12 Nov, 2018
အလုပ်လျှောက်လွှာပြင်ဆင်မယ်ဆိုရင်

အလုပ်လျှောက်လွှာပေးပို့ကြရာမှာလျှောက်လွှာပုံစံအမျိုးမျိုးနဲ့ ပေးပို့ကြပါတယ်။ တစ်ချို့ကျတော့လည်း ပြည့်ပြည့်စုံစုံစိတ်ဝင်စားဖွယ်ရာပေးပို့ကြသလိုတစ်ချို့ကျပြန်တော့လည်းအလုပ်လျှောက်လွှာမှာအချက်အလက်တွေပြွတ်သိပ်ပြီးဖတ်ရမယ့်သူမျက်စိလည်စရာ ဖြစ်ရတာလည်းတွေ့ရပါတယ်။ အဲဒါကြောင့်မို့လို့ အခုတစ်ခါမှာတော့ အလုပ်လျှောက်လွှာနဲ့ ပတ်သတ်တဲ့ ဗဟုသုတလေးတွေကို တင်ပြပေးချင်ပါတယ်။

အလုပ်လျှောက်လွှာကို Curriculum Vitae (CV) လို့ခေါ်ကြသလိုre’sume’ လို့လည်းခေါ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ အလုပ်လျှောက်သူရဲ့ အရည်အချင်းဆိုင်ရာဘွဲ့လက်မှတ်တွေ ၊ လုပ်ငန်းအတွေ့အကြုံတွေ စသည်တို့ကိုဖော်ပြကြပါတယ်။ CVကိုကြည့်လိုက်တာနဲ့ ရေးထားသမျှအကုန်မှန်တယ် ပြည့်စုံတယ်လို့ မယူဆသင့်ပါဘူး။ CVမှာတကယ်မဟုတ်ဘဲပုံကြီးချဲ့ဖော်ပြထားတာလုပ်ကြံပြီးညှပ်ထည့်ထားတာတွေ ပါတတ်သလိုတစ်ချို့အကြောင်းအရာတွေကိုလည်းချန်လှပ်ထားတာတွေ ရှိနိုင်ပါတယ်။ အဲဒါကြောင့်မို့လို့ ကုမ္ပဏီကလူတွေ့မေးမြန်းပြီးရေးထားသမျှမှန်ကန်မှုရှိမရှိချန်လှပ်ထားတဲ့ အကြောင်းအရာတွေ ရှိမရှိနောက်ဆက်တွဲတင်ပြတဲ့ လက်မှတ်တွေ ထောက်ခံစာတွေ မှန်ကန်မှုရှိမရှိကိုသေသေချာချာစစ်စစ်ပေါက်ပေါက် ပြန်မေးကြလေ့ ရှိပါတယ်။ CV ကို ၂မျက်နှာ ၃မျက်နှာလောက်ဖော်ပြကြလေ့ရှိပြီးအဲဒီထက် ပိုများရင်တော့ ဖတ်တဲ့သူတွေကဆက်ဖတ်ကြဖို့ စိတ်ဝင်စားမှု အားနည်းလာကြပါတယ်။

