03 Dec, 2018
အောင်မြင်တဲ့စီးပွားရေးသမားတွေဖြစ်ဖို့

စီးပွားရေးမှာ အောင်မြင်ဖို့ဆိုတာ ကြိုတင်ပြင်ဆင်မှုက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ "Not to do Hero, do details" ဆိုတဲ့စကားလိုမျိုး သင့်မှာ Master Plan တွေမရှိပေမယ့်လည်း ကိစ္စတိုင်းကို သူ့နေရာနဲ့သူ စီမံအကွက်ချနိုင်မယ်ဆိုရင်တော့ အောင်မြင်မှုရဖို့အတွက် အထောက်အကူ ဖြစ်စေနိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာမှာ ဖြစ်တတ်တဲ့ချို့ယွင်းချက်တစ်ချို့နဲ့ အဲဒီအရာတွေကို ကိုင်တွယ်ဖို့အတွက် နည်းလမ်းတွေကို တင်ပြပေးသွားပါမယ်။

(၁) မန်ဘာဝင်တွေများလွန်းတာ
အဖွဲ့အစည်းတစ်ခုဟာ မန်ဘာဝင်တွေများလွန်းရင်လည်း ရေရှည်တောက်ပဖို့ ခက်ခဲလှပါတယ်။ မိမိတစ်ဦးတည်း မတတ်နိုင်တာမို့ အခြားသူတွေနဲ့စုပေါင်းလုပ်ရတာကို မပြောလိုပေမယ့် အကျိုးတူပူးပေါင်းသူတွေ ရှိသင့်တာ
ထက်များနေတာက အလုပ်စီဆင်းမှုကိုအနှောင့်အယှက်ပေးတတ်ပါတယ်။ ကိစ္စတစ်ခုအကောင်အထည်ဖော်ဖို့လုပ်တိုင်း မန်ဘာဝင်တွေကို စုစည်းပြီးအစည်းအဝေးလုပ်ကာ သဘောတူညီမှုရမှ အကောင်အထည်ဖော်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်ဘာဝင်တွေအချင်းချင်းလည်း အမြင်မတူတာ သဘောထားကွဲလွဲတာတွေနဲ့ စည်းလုံးမှုတွေပြိုလဲသွားတတ်တာမျိုးလည်း ရှိတတ်ပါတယ်။ အချို့ကျတော့ မန်ဘာဝင်အချင်းချင်း မာနတွေပြိုင်နေတတ်ပါသေးတယ်။
မန်ဘာဝင်အများကြီးရှိတဲ့ အဖွဲ့အစည်းမပြောနဲ့။ နှစ်ဦးအကျိုးတူ ပူးပေါင်းပြီးလုပ်ကြတဲ့ သူတွေတောင်သိပ်မကြာခင်မှာ လမ်းခွဲသွားကြတာကိုတွေ့ရပါတယ်။ စီးပွားရေးလုပ်မယ်ဆိုရင် ဒီအချက်ကလည်းသတိပြုသင့်တဲ့ အချက်တစ်ခုပါပဲ။

