20 Nov, 2018
သင့်ဝန်ထမ်းရဲ့ စွမ်းဆောင်ရည်ကို ရိုက်မချိုးမိစေနဲ့

လုပ်ငန်းရှင်ဘက်က လိုချင်တာက ကောင်းမွန်တဲ့ စွမ်းဆောင်ရည် (  Performance )  ကိုပဲ ။ တနည်းအားဖြင့် ဆိုရရင် ထိရောက်တဲ့ ရလာဒ် (  Result ) ပေါ့ ၊ ၀န်ထမ်းတွေကတော့ ကြိုးစားမှုကို ဦးစားပေးကြတယ် ၊ တော်တော်များများပါ ၊ ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားပါမယ် ဆိုတာမျိုးက အလုပ်မ၀င်ခင် အင်တာဗျူးမှာ ကတည်းက ကြားနေကြစကား ။ မသေချာတဲ့ အခြေအနေတွေမှာ ဒီစကားကိုပဲ အရဲစွန့်ု ယုံကြည်လို့ အလုပ်ခန့်ခဲ့ရသူ လည်းများပါပြီ။

ဒီလိုနဲ့ အလုပ်ထဲ ရောက်လာလို့ အလုပ်လေး လုပ်ရင်း (၆) လတစ်နှစ်လောက်နေတော့  လစာတိုးမှာလား ? ရာထူးတိုးဖို့ ဘယ်လို အခြေအနေဆိုတာဖြင့် စကားပစ်လာတာတွေ ရှိတယ် ၊ တစ်ချို့ကလည်း လွယ်လွယ် ကူကူပဲ ဖြေတာမျိုး ၊ စွမ်းဆောင်ရည်ကို စောင့်ကြည့်ဦးမယ်တို့ အစရှိသည်ဖြင့် အပြောများကြပါတယ် ၊ ဒါကလည်း အများက ပြောနေကြမို့ အပြောများကြတာပေါ့ ထင်ပါ့ ။ စကားစပ်လို့ စွမ်းဆောင်ရည်ဆိုင်ရာ သီအိုရီတစ်ခု ဒီနေရာမှာထည့်ဆွေးနွေးချင်သေးတယ် …. ကြားဖူးနေကြ  P = f(AMO) / ( Performance = Ability + Motivation +Opportunity) ဆိုတာပါ ။   စွမ်းဆောင်ရည်ကောင်းဖို့ လုပ်နိုင်စွမ်း ၊  စေ့ဆော်မှုနဲ့ အခွင့်အလမ်းတွေ ပေးရမယ်လို့ဆိုထားလေတယ်။ ဒီတော့ လုပ်နိုင်တာ မလုပ်နိုင်တာ အသာထား ( Ability ) ရှိသမျှညစ်ထုတ်ပြီး အလုပ်လုပ်အောင် ( Motivation & Opportunity) ရှိအောင်လုပ်ကြရတာပေါ့ …

ပြသာနာက အစကအဲ့မှာလာပြီး Motivation ရအောင် အခွင့်အလမ်းအနေနဲ့ မက်လုံးတွေ ပေးကြတယ် ၊ ကတိတွေလွယ်လွယ်ပေးကြတယ် ၊ ဆက်လက်ပြီးပြောရရင် အထက်အောက်ဆက်ဆံရေးမှာ ကတိစကားတွေပိုများတာတွေ့ရပါတယ်။ မလုပ်နိုင်တာကို လုပ်နိုင်တယ် ပြောမယ်၊ မဖြစ်နိုင်တာကို ဖြစ်နိုင်တယ်ပြောမယ် ၊ဒီကတိစကားတွေက အရမ်းကိုဆိုးကျိုးသက်ရောက်မှုဖြစ်စေမှာ အမှန်ပါပဲ ။

အထက်အရာရှိတွေအနေနဲ့လည်း လုပ်ငန်းဆောင်ရွက်ချက်တွေ ကိုဆောင်ရွက်ဖို့ ညွန်ကြားတဲ့ အခါ အလွန်အမင်း ကတိစကားတွေပြောတက်ကြပါတယ်။ “ မင်းကိုတော့ ဒီနှစ်ကုန်ရင် ရာထူးတိုး ပေးဖို့ စဉ်းစားထားတယ် ”   “  ဒီအလုပ်နဲ့ပတ်သက်ပြီး တာဝန်ယူနိုင်ရင် နောက်တစ်ဆင့်ကမင်းအတွက်ပဲ ”  “ လစာ ထပ်တိုးပေးဖို့ စဉ်းစားမယ်ကွာ ” အဲ့ဒိစကားတွေက တော်တော်များများ အထက်လူကြီးတွေဆီက ကြားဖူးကြမှာပါ၊ ကြားဖူးသလို မျှော်လင့်ခဲ့ကြဖူးတဲ့ သူတွေလည်း ရှိပါတယ်။

