29 Nov, 2018
သတိပေးဆိုင်းဘုတ်များနှင့်အတူ

   တစ်နေ့က မြို့ပတ်ရထားစီးတော့ မီးရထားနံရံပေါ်မှာ အောက်ပါစာတန်း တစ်ခုရေးထားတာကိုဖတ်လိုက်ရတယ်။ 'လမ်းပေါ်က အမှိုက်တစ်စဟာ နိုင်ငံသား တိုင်းအတွက်ရှက်စရာ'
      တစ်နေ့လည်း YBS ကားစီးရင်း ရှစ်မိုင်လမ်းဆုံမီးပွိုင့်မှာ ပိုစတာဆိုင်းဘုတ် အကြီးကြီးတစ်ခုကိုသတိထားလိုက်မိတယ်။
အဲဒီဆိုင်းဘုတ်ထဲမှာ လက်တစ်ဖက်တစ် ချက်စီမှာ ဆိုင်းဘုတ်ကလေးတစ်ခုစီကိုင် ထားတာကိုတွေ့ရတယ်။ အဲဒီဆိုင်းဘုတ် ကလေးတွေမှာတော့ 'စည်းကမ်းမဲ့ အမှိုက် ပစ်ခြင်းရပ်'  ဆိုတဲ့စာတွေရေးထားတယ်။
ပိုစတာဆိုင်းဘုတ်ကြီးအပေါ်မှာတော့  'မြို့တော်တစ်ခွင် သာယာလှပဖို့ လက်တွဲ ဆောင်ရွက်ကြပါစို့' ဆိုတဲ့စာကိုရေးထား ပြန်တယ်။
    တစ်နေ့က စက်မှုဇုန်တစ်ခုကိုရောက် ခဲ့တယ်။ အဲဒီမှာလည်း အမှိုက်ပစ်တာနဲ့ ပတ်သက်ပြီးရေးထားတဲ့ဆိုင်းဘုတ်တစ်ခုကို
တွေ့ရပြန်တယ်။
    'စည်းကမ်းမဲ့ အမှိုက်မပစ်ရ၊ တွေ့ရှိ ပါက စည်ပင်သာယာ ဥပဒေအရ အရေး ယူမည်'.....တဲ့။
     ကျနော်တို့ရဲ့ပတ်ဝန်းကျင်မှာ သတိ ပေးဆိုင်းဘုတ်တွေစာတန်းတွေ အတော် များများရှိတာကို သတိပြုမိတယ်။
    'အမှိုက်မပစ်ရ'
    'ကွမ်းတံတွေး မထွေးရ'
    'မြက်ခင်းပေါ် မနင်းရ'
    'ငါးမမျှားရ'
    'သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်' စတဲ့အခွင့်အာဏာရှိသူတွေရဲ့ ညွှန်ကြား ချက်သတိပေးဆိုင်းဘုတ်တွေအပြင် ပုဂ္ဂလိကတစ်ဦးချင်းစီရဲ့ သတိပေးဆိုင်း ဘုတ်တွေကိုလည်း တွေ့နိုင်မြင်နိုင်ပါတယ်။
ဥပမာအားဖြင့်
    'အိမ်ရှေ့တွင် ကားပိတ်ပြီး ရပ်မထား ပါနှင့်'
  အကယ်၍ မဖြစ်မနေရပ်ထားရမည် ဆိုပါက တယ်လီဖုန်းနံပါတ်ထားခဲ့ပါရန် ဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေဖြစ်တယ်။
    အဆောင်ပိုင်ရှင် အမျိုးသမီးတစ်ဦး ကလည်း ပြောဖူးပါတယ်။
    'ကျွန်မ အဆောင်မှာလာနေတဲ့ သူကဆယ်ယောက် ဆယ့်ငါးယောက် လောက်ပဲရှိတယ်။ ဒါပေမဲ့ သတိပေးဆိုင်း ဘုတ်တွေဆယ်ခုလောက် ကပ်ထားရ တယ်။' 
    ကျနော်က ဘယ်လိုဆိုင်းဘုတ်တွေ များကပ်ထားရသလဲလို့မေးတဲ့အခါ သူက