CV တစ်ခုမှာပုံမှန်အားဖြင့်တော့ လျှောက်လွှာတင်သူရဲ့ ကိုယ်ရေးအချက်အလက် အကျဉ်းကိုထိပ်ဆုံးမှာဖော်ပြလေ့ရှိပါတယ်။ အနည်းဆုံးနာမည်၊ နိုင်ငံသားနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တော့ ဖော်ပြသင့်ပါတယ်။ အချို့နိုင်ငံတွေမှာအချို့အဖွဲ့အစည်းတွေမှာတော့ ဥပဒေအရယဉ်ကျေးမှုအရမူဝါဒအရလိင်အမျိုးအစား၊ လူမျိုး၊ ကိုးကွယ်ယုံကြည်ရာနဲ့ အိမ်ထောင်ရေးအခြေအနေတွေ မဖော်ပြတာကိုလက်ခံကြပါတယ်။ နောက်တစ်ခုကတော့ မိမိရဲ့ Professional Background အကြောင်း၊ မိမိမျှော်မှန်းထားတဲ့ Career အနေအထားတို့ကိုအကျဉ်းချုပ် မိတ်ဆက်လို့လည်းရပါတယ်။ အဲဒါမှ အလုပ်ခန့်အပ်မယ့်သူကခန့်အပ်ဖို့ လျာထားတဲ့ Post နဲ့ မိမိမျှော်မှန်းထားတာနဲ့ကိုချိန်ဆလို့ ရနိုင်မှာပါ။ နောက်ပြီးတော့ မိမိရဲ့ ကျွမ်းကျင်မှု (Technical Skill) တွေကို ပြည့်ပြည့်စုံစုံဖော်ပြသင့်ပါတယ်။ ယခင်က တာဝန်ယူလုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံတွေ အကြောင်းကိုလည်းစုံစုံစိစိဖော်ပြပေးဖို့လိုပါတယ်။ မိမိရဲ့ ပညာရေးနဲ့ ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်တွေအကြောင်းလည်းတိတိကျကျ ဖော်ပြပေးရပါတယ်။ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေး (Personality) ကိုလည်းမိမိရဲ့ CV မှာထင်ဟပ်နေအောင်လို့ ဝါသနာပါတာတွေ စိတ်ဝင်စားတာတွေကိုဖော်ပြပေးနိုင်ပါတယ်။ ဥပမာမိမိကလည်းတောင်တက်ခရီးတွေ ရေလမ်းခရီးတွေ မကြာခဏထွက်လေ့ရှိတယ်၊ အလုပ်ကလည်းခရီးမကြာခဏထွက်ရမယ့် လိုအပ်ချက်ရှိနေတယ်ဆိုရင် မိမိအတွက် အဲဒီအလုပ်ကိုရဖို့ အလားအလာပိုကောင်းသွားနိုင်ပါတယ်။ ဝါသနာတစ်ခုတော့ မဖြစ်မနေထည့်ရမယ်ထင်ပြီးစာဖတ်ခြင်းကိုဝါသနာပါတယ်ဆိုပြီးထည့်ကြတာမျိုးလည်းတွေ့ဖူးပါတယ်။ တကယ်လို့ မေးမြန်းသူကဘာစာတွေ ဖတ်လဲဆိုပြီးစစ်စစ်ပေါက်ပေါက် လိုက်မေးတာနဲ့ကြုံရင် မိမိဘက်ကပြန်ဖြေနိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုပါတယ်။ နောက်ပြီးတော့ မိမိရဲ့ ယခင်ကလုပ်ဖော်ကိုင်ဖက်တွေ၊ အထက်အရာရှိတွေနဲ့ ဆရာသမားတွေကိုလည်း Referee အနေနဲ့ ဖော်ပြပေးနိုင်ပါတယ်။ မိမိနဲ့ ရင်းနှီးပြီးမိမိကိုလည်းတကယ်ထောက်ခံပေးမယ့် သူကိုသာဖော်ပြသင့်ပါတယ်။ ဖော်ပြထားကြောင်းကိုလည်း Referee တွေကို ကြိုတင်အကြောင်းကြားထားဖို့ မမေ့သင့်ပါဘူး။ တစ်ချို့ကတော့ မိမိကိုယ်ကိုမိတ်ဆက်တဲ့ Cover Letter ဆိုတာမျိုးကိုထည့်သွင်းကြလေ့ရှိပါတယ်။

CVဆိုတာကဘာတွေမဖြစ်မနေရေးရမယ် ဘာတွေတော့မရေးရဘူးလို့ စံသတ်မှတ်ထားတာမရှိပါဘူး။ အဲဒါကြောင့်မို့လို့ မိမိရဲ့ လုပ်ငန်းအတွေ့အကြုံတွေ ကျွမ်းကျင်မှုတွေကိုဝေဝေဆာဆာဖော်ပြပေးနိုင်ပါတယ်။ ဝေေ၀ဆာဆာ ဖော်ပြရင်းနဲ့လည်းချဲ့ကားလုပ်ကြံထားတာတွေ မထည့်မိအောင် ဂရုပြုသင့်ပါတယ်။ နောက်ပြီးချန်လှပ်ထားတာမျိုးတွေကိုလည်းအတတ်နိုင်ဆုံးမလုပ်သင့်ပါဘူး။ မေးမြန်းသူကဖော်ထုတ်စိစစ်မိရင် မိမိအတွက် အလားအလာမကောင်းပါဘူး။

CV ပြင်တော့မယ်ဆိုရင် Internet ကနေပြီးတော့ Templateလေးတွေ ရှာဖွေပြီး ပြင်ဆင်လို့ရသလိုမိမိစိတ်ကူးရှိသလိုလည်း ပြင်ဆင်နိုင်ပါတယ်။ Best Fit ဆီကိုလည်း CV ပေးပို့ပြီးလိုအပ်မယ်ထင်တာတွေအတွက် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ နောက် post ကျရင်တော့ Application Form အကြောင်းကိုဆက်လက်ဖော်ပြ ပေးသွားပါမယ်။

လျှောက်လွှာတင်ရတော့မယ်ဆိုရင်

CVနဲ့ ပတ်သက်တာလေးတွေ တင်ပြပြီးသွားတဲ့နောက် Application Form အကြောင်းဆက်ရေးပါအုန်းမယ်။ Application Form ဆိုတာကတော့ အလုပ်ခန့်အပ်မယ့် အဖွဲ့အစည်းတွေကသူတို့လိုချင်တဲ့ အရည်အသွေးတွေနဲ့ အလုပ်လျှောက်သူမှာရှိတဲ့ အရည်အသွေးတွေကိုအလွယ်တကူ နှိုင်းယှဉ်လို့ရအောင် စနစ်တကျ ဖွဲ့စည်းပြင်ဆင် ထားတဲ့ အလုပ်လျှောက်လွှာပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။ CV နဲ့မတူတာကတော့ အကြောင်းအရာတွေ အပြင်အဆင်ပုံစံတွေဟာအဖွဲ့အစည်းကပေးထားတဲ့ အတိုင်းသာတင်ပြလို့ရတာပဲဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ အလုပ်လျှောက်မယ့်သူတင်ပြလိုတဲ့ အချက်အလက်တွေကိုအဖွဲ့အစည်းကအတိုင်းအတာတစ်ခုအထိထိန်းချုပ်ထားပါတယ်။

