့်ပြီး ပါးစပ်က ဆဲနည်းပေါင်းစုံနဲ့ မကြားတကြား မေတ္တာပို့သွားကြလိမ့်မယ်။ တချို့ဆို "ငါက ဖုန်လည်း သုတ်ပေးရသေးတယ်၊ ငါ့ပန်းကျ မဝယ်ရကောင်းလား"လို့ စိတ်ဆိုးပြီး ကားဘက်မှန်ကို လက်နဲ့ မသိမသာ ရိုက်ချသွားတာမျိုး ဒီထက်ပိုဆိုးတဲ့သူမျိုးဆို လက်ထဲမှာ ပါလာတာတစ်ခုခုနဲ့ ကားကိုမသိမသာ ခြစ်သွားတာမျိုး ပြုလုပ်တတ်ကြတယ်။

ဆိုတော့…ဒီနေ့ဆောင်းပါးရဲ့ဆိုလိုရင်းကို ပြန်ဆက်ရရင် ပြိုင်ဆိုင်မှုများတဲ့ မျက်မှောက်ခေတ် စီးပွားရေး နယ်ပယ်မှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပြိုင်ဘက်တွေထက်သာအောင် သူမတူတဲ့ ဝန်ဆောင်မှုမျိုးစုံကို ဖန်းတီးလာကြတာကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ Before Sales Services, After Sales Services အစရှိသဖြင့် မရောင်းခင်အချိန်အတွက်သာမက ရောင်းပြီးအချိန်အတွက်ပါ သင့်လျှော်ကောင်းမွန်တဲ့
ဝန်ဆောင်မှု့တွေကို နည်းမျိုးစုံနဲ့ ကြိုးစားဖန်တီးလာကြတာကို တွေ့မြင်နိုင်ပါတယ်။

ဒါပေမယ့် ဝန်ဆောင်မှုပေးတိုင်း ကောင်းသလားဆိုတဲ့ အဖြေကို ဖြေဖို့ဆိုရင် ယေဘုယျအနေနဲ့ ကောင်းတယ်လို့ ဖြေရမှာပဲ ဖြစ်ပါတယ်။ ဒီလိုပဲ Before Sales Services နဲ့ After Sales Services မှာ ဘယ်ဟာက ပိုအရေးကြသလဲလို့ မေးရင်တော့ နှစ်ခုစလုံး အရေးကြီးတယ်ပဲ ဖြေရမယ်ထင်ပါတယ်။
စာရေးသူရဲ့ တစ်ဦးတည်း အမြင်အရ တိတိကျကျ ဖြေရမယ်ဆိုရင်တော့ Before Sales Services က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ BSS နဲ့ ASS ကို အောက်ပါအတိုင်း သူတို့ရဲ အရေးပါမှုလေးတွေကို သရုပ်ခွဲကြည့်ပါမယ်။

#Before_Sales_Services
1. တစ်ခါမှ မဝယ်ဖူးသေးခင်အခြေအနေ။
2. Purchasing Decision မချရသေးခင်။
3. အရောင်းဆိုတာကို မဖန်တီးရသေးခင်။ ။

#After_Sales_Services
1. တစ်ကြိမ်ဝယ်ထားပြီးသားအခြေအနေ။
2. Purchasing Decision ချပြီးအသုံးပြုပြီးနောက်။
3. အရောင်းဆိုတာကို တစ်ကြိမ်ဖန်တီးပြီးနောက်။ ။

အထက်ပါသရုပ်ခွဲထားချက်တွေကို လေ့လာကြည့်မယ်ဆိုရင် BSSဟာ စီးပွားရေးလုပ်ငန်းတွေအတွက် Sales ဆိုတာ တစ်ခါမှ ဖြစ်မလာသေးခင် ပေးရတဲ့ ဝန်ဆောင်မှုဖြစ်လို့ ပိုပြီးတော့ အရေးကြီးတာကို တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

ASS ကတော့ ရောင်းချပြီးချိန်မှသာ ပေးရတဲ့ ဝန်ဆောင်မှုဖြစ်လို့ ဖောက်သည်တွေအနေနဲ့ ASS ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မရောင်းခင်ကပေးခဲ့တဲ့ BSSကို နှစ်သက်လို့ ဝယ်ယူထာပြီး ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ အတွက်တော့ Salesအဖြစ် တစ်ကြိမ်တော့ အထမြောက်ပြီးသား ဖြစ်တယ်။

ဆိုတော့...BSS ဟာ တစ်ခါမှ မဝယ်ဖူးသေးတဲ့ ဖောက်သည်တွေကို Purchasing Decision မြန်မြန်ချပြီး ချက်ခြင်း ဝယ်ယူသွားစေဖို့ တနည်းအားဖြင့် စီးပွားရေးလုပ်ငန်းတွေအတွက် Sales ဆိုတာကို ဖန်တီးဖို့ ရယ်ရွည်တာဖြစ်ပါတယ်။ ထို့အတူ ASS ကတော့ ဝယ်ယူပြီးသားဖောက်သည်တွေ သုံးစွဲရတာအဆင်ပြေစေပြီး နောက်တစ်ကြိမ်ဝယ်ယူချင်စိတ် ဖြစ်ပေါ်လာအောင် တနည်းအားဖြင့် စီးပွားရေးလုပ်ငန်းတွေအတွက် Sales Again ဆိုတာကို ဖန်တီးဖို့ ရယ်ရွယ်တာဖြစ်တယ်လို့ ယေဘုယျ ကောက်ချက်ချလို့ ရနိုင်ပါတယ်။