'ကျွန်မက အမျိုးသမီးသီးသန့် အဆောင် ဖွင့်ထားတာလေ၊ တချို့မိန်းကလေးတွေက ကုမ္ပဏီဝန်ထမ်းတွေလို့သာ ဆိုတယ်။
စည်းကမ်းမရှိကြဘူး။ အဲဒီတော့ 'ရေ ကိုဖွင့်ပြီးပြန်ပိတ်ပါ' 'လျှပ်စစ်မီးများကို အသုံးပြုရန်မလိုအပ်ပါက ပိတ်ထားပါရန်'
'ဘေစင်တွင် ထမင်းလုံးများ၊ စာြးွကင်းစား ကျန်များမဆေးပါနှင့်' 'မိမိ၏စွန့်ပစ် အမှိုက်များကို သေချာစွာသိမ်းဆည်း ပါရန်' စတဲ့ သတိပေးဆိုင်းဘုတ်တွေကပ် ထားရတာပေါ့၊ ဒီ့ပြင်သတိပေး ဆိုင်းဘုတ် တွေလည်းကပ်ထားရသေးတယ်။'လို့ ဆိုပါတယ်။အငြိမ်းစားအရာရှိကြီးတစ်ဦး ကလည်း အခုလိုဆိုဖူးရဲ့။ ဘာမလုပ်ရ၊ ညာမလုပ်ရဆိုတဲ့ဆိုင်းဘုတ်တွေ ကပ်ထား ရတယ်ဆိုတာကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ သတိပေးဆိုင်းဘုတ်တွေ များလေ လိုက်နာသင့်တဲ့ လူမှုစည်းကမ်း တွေကို မလိုက်နာတဲ့သူတွေများလေဆိုတဲ့ သဘောပဲဖြစ်တယ်။ အရပ်သုံးစကားနဲ့ ရိုင်းရိုင်းဆိုရရင် အဆင့်မရှိတဲ့သူတွေများ နေတယ်ပေါ့။
     တစ်ခါက နယ်မြို့ကလေးတစ်မြို့ရဲ့ ကုမ္ပဏီဌာနခွဲတစ်ခုမှာ တာဝန်ထမ်း ဆောင်ခဲ့တုန်းကကြုံတွေ့ခဲ့တာကိုလည်း အမှတ်ရမိတယ်။အဲဒီရုံးမှာရှိတဲ့ တစ်လုံး တည်းသော အိမ်သာကို အသုံးပြုတဲ့ ဝန်ထမ်းတချို့က သန့်သန့်ရှင်းရှင်း အသုံး မပြုကြဘူး။ အဲဒါကို မသတီတဲ့ ကြီးကြပ် ရေးမှူးက အိမ်သာမှာ အောက်ပါ သတိပေးစာတန်းကို ရေးထားလိုက်တယ်။
'လူလိုသိပါ' တဲ့၊ အဲဒီစာတန်းကို ဖတ်မိတဲ့ အရောင်းဝန်ထမ်းတစ်ဦးက ကြီးကြပ် ရေးမှူးကို အခုလိုပြောပါတယ်။
   'ခင်ဗျားရဲ့ လူလိုသိပါဆိုတာကို တချို့ လူတွေက ဘာပြောမှန်းတောင် သိမယ် မထင်ဘူး။ လူတိုင်းရှင်းရှင်းလင်းလင်း သိအောင်ရေးစမ်းပါဗျာ'
   အဲဒီအခါမှာ ကြီးကြပ်ရေးမှူးက လူလို သိပါဆိုတာကိုဖြုတ်ပြီးတော့ အောက်ပါ စာတန်းကိုပြောင်းချိတ်လိုက်ပါတယ်။
'ထသွားပြန်ကြည့်၊ သတိရှိ ကျန်ရှိချေးတုန်း၊ ရေဆေးဦး'
    အထက်က ဖော်ပြခဲ့တဲ့ သတိပေး ဆိုင်းဘုတ်တွေဟာ အမှန်တကယ်တော့ လူ့ကျင့်ဝတ် လူ့စည်းကမ်းတွေနဲ့ သက်ဆိုင် နေတာတွေပဲဖြစ်တယ်။ အထူးအထွေ ပြောပြနေစရာ သတိပေးနေစရာတောင် လိုမယ်မထင်ပါဘူး။ ပြည်သူ့နီတိကို ကျေညက်ရင် အလိုအလျောက် နားလည် သဘောပေါက်ရမယ့်ကိစ္စရပ်တွေပဲဖြစ်တယ်။