ကတိဆိုတဲစကားလေးနှစ်လုံးက အရမ်းကို အရေးပါသလို ၊တကယ်လည်း အရေးကြီးတဲ့အပိုင်းဖြစ်နေပါတယ်။ လုပ်ငန်းခွင်ထဲမှာ ကတိစကားတွေ လွယ်လွယ်ပေးကြတယ်၊ အလုပ်ရှင်က အလုပ်သမားကို ရပိုင်ခွင့်နဲ့ပတ်သက်ပြီး ပေးတဲ့ ကတိစကား၊ အလုပ်သမားက အလုပ်ရှင်ကို လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ပေးတဲ့ ကတိစကား ၊အထက်ဆက်ဆံရေး မှာ လုပ်ဖော်ကိုင်ဖက်ချင်းပေးတဲ့ ကတိစကား   ဒီစကားတွေကောတကယ်တည်နိုင်ရဲ့လား၊ တကယ်ရော တည်ခဲ့ရဲ့လား ဆိုတာကို စာဖတ်သူများ တစ်ချက်ပြန်ပြီး စဉ်းစားကြည့်လိုက်ပါ။

အဲ့လို မတည်ခဲ့တဲ့ ကတိစကားတွေကြောင့် အလုပ်နဲ့ပတ်သတ်ပြီး အဆင်မပြေမှု ခက်ခဲမှု တစ်ခုခုများဖြစ်ခဲ့ဘူးသလားဆိုတာကို တခဏတာ စဉ်းစားကြည့်လိုက်ပါ။  စဉ်းစားမိပြီဆိုရင် ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို စာဖတ်သူများ သိရှိပြီး ဖြစ်ပါလိမ့်မယ်။

ဒီလိုအခြေအနေတွေမှာတကယ်တမ်း ဖြစ်မလာတဲ့အခါ ပေါက်ကွဲကြကုန်တယ်၊ လုပ်ငန်းတွေကို အဆင်ပြေအောင် မလုပ်ချင်တော့ ဘူး။ မလုပ် ၊မရှုပ် ၊မပြုတ် ဖြစ်အောင် ပဲ ဆက်လုပ်ကြတော့တယ်။ဒီလိုမျိုးဖြစ်ရပ်တွေက အဖြစ်များပါတယ်ဆက်ပြီး ပိုကောင်းအောင် ကြိုးစားဖို့ တွန်းအား တစ်ခုမရှိခဲ့ရင်တော့ ကျွန်တော်ပြောတဲ့ အချက်တွေကိုပဲ အခြေခံပြီး ကွဲလွဲမှုတွေ ဖြစ်တက်ကြပါတယ်။

တကယ်တမ်းဖြစ်သင့်တာက  “ ကတိစကား  ” တွေထက်  အခွင့်အလမ်းတွေ ပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒီလို အခွင့်အလမ်းတွေ ပေးစေခိုင်းခြင်းမှာလည်း ၊ရိုးသားဖြောင့်မတ်တဲ့ ဆောင်ရွက်ချက် ရှိရမှာဖြစ်ပါတယ်။ ဒါလုပ်နိုင်ဖို့ဒိလိုပေးမယ် ၊ ဒီလို အခြေအနေတွေကို ဆောင်ရွက်နိုင်ရင် ဘယ်ရာထူးအဆင့်ရမယ် ဆိုတာမျိုးပဲဖြစ်သင့်တာပါ။