(၂) မျှော်လင့်ချက်တွေကြီးမားလွန်းတာ
မိမိမှာရှိတဲ့အင်အားနဲ့ လုပ်ရမယ့်အလုပ်တွေဟာ အနည်းဆုံးတော့ Balance ဖြစ်ဖို့လိုပါတယ်။ ဒါမှသာ လုပ်ငန်းစီးဆင်းမှုအတွက် အဟန့်အတားတွေမကြုံမှာဖြစ်ပါတယ်။ အချို့ကတော့ဖြစ်ချင်တာတွေ သိပ်ကိုကြီးမားနေ
တတ်ပြီး ဒီအတွက်မိမိရဲ့ ထမ်းရွက်နိုင်အားဖြစ်တဲ့ Margin မှတ်ကိုကျော်လွန်ပြီး ဆောင်ရွက်တတ်ကြပါတယ်။ ဒီတစ်ခု
အဆင်မပြေလိုက် နောက်တစ်ခုနဲ့ပြန်လည်ဖာထေးလိုက် လုပ်တတ်ပါတယ်။ ဒါပေမယ့်နောက်တစ်ခုမှာလည်း အပေါက်အပြဲတွေ ဖြစ်သွားပြီးဒါကိုဖာထေးဖို့အတွက် တခြားတစ်ခုထပ်မံရှာဖွေ လုပ်ဆောင်ကြရပါတယ်။ ဒီလိုနဲ့ နွံအိုင်ထဲမှာ ရုန်းလို့မရတော့ပဲ သံသရာလည်နေပါတော့တယ်။ ဒီလူတွေကို "Dreamer who want to be catch the moon"လမင်းကြီးကိုမှ လိုချင်မိတဲ့ အိပ်မက်ခရီးသည်လို့ဆိုရမှာ ဖြစ်ပါတယ်။
"If you want to be Greatness, start from foundation'' ဆိုတဲ့အတိုင်း ကြီးကျယ်မြင့်မြတ်ခြင်းတွေကို
ရယူချင်ပေမယ့်လည်း အောက်ခြေကနေသာ စဖို့ကြိုးစားသင့်ပါတယ်။ အောက်ခြေမခိုင်ရင် ယိုင်လဲတတ်တာကို သတိမူသင့်ပါတယ်။

(၃) ဈေးကွက်အစီအမံတွေအားနည်းတာ
ကျားကုတ်ကျားခဲအားထုတ်ခြင်း စူးစမ်းလေ့လာခြင်း တီထွင်ကြံဆခြင်းနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်ခြင်းတွေဟာ စီးပွားရေးသမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေထဲက တစ်ချက်လောက်ဖြစ်ဖြစ် ချို့ယွင်းသွားရင်တောင် အခြားသူတွေထက်နောက်ကောက်ကျ ကျန်ရစ်ခဲ့ပါလိမ့်မယ်။ ကုန်ပစ္စည်းထုတ်ပိုးမှု ပုံစံကောင်းနေရုံနဲ့မရပါဘူး။ ဈေးကွက်ထိုးဖောက်မှု အားကောင်းမှ သင့်ရဲ့ထုတ်ကုန်တွေကို လူသိများမှာဖြစ်ပါတယ်။ ဒီလိုထိုးဖောက်ရာမှာလည်း ပစ်မှတ်ကိုထိမှန်အောင် ဘယ်လောက်အထိ ပစ်ခတ်နိုင်စွမ်းရှိသလဲဆိုတဲ့ အချက်ကလည်းအရေးကြီးပါတယ်။ ကြော်ငြာအားကောင်းဖို့ လူအများမှတ်မိလွယ်တဲ့ နာမည်ဖြစ်ဖို့နဲ့ လူတွေရဲ့ပါးစပ်ဖျားမှာ စွဲနေတဲ့စကားလုံးတွေကို ရှာဖွေရွေးချယ်ကြော်ငြာတတ်ဖို့ကလည်း အရေးကြီးတဲ့နောက်ထပ်
အချက်အလက်တွေပါပဲ။

(၄) နည်းပညာဆိုင်ရာအကြံပေးချက်နဲ့ပတ်သက်တာ
သင်ဟာပညာရှင်တစ်ယောက်မဟုတ်ရင်လည်း သင့်ဆီမှာပညာရှင်တွေ အလုပ်လုပ်နေကြဖို့လိုပါတယ်။ ဒါမှသာသင့်ရဲ့ ထုတ်ကုန်နဲ့ပတ်သက်ပြီး အရေးပါတဲ့နည်းပညာဆိုင်ရာ အစီအမံတွေကို အဆင့်အတန်းမီအောင်လုပ်ဆောင်နိုင်
မှာဖြစ်ပါတယ်။ နည်းပညာဆိုင်ရာနဲ့ပတ်သက်ပြီး အကျိုးသက်ရောက်မှုဟာ ထုတ်လုပ်မှုအပိုင်းမှာ တင်မကပဲထိန်းသိမ်းမှုအပိုင်းအတွက်ပါ အရေးကြီးလှပါတယ်။ ဒါ့အပြင်သင့်ရဲ့ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီးနည်းပညာတွေ ဘယ်လိုတိုးတက်ပြောင်းလဲလာပြီလဲဆိုတာကို လည်းမျက်ခြေမပြတ် စောင့်ကြည့်နားစွင့်ထားဖို့လိုပါသေးတယ်။