ကျနော်တို့ဆီမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ အမြဲတမ်းလိုလိုဖြစ်နေတယ်။အဲဒီအခါမှာ အရေးပေါ်သွားလာရမယ့် လူနာတင်ယာဉ် တွေ၊ မီးသတ်ယာဉ်တွေ အတွက်အခက် ကြုံရတယ်။ တစ်ခါကမြေနီကုန်းမီးပွိုင့်မှာ ကားတွေပိတ်နေတယ်။ လမ်းပြောင်းပြန် မောင်းတဲ့ကားတွေ၊ရပ်တဲ့ကားတွေလည်း ရှိတာပေါ့။ အဲဒီအချိန်မှာအရေးပေါ် လူနာတင်ယာဉ်တစ်စီးရောက်လာတယ်။ကားတွေပိတ်နေလို့ ရှေ့ကိုသွားလို့မရဘူး။အရေးပေါ်လူနာတင်ယာဉ်ဆီက အချက် ပေးသံတွေအဆက်မပြတ်ထွက်နေတယ်။ကားစပယ်ယာတစ်ဦးဆီက 'နားငြီး တယ်ကွာ၊ သေမယ့်သူက ဘယ်လိုဖြစ်ဖြစ် သေမှာပဲ' ဆိုတဲ့ကိုယ်ချင်းမစာနာစွာပြော ဆိုသံကိုကြားလိုက်မိတယ်။ ဒီ့ပြင်နိုင်ငံ တွေမှာတော့ ယာဉ်ကြောတွေဘယ် လောက်ပဲပိတ်ဆို့ပါစေ၊ အရေးပေါ်ယာဉ် တွေသွားလာဖို့အတွက် လမ်းကြောင်း ရှင်းပေးထားတယ်လို့သိရတယ်။ယာဉ်ထိန်း ရဲကရှင်းပေးတာမဟုတ်ဘူး၊ လူတွေက သူတို့ရဲ့အသိစိတ်ဓာတ်နဲ့ အဲဒီလိုမော် တော်ယာဉ်တွေ သွားလာဖို့အတွက်လုပ် ဆောင်ကြတာလို့ဆိုတယ်။
    'ဆိုရှယ်လစ်' ဝေါဟာရတွင်ကျယ်ပြီး ပေါ်ပြူလာဖြစ်ခဲ့တုန်းက ဆိုရှယ်လစ် အတွေးအမြင် သဘောတရားစာအုပ်တွေ ဖတ်ရှုခဲ့ရသလို' ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရ အသုံးအနှုန်း ခေတ်စားလာပြန်
တော့ ဒီမိုကရေစီနဲ့ပတ်သက်တဲ့စာအုပ် တွေထွက်ရှိတာ၊ ပြန်လည်ထုတ်ဝေတာ တွေကိုတွေ့မိတယ်။ အဲဒီစာအုပ်အထဲက သံအမတ်ကြီး ဦးတင့်ဆွေ ရေးသားခဲ့တဲ့ 'ဒီမိုကရေစီ စိတ်ထား' ဆိုတဲ့ စာအုပ် ကလေး တတိယအကြိမ် အဖြစ်ထွက်လာ တာကိုဖတ်ရှုမိပါတယ်။ အဲဒီအထဲမှာပါတဲ့ 'စည်းကမ်းဥပဒေနှင့် တာဝန်' ဆိုတဲ့ဆောင်း ပါးထဲက တချို့ကို ကောက်နုတ်ဖော် ပြပါရစေ၊ 'ဒီမိုကရေစီဝါဒသည် ဝါဒအသီး သီးတွင် အလွန်ကောင်းလှစွာသော ဝါဒ တစ်ခုဖြစ်သည်ကားမှန်၏။ သို့သော် ဤဝါဒအတိုင်း အကျိုးရှိအောင်ဆောင် ရွက်ရန်ကားမလွယ်။ စည်းကမ်းဥပဒေကို ရိုသေတတ်၍ မိမိတို့၏တာဝန်ကို မိမိတို့ သိတတ်သူများသာလျှင် ဤဝါဒကိုနည်း လမ်းတကျ အသုံးပြုနိုင်ကြပေလိမ့်မည်'        နိုင်ငံတစ်ခုတွင် မိမိတစ်ယောက် တည်း လူဖြစ်နေလျှင် မိမိထင်သလိုစည်း မရှိကမ်းမရှိ သွားလာလုပ်ကိုင်နိုင်ပေလိမ့် မည်။ ဤသို့မဟုတ်ဘဲ အများနှင့်အတူနေ ရသည်ဖြစ်လေရာ လူတိုင်း လူတိုင်းသည် အများ၏ အကျိုးကိုကြည့်၍ စည်းနှင့် ကမ်းနှင့် နေရပေလိမ့်မည်။