ကိန်းဂဏန်းနဲ့ ပြောရမယ်ဆိုရင်...ဆိုပါစို့...
Sales            : $100 (BSS)
Sales Again   : $100 (ASS)

BSSသာ မကောင်းခဲ့ရင် Sales ဆိုတာ ဖြစ်မလာနိုင်ခြင်းကြောင့် Sales Again ဆိုတာလည်း ရှိလာနိုင်မှာ မဟုတ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ $200ဖိုးထိ ဆုံးရှုံးသွားစေမှာ ဖြစ်ပါတယ်။ ။                   ထို့အတူပဲ ASS မကောင်းခြင်းကြောင့် Sales Again ဆိုတာ ဖြစ်မလာနိုင်ပေမယ့် ပထမတစ်ကြိမ် ရောင်းထား ရပြီးဖြစ်လို့ နောက်တစ်ကြိမ် မရောင်းရခြင်းကြောင့် ဆုံးရှုံးသွားရမယ့် $100ကိုသာ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ နစ်နာစေမှာပဲ ဖြစ်ပါတယ်။ ။

ဒါ့ကြောင့် စာရေးသူအနေနဲ့ BSS နဲ့ ASS မှာ BSS က ပိုအရေးကြီးတယ်လို့ တင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြောလိုက်လို့ Before Sales Services ကိုသာ အရေးတကြီး အာရုံစိုက်ဖို့ လိုအပ်ပြီး After Sales Services က သိပ်အရေးမကြီးဘူးလို့ ထင်မြင်ကောင်း ထင်မြင်နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ Sustainable Development ဖြစ်ဖို့ဆိုရင် BSS ရော ASS ရော နှစ်မျိုးလုံး ဟန်ချက်ညီ ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ စီးပွားရေးလုပ်ငန်းတွေ အားလုံးရဲ့ ဦးတည်ချက်ဟာ တစ်ကြိမ်တည်း ရောင်းရဖို့အတွက်ပဲ မဟုတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ စားသုံးသူဖောက်သည်တွေ ဝယ်လာအောင် (Purchase)၊ ထပ်ခါတလဲလဲဝယ်လာအောင် (Purchase Again)၊ သူတို့ကိုယ်တိုင် ဝယ်ယူရုံတင်မကဘဲ သူတို့ရဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေထိပါ ဝယ်ယူစေဖို့ တိုက်တွန်း အကြံပြုတဲ့ Referral to their family & friends ထိ ရောက်အောင် တွန်းအားပေးဖို့ဆိုရင် Services နှစ်မျိုးလုံး ဟန်ချက်ညီ ကောင်းမွန်နေဖို့ လိုအပ်တာပဲ မဟုတ်ပါလား။

MNC ကုမ္ပဏီ တော်တော်များများမှာ National Sales Manager အနေနဲ့ နှစ် သုံးဆယ်ကြာ လုပ်ကိုင်နေတဲ့ စာရေးသူရဲ့ မိတ်ဆွေကြီးတစ်ယောက်၏ ဖြေကြားချက်အရ စီးပွားရေးလုပ်ငန်းတွေ အတွက် BSS ဟာ 51% အရေးကြီးပြီး ASSကတော့ 49%ထိ အရေးကြီးတယ်လို့ မှတ်သားရပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးဖို့အတွက် မိမိရဲ့လုပ်ငန်းမှာ ခန့်အပ်မယ့် ဝန်ထမ်း (People) တွေဟာ ကောင်းမွန်မှန်ကန်ပြီး အရည်အချင်းပြည့်ဝနေဖို့ လိုအပ်သလို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းစဉ် (Process) တွေဟာလည်း မှန်ကန် မြန်ဆန် ကောင်းမွန်မှသာ (Profit) ဆိုတဲ့ အကျိုးအမြတ်တွေကို အချိန်ကြာကြာ သိမ်းပိုက်ထားနိုင်မှာ ဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

"Run the business with your heart no matter your business is big or small"

စာကြွင်း*** ဤဆောင်းပါးပါ အဖြစ်အပျက်သာဓက ဖော်ပြချက်များသည် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော၊ မိတ်ဆွေများ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကိုသာ ဥပမာပေးတင်ပြခြင်း ဖြစ်ပါသောကြောင်း သမ္မာအာဇီဝကျကျ ကောင်းရောင်းကောင်းဝယ် ပန်းရောင်းနေကြသော လူငယ်များအား ချိုးနှိမ်လိုစိတ်၊ စော်ကားလိုစိတ် လုံးဝ မရှိပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်
Aung Phyo Latt (RIGHT & JUSTICE)

Previous Next