(၅) မတည်ငွေတွေကိုချင့်ချိန်သုံးစွဲခြင်းမရှိတာ
ကုန်ပစ္စည်းထုတ်လုပ်ခြင်းနဲ့ ပတ်သက်လို့အသုံးပြုရမယ့် ငွေကြေးပမာဏကို လျာထားမှုတွေ လုပ်ထားရပါလိမ့်မယ်။ ဒီလိုမျိုးလုပ်ငန်းအတွက် အတွေ့အကြုံရှိပြီးသားဆိုရင် သင့်အနေနဲ့လျာထားချက်တွေလုပ်ဖို့ သိပ်မခက်ခဲနိုင်ပါဘူး။
ဒီလျာထားချက်မှာ မမျှော်မှန်းနိုင်တဲ့ စရိတ်တချို့ထည့်ပေါင်းပြီးရင် သင့်အနေနဲ့လျာထားချက်အတိုင်း ဝင်အောင်သုံးစွဲဖို့ ကြိုးစားရပါလိမ့်မယ်။ ဒါမှမဟုတ်မမြင်နိုင်တဲ့စရိတ်တွေ ထည့်ပေါင်းမထားတဲ့ လျာထားချက်ကိုသင့်ရဲ့ လက်အောက်မှာရှိတဲ့ သက်ဆိုင်ရာဌာနက ဝန်ထမ်းတွေဆီပေးပြီး မောင်းနှင်နိုင်ပါတယ်။ ဒါပေမယ့်လုပ်ငန်းစဉ်အဆင့်ဆင့်တိုင်းမှာတော့ စိစစ်နိုင်ဖို့လိုပါတယ်။ မလုပ်သင့်တဲ့အချက်ကတော့ ဒီလုပ်ငန်းအတွက်မတည်ထားတဲ့ ငွေကြေးထဲကတချို့ကို တခြားလုပ်ငန်းထဲမှာရင်းနှီး မြှုပ်နှံတာပါပဲ။ ဟိုဖက်ကလည်း ငွေမပေါ်သေးတဲ့ အချိန်ဒီဖက်အလုပ်ကလည်း ငွေလိုလာတဲ့အချိန်မှာဆိုရင်တော့ သင့်အနေနဲ့ လည်ပင်းကြိုးကွင်းစွပ်သလိုဖြစ်နေမှာပါ။ ဒါက self-defeating တစ်မျိုးပဲဖြစ်ပြီး ဒီအချက်ကြောင့်လည်း အောင်မြင်ရေးလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် အကြောင်းအရာတစ်ခုဆီကို ချဉ်းကပ်ရာမှာ တခါတလေတော့လည်း သမရိုးကျအတိုင်းလုပ်လို့ မရနိုင်ပါဘူး။ ဒါ့အပြင်လုပ်မယ့်ကိစ္စအတွက် ကြိုတင်ပြင်ဆင်ချိန် လုံလောက်စွာရယူထားခြင်းနဲ့ မကျွမ်းကျင်တဲ့အရာကို စမ်းသပ်တဲ့အခါ ချင့်ချိန်စွာရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းကလည်း အောင်မြင်ရေးလမ်းကြောင်းအတွက် အရေးပါတဲ့သော့ချက်တွေပါပဲ။

ရာသက်ပန်
(သစ္စာပန်းတို့လန်းရာမြေ )

Previous Next