ခက်တာက တိကျတဲ့ KPI တွေ မရှိတာမျိုး (သို့)တိုင်းတာလို့ မရတဲ့ လုပ်ဆောင်ချက် (ဥပမာ - စီမံခန့်ခွဲမှုနဲ့ပက်သတ်တဲ့ ဆောင်ရွက်ချက်မျိုးမှာတိုင်းတာဖို့ ခက်ခဲတဲ့အခြေအနေတွေရှိပါတယ်) တွေကို ထင်ထင်ရှားရှားမပြနိုင်တဲ့ အခါ ဝန်ထမ်းတစ်ယောက်ရဲ့လုပ်ဆောင်ချက်ဆိုတာကို တိုင်းတာချိန်ဆနိုင်ဖို့ ခက်ခဲနေတက်ပါတယ်။ ဒီအခြေအနေတွေမှာများသောအားဖြင့်လုပ်သက်ကိုပဲ အခြေခံပြီး တိုးမြင့်မှုတွေ ရှိတက်ပါတယ်။ စွမ်းဆောင်ရည်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ တိတိကျကျ မရှိရင် လုပ်သက်အပေါ်မှာပဲတိုးမြှင့်မှုတွေ ရှိတက်ကြပါတယ်၊ ဒီလိုဖြစ်စဉ်တွေမှာ ကတိစကားတွေကို လွယ်လွယ်ပေးတက်ကြတဲ့ အခါမှာတော့ဝန်ထမ်းတွေကြားမှာ အလုပ်နဲ့ပက်သတ်လို့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးကုန်ကြပါတယ်။

ဒီလိုအခြေအနေမျိုးတွေမဖြစ်ရလေအောင် ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာကို အကြံပေးပါရစေ။ တကယ်တော့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အထက်လူကြီးတွေဆီကနေ ချီးမြင့်မြောက်စားမှုမျိုးကို လိုချင်ကြတာပါပဲ ။ အထက်လူကြီးတွေ အနေနဲကလည်း မှန်ကန်တဲ့ ချီးမြှင့်မှုတွေရှိနေဖို့လိုသလို ကတိစကားတစ်လုံးကိုလွယ်လွယ်ကူကူ မပေးမိအောင် လုပ်ဆောင်နိုင်ရပါမယ်။ ဝန်ထမ်းကလည်း မလုပ်နိုင်တာကို  လွယ်လွယ်ကတိစကားတွေမပေးမိစေဖို့လိုပါတယ်။ ဒီတော့ အလုပ်မှာဖြစ်သင့်တာတွေက

၁။ ၀န်ထမ်းတစ်ယောက်ချင်းစီအလိုက် တိကျတဲ့ တာဝန်ခွဲခြားထားပေးပါ

၂။လုပ်ငန်းတွေဆောင်ရွက်တွေ ဆောင်ရွက်တဲ့အခါ နောက်ဆုံးလုပ်နိုင်တဲ့ အတိုင်းအတာကိုသတ်မှတ်ထားပေးပါ။

၃။ လုပ်ငန်းဆောင်ရွက်တဲ့အခါ အောင်မြင်မှုနဲ့ပက်သတ်လို့ ချီးမြှောက်မှုတွေကို ဝန်ထမ်းများအကြားပွင့်လင်းစွာရှိနေစေဖို့ ဆောင်ရွက်ပေးပါ။

 

 

၎။ အခွင့်အလမ်းတွေ ပြောပြပြီး  ဆောင်ရွက်ခြင်းကို လုပ်ဆောင်တော့မယ်ဆိုရင် တစ်ဦးတစ်ယောက်အတွက်မဟုတ်ပဲ အားလုံးအတွက်ဖြစ်အောင် စီမံရေးဆွဲ ထားနိုင်ရပါမယ်။

၅။ အရေးအကြီးဆုံးကတော့ စွမ်းဆောင်ရည်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအပေါ် မူတည်ပြီး  အရည်အချင်းသတ်မှတ်ပေးနိုင်ဖို့ လိုအပ်သလို၊ စွမ်းဆောင်ရည်ကို ကြည့်ပြီး ပေးလို့ရမယ့် ခံစားမှုအပေါ်မှာတော့ မှန်ကန်သေချာတဲ့ကတိစကားတွေ ပေးလို့ ရပါတယ် ။

ဝန်ထမ်းတွေရဲ့ စွမ်ဆောင်ရည်ကောင်းတွေကိုလိုချင်လို့ အစပျိုးမိရာကနေ မလုပ်မရှုပ်မပြုတ်ဝန်ထမ်းတွေ များလာမှာကို သတိထားသင့်ပါတယ် ၊ သင့်အနေနဲ့စီမံခန့်ခွဲသူ တစ်ယောက်ဆိုရင်တော့ သင့်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေကို မသေချာတဲ့ ကတိစကားတွေနဲ့ မရိုက်ချိုးမိစေဖို့ လိုပါတယ်။

ထိန်လင်းကျော်( HR )    

Previous Next