    စည်းကမ်းဆိုသည်မှာ လူတစ်ဦး တစ်ယောက်၏ အကျိုးအတွက်ထားရ သည်မဟုတ်။ အများအတွက်ထားရခြင်း ဖြစ်၏။ အများဆိုရာ ၄င်းအများတွင် မိမိလည်းပါဝင်သည်ကိုမမေ့သင့်။
    ဥပမာ 'ဒူးရင်းအခွံကိုလမ်းတွင် အရမ်းမပစ်ရ' ဟူသောစည်းကမ်းမိမိက မရိုသေဘဲ သူတစ်ပါး၏အိမ်နားတွင် သွား ၍ အရမ်းပစ်ထားလိုက်ပါလျှင် ထိုအိမ်သူ အိမ်သားများဒူးရင်းခွံအနံ့ကြောင့် စိတ် ဆင်းရဲကြလိမ့်မည်။ မိမိကား အကျိုး ယုတ်မည်မဟုတ်။ သို့သော်သူတစ်ပါးက မိမိအိမ်နား၌ ဒူးရင်းခွံတွေ အရမ်းလာ၍ ပစ်သော် မိမိတို့တစ်အိမ်သားလုံး စိတ်ဆင်း ရဲကြပေလိမ့်မည်။ ထို့ကြောင့်ဒူးရင်းခွံကို လမ်းတွင် အရမ်းမပစ်လျှင်ကောင်း၏။
    ကျနော်တို့တစ်တွေမှာ အများစုက စည်းကမ်း ဥပဒေတွေ ရေးထားရင်တောင် မှဂရုမစိုက်တတ်ကြဘူး။ မရေးဘဲနေလျှင် တော့ ပိုပြီးဆိုးရွားလိမ့်မယ်ထင်ပါတယ်။ ရေးသားထားတဲ့အခါသတိပြုမိသူ လိုက် နာချင်သူတွေ လိုက်နာကျင့်သုံးနိုင်ပါတယ်။
    တစ်ခါကမန္တလေးကို အမြန်ရထား စီးပြီးသွားခဲ့တယ်။ အငြိမ်မနေတဲ့ကျနော့်ရဲ့ မျက်လုံးတွေက မီးရထားတွဲရဲ့တစ်နေ ရာမှာ အောက်ပါစာတန်းတွေရေးထား တာကိုတွေ့လိုက်မိတယ်။
'အရက်မသောက်ရ၊ မူးယစ်ဆေးဝါး မသုံးစွဲရ'
'ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရ'
'ဆေးလိပ်သောက်ခွင့်မရှိသောနေရာ
ဖောက်ဖျက်ပါက ဥပဒေအရ အပြစ်ပေး ခြင်းခံရမည်။'
    အဲဒီစာတန်းတွေရဲ့အောက်မှာ အရက်ဝိုင်းဖွဲ့နေတာကိုတွေ့ရတယ်။ဆေး လိပ်သောက်နေတဲ့သူတွေကိုတွေ့ရတယ်။
ကွမ်းစားပြီး ကွမ်းတံတွေးတွေကိုမဆင် မခြင်ထွေးနေတဲ့သူတွေကိုတွေ့ရတယ်။အဲဒီလူတွေကစာမဖတ်တတ်တာတော့မဖြစ်
နိုင်ပါဘူး၊ဂရုမစိုက်အရေးမလုပ်ကြတာပဲ ဖြစ်ပါလိမ့်မယ်။
    ဟုတ်ကဲ့....ကျနော်တို့ရဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကတော့ အဲဒီလို အနေအထားနဲ့တည်ရှိနေပါတယ်။


သူရထိုက်

Previous Next