24 Dec, 2018
လုပ်ငန်းခွင်ထဲက သဘောထားကွဲလွဲမှုတွေကို ဘယ်လိုဖြေရှင်းမလဲ

    အလုပ်ထဲမှာသဘောထားကွဲလွဲမှု တွေ၊ အချင်းချင်းအဆင်မပြေမှုတွေ၊ မကျေ နပ်မှုတွေဖြစ်တတ်တာက သဘာဝကျပါ တယ်။ ကိုယ်ပိုင်ဘဝထက် အလုပ်ထဲမှာ အလုပ်လုပ်ရင်းနေထိုင်ရတဲ့ဘဝကပိုများ တာကြောင့်လည်းပါပါတယ်။ မောင်နှမ သားချင်းထဲမှာတောင် တစ်ခါတလေစိတ် အခန့်မသင့်တာတွေ၊ မကျေနပ်တာတွေ၊ သဘောထားမတိုက်ဆိုင်တာတွေရှိလေ တော့ သူစိမ်းတွေချည်းစုနေကြတဲ့ လုပ်ငန်း ခွင်မှာပိုတောင်မှ ဒီလိုအခြေအနေမျိုးတွေ ကြုံရနိုင်ပါတယ်။ အလုပ်ထဲကသဘော ထားမတိုက်ဆိုင်တဲ့ကိစ္စတွေက သဘာဝကျပါတယ်။ ဒါပေမဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့အဆင့်ကနေ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်သူလိုဆက်ဆံနေမယ် ဆိုရင်တော့ အဲဒီလုပ်ငန်းခွင်က အန္တရာယ်ရှိပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ဦးနဲ့တစ်ဦး ရန်စောင်နေကြတဲ့ လုပ်ငန်းခွင်က လုပ်ငန်းမတွင်ကျယ်နိုင်သလို၊ အောင်မြင်တဲ့လုပ်ငန်းတစ်ခုလည်းဖြစ်မလာနိုင်ပါဘူး။
    လုပ်ငန်းခွင်ထဲမှာဖြစ်တတ်တဲ့ပြဿ နာတွေကိုလေ့လာကြည့်လိုက်ရင် ကြိုးကိုင် ခြယ်လှယ်ချင်တဲ့သူတွေ၊ ပုဂ္ဂိုလ်ရေးဆန် ဆန်အငြိုးကြီးသူတွေ၊ ငါတကောကောသူ တွေ၊ ခွဲခြားဆက်ဆံတတ်သူတွေစတဲ့သူ တွေကြောင့် လုပ်ငန်းခွင်အတွင်းမှာ မညီ ညွတ်မှုတွေ၊ ပြဿနာတွေ၊ အဆင်မပြေမှု တွေ၊ ရန်လိုမှုတွေဖြစ်စေပါတယ်။ ဒီတော့ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ အဲဒီလိုပြဿနာတွေ ကြုံလာရရင် ဘယ်လိုကိုင်တွယ်ဖြေရှင်း သင့်သလဲဆိုတဲ့နည်းလမ်းတွေကို မျှဝေပေး ချင်ပါတယ်။
ပြဿနာတွေကိုမရှောင်ပါနဲ့
    ပြဿနာတွေကိုရှောင်လိုက်တာက ပြဿနာတွေကိုဖြေရှင်းတဲ့နည်းလမ်းမဟုတ် ပါဘူး။ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ လက်အောက်ဝန်ထမ်းဖြစ်စေ၊ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်စေ အချင်းချင်း မပြေ လည်မှုတွေရှိတဲ့အခါ သူတို့ရဲ့ပြဿနာတွေ ကိုရင်ဆိုင်ဖြေရှင်းပါ။ တချို့ပြဿနာတွေ က ဘာမဟုတ်တဲ့ကိစ္စရပ်တွေမှာအချင်း ချင်းနားလည်မှုလွဲတာတွေကတစ်ဆင့် ကြားစကားတွေဝင်လာတဲ့အခါ ပိုပြီးကြီး မားတဲ့ ပြဿနာတွေဖြစ်လာတတ်ပါတယ်။ ဒီတော့ ပြဿနာတွေကြီးထွားမလာခင်၊ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ပြဿနာတွေ ပြေလည်သွားဖို့တစ်ခုတည်းသော နည်း လမ်းကတော့ ပြဿနာကိုရင်ဆိုင်ဖြေရှင်း တာပါပဲ။
နှစ်ဖက်စလုံးရဲ့ပြောစကားကိုနား ထောင်ပါ