အဖွဲ့အစည်းတွေရဲ့ Application Form တွေဟာတစ်ခုနဲ့ တစ်ခုမတူညီကြပေမယ့် သူတို့သိလိုကြတဲ့ အချက်အလက်တွေကတော့ အများအားဖြင့် တူညီကြပါတယ်။ တစ်ချို့ အဖွဲ့အစည်းတွေဆိုရင် Application Form ဖြည့်သွင်းရာမှာလျှောက်ထားသူကိုယ်တိုင် လက်ရေးနဲ့ ဖြည့်သွင်းဖို့ တောင်းဆိုတတ်ကြပါတယ်။ လက်ရေးလက်သားကို ကြည့်ပြီးစေ့စပ်သေချာသူလား ပြည့်ပြည့်စုံစုံပုံစံတကျ အလုပ်လုပ်တတ်သူလားလို့ အကဲဖြတ်ချင်တာ ဖြစ်နိုင်ပါတယ်။

Application Form တွေကိုအသုံးပြုရင် လစ်လပ်ရာထူးနဲ့ ကိုက်ညီမယ့်သူကိုရှာဖွေရာမှာလွယ်ကူပါတယ်။ အဖွဲ့အစည်းကသိလိုတဲ့အချက်အလက်တွေကိုကောက်သင်းကောက်သလိုတစစီလိုက်ရှာနေရတာမျိုးမဖြစ်တော့ပါဘူး။ လက်ရေးနဲ့ လျှောက်ထားသူကိုယ်တိုင်ဖြည့်ရရင်တော့ အပေါ်မှာတင်ပြထားသလိုလက်ရေးလက်သား၊ ဝါကျဖွဲ့စည်းပုံနဲ့ ဖန်တီးနိုင်စွမ်းတွေကိုပါ အကဲဖြတ်လို့ ရနိုင်ပါတယ်။ ပုံစံတကျ စီစဉ်ထားတော့ အင်တာဗျူးလုပ်ရာမှာလည်းအစီစဉ်တကျ မေးမြန်နိုင်ပါတယ်။ ချဲ့ကားလှည့်စားထားတာတွေ ချပ်လှပ်ထားတာတွေ ကိုလည်းအတိုင်းအတာတစ်ခုအထိကာကွယ်ထားပါတယ်။

ဒါပေမယ့် ပါးပါနပ်နပ်နဲ့ လှည့်ပတ်ချင်သူတွေအတွက်ကတော့ နည်းလမ်းတွေ အမြဲရှိနေတယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ ပုံစံချပေးထားတဲ့ အတိုင်းသာ ဖြည့်ရတာများတဲ့အတွက် အလုပ်လျှောက်သူတင်ပြလိုတဲ့ အချက်အလက်အားလုံးမဖြည့်သွင်းနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

UK Chartered Institute of Personnel and Development ကနေပြီးတော့ Application Form ပြင်ဆင်ရာမှာဂရုပြုရမယ့် အချက်တွေကိုအောက်ပါအတိုင်းလမ်းညွှန်ပေးထားပါတယ်။

(၁) လက်တွေ့ကျပြီးတကယ်ခန့်အပ်မယ့် ရာထူးနေရာနဲ့ သင့်လျော်မှုရှိသင့်တယ်။
(၂) ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကိုမလိုအပ်ရင် အသေးစိတ် မမေးသင့်ပါ။
(၃) အများနားလည်လွယ်တဲ့ အတည်အခန့် စာလုံးတွေကိုရွေးချယ်အသုံးပြုသင့်ပါတယ်။
(၄) ခေါ်ယူတဲ့ ရာထူးနေရာ၊ လျောက်လွှာခေါ်ယူပုံနဲ့ ရွေးချယ်မှု လုပ်ငန်းစဉ်အားလုံးဟာထင်သာမြင်သာရှိသင့်ပါတယ်။
(၅) ထောက်ခံချက်တွေကိုတောင်းယူမယ့် ဖြစ်စဉ်နဲ့ ဘယ်လိုပုံစံနဲ့ ဘယ်အချိန်မှာတောင်းယူမယ် ဆိုတာကိုလည်း ကြိုတင်အသိပေးထားသင့်တယ်လို့ ဆိုပါတယ်။

CV နဲ့ Application Form တွေကွဲပြားပုံကိုနားလည်ပြီဆိုရင် မိမိရဲ့ CV ကို စိတ်ဝင်စားဖွယ်ရာ ဖြစ်အောင် ပြင်ဆင်ပြီး Best Fit ဆီကိုပေးပို့ထားနိုင်ပါတယ်လို့ တင်ပြရင်းခဏနားပါရစေ။

Previous Next