    တချို့ပြဿနာတွေက တုံ့ပြန်လိုက် တာထက်၊ နားထောင်လိုက်တာကပိုပြီး ဖြေရှင်းဖို့လွယ်ကူပါတယ်။ ဒါကြောင့်နှစ် ဖက်စလုံးက ပြောစကားတွေကိုနားထောင် ပါ။ ဒီလိုနားထောင်လိုက်တာကဖြေရှင်းဖို့ နည်းလမ်းတွေရရှိစေနိုင်ပါတယ်။ ဖြစ်လာ သမျှပြဿနာတိုင်းက နားလည်မှုလွဲမှား တာ၊ တစ်ဦးနဲ့တစ်ဦးသဘောထားမတိုက် ဆိုင်တာ၊ ငါဆိုတဲ့ အတ္တစိတ်တွေကိုအ ခြေခံပါတယ်။ ဒါကြောင့်နှစ်ဖက်စလုံးရဲ့ အမြင်တွေ၊ ပြောစကားတွေ၊ ခံစားချက် တွေကိုနားထောင်ဖို့မမေ့ပါနဲ့။ တစ်ဖက် တည်း နားထောင်ပြီး ဖြေရှင်းလိုက်တာက ပြဿနာဖြေရှင်းနည်းမဟုတ်ပါဘူး။ နှစ် ဖက်မျှမျှတတနားထောင်ပါ။ ပြောခွင့်ပေး ပါ။ 
ပြဿနာရဲ့အရင်းအမြစ်ကိုရှာဖွေပါ
    နောက်တစ်ချက်ကတော့ ပြဿနာ ရဲ့အတိမ်အနက်နဲ့ အရင်းအမြစ်ကိုရှာဖွေ ပါ။ တစ်ယောက်ကိုတစ်ယောက်အပြန် အလှန်အပြစ်ဖို့နေတာမျိုးက အလုပ်မဖြစ် ပါဘူး။ ဘယ်အရာကြောင့်ပြဿနာဖြစ်စေ သလဲဆိုတဲ့အချက်ကိုရှာဖွေပြီးဖြေရှင်းပေး ဖို့လိုပါတယ်။ လူတိုင်းမှာတစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့အမူအကျင့်တွေ၊ အပြုအမူတွေ၊ အကျင့်စရိုက်တွေရှိကြပါ တယ်။ လုပ်ငန်းခွင်မှာလည်း မတစ်ရာသား တွေဖြစ်တဲ့အတွက် တစ်ဦးနဲ့တစ်ဦးအကျင့် တွေမတူညီကြပါဘူး။ ဒီတော့သဘောထား ချင်းမတိုက်ဆိုင်တာတွေ၊ ခိုက်ရန်ဖြစ်ပွား တာတွေလည်းရှိတတ်ပါတယ်။ အဲဒီအခါ မှာ ဘယ်ကနေစပြီးပြဿနာဖြစ်စေသလဲ ဆိုတဲ့အချက်ကိုတွေ့အောင်ရှာဖို့လိုပါတယ်။ တချို့တွေကျတော့လည်း ဘာမဟုတ်တဲ့ ပြဿနာသေးသေးမွှားမွှားလေးကစပြီး နားလည်မှုတွေလွဲပြီး အဆင်မပြေဖြစ်ကြ တာပါ။ တစ်ယောက်အကြောင်း တစ် ယောက်သိသွားတော့လည်း ဒီလိုပဲအဆင် ပြေသွားကြတာပါပဲ။ ပြဿနာရဲ့အစကို သိရရင် ဘယ်ကိစ္စမဆိုဖြေရှင်းရတာလွယ် ကူပါတယ်။ 
မျက်နှာချင်းဆိုင်တွေ့ဆုံပါစေ
    လုပ်ငန်းခွင်ထဲမှာ အချင်းချင်းမတည့် သူတွေကို အစည်းအဝေးခန်းမှာဖြစ်ဖြစ်၊ ရုံးကပျော်ပွဲရွှင်ပွဲတွေမှာပဲဖြစ်ဖြစ် မျက်နှာ ချင်းဆိုင်တွေ့ဆုံပေးဖို့လိုပါတယ်။ လုပ်ငန်း ခွင်ပြင်ပမှာဆိုရင် အလုပ်ကိစ္စနဲ့မဆိုင်တဲ့ ကိစ္စရပ်တွေ၊ နားလည်မှုလွဲနေတာတွေ၊ တစ်ဦးနဲ့တစ်ဦးအချိန်အဆက်မမိတာလေး တွေကို နားလည်မှုယူဖို့ အချိန်ကောင်းပါ ပဲ။ ဒါကြောင့် ဝန်ထမ်းတွေကို အပျော်ခရီး ထွက်ပေးတာ၊ ပါတီကျင်းပပေးတာက လည်း ဝန်ထမ်းတွေအတွက်အထောက်အ ပံ့ဖြစ်စေပါတယ်။ 
လမ်းညွှန်မှုပေးပါ
    ပြဿနာအရပ်ရပ်ကိုသိရှိပြီးတဲ့အ ချိန်မှာ မှန်ကန်တဲ့လမ်းညွှန်ချက်ပေးဖို့ လည်းလိုပါတယ်။ ဒီနေရာမှာကိုယ့်လူဖြစ် လို့ဘက်လိုက်တာမျိုး၊ တစ်ဖက်ကိုပိုပြီး အပြစ်လွှဲချလိုက်တာမျိုးမလုပ်မိဖို့လိုပါတယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်၊ သုံးသပ်ချက်တွေက မျှတဖို့လိုပါတယ်။ ဒါမှသာ လုပ်ငန်းခွင် အတွင်းက ပဋိပက္ခတွေ၊ ပြဿနာတွေ၊ အငြင်းပွားနေတာတွေကို လျှော့ချပေးနိုင် မှာဖြစ်ပါတယ်။ ဒီအချက်တွေဖြေရှင်းတဲ့ အခါမှာ အကြီးအကဲတွေရဲ့စီမံခန့်ခွဲမှုစွမ်း ရည်ကလည်း အရေးကြီးပါတယ်။ စီမံခန့် ခွဲမှုလိမ်မာပါးနပ်ရင် ပါးနပ်သလို လုပ်ငန်း ခွင်ပဋိပက္ခတွေကိုလည်းလျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုစီမံခန့်ခွဲတဲ့နေရာမှာ မျက်နှာလိုက်တာ၊ ကိုယ့်လူ သူ့လူခွဲခြား တာတွေကြောင့်လည်း လုပ်ငန်းခွင်မှာ သဘောထားကွဲလွဲမှုတွေ၊ အငြင်းပွားမှုတွေ ဖြစ်လာစေနိုင်တာပါ။ ဒီတော့ခေါင်းဆောင် တွေကိုယ်တိုင်က ကျောသား၊ ရင်သားမခွဲ ခြားဘဲ မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ မှန်ကန်တဲ့ လမ်းညွှန်မှုမျိုးနဲ့အုပ်ချုပ်နိုင်မှသာ စည်းလုံး တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်လာနိုင်မှာပါ။
လုပ်ငန်းခွင်ငြိမ်းချမ်းမှုတွေကို ပျက်စီး စေတဲ့အရာတွေကို ဖော်ထုတ်ပါ
    တချို့ပဋိပက္ခတွေက အသက်အရွယ် ကွာခြားတာ၊ ယောကျာ်းမိန်းမခွဲခြားဆက် ဆံတာ၊ ကျင့်ဝတ်ဖောက်ဖျက်တာ၊ ပုဂ္ဂိုလ်  ရေးစွက်ဖက်တာ၊ အသားအရောင်ခွဲခြား ဆက်ဆံတာ၊ သူတစ်ပါးရဲ့အားနည်းချက် ကိုထိုးနှက်တာစတဲ့ပြဿနာတွေပဲဖြစ်ပါ တယ်။ ဒီလိုပြဿနာတွေဖြေရှင်းဖို့ဆိုရင် လူတိုင်းမှာ တစ်ဦးကိုတစ်ဦးလေးစားတဲ့ စိတ်၊ တစ်ပါးသူရဲ့ယုံကြည်လေးစားမှုကို လေးစားတဲ့စိတ်၊ တစ်ပါးသူရဲ့ဖြစ်တည်မှုကို လေးစားတတ်တဲ့စိတ်၊ စာနာနားလည်စိတ် တွေရှိကြဖို့လိုပါတယ်။ ဒါတွေကအခြေခံ လူ့ကျင့်ဝတ်တွေပါ။ လူတိုင်းမှာအခြေခံ လူ့ကျင့်ဝတ်တွေလေးစားလိုက်နာကြမယ် ဆိုရင် လုပ်ငန်းခွင်မှာဖြစ်တတ်တဲ့ သဘော ထားမတိုက်ဆိုင်မှုတွေ၊ အငြင်းပွားမှုတွေ ကိုတားဆီးရပ်တန့်နိုင်ကြမှာပါ။ အဓိကက တော့ လုပ်ငန်းခွင်ထဲမှာ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိဖို့လိုပါတယ်။ လေးစားမှုဆိုတာ ရာထူးကြီးငယ်နဲ့မဆိုင်ပါဘူး။ ကိုယ့်ထက် ရာထူးငယ်သူကိုလည်း လေးစားတတ်ရပါ မယ်။ နောက်ဆုံးတစ်ချက်ကတော့ ခွဲခြား ဆက်ဆံမှုမလုပ်ဖို့ပါ။ လူတိုင်းအပေါ်မှာ တပြေးညီဆက်ဆံပြီး လေးစားမှုရှိတဲ့လုပ် ငန်းခွင်တိုင်းကသာ သာယာပျော်ရွှင်တဲ့ လုပ်ငန်းခွင်ဖြစ်နိုင်မှာပါ။ 


ကျော့ကေခိုင်

Previous Next