11 Feb, 2019
လစာကောင်းတိုင်း အလုပ်မပြောင်းကြတော့ဘူးတဲ့လား

တလောက SEMINAR ပွဲလေး တစ်ပွဲလုပ်ဖြစ်လို့ ရင်းနှီးတဲ့ လုပ်ငန်းရှင်တွေဆီက ဝန်ထမ်းတွေ တက်ခွင့်ရစေဖို့ Value-Added Services အနေနဲ့ ဖုန်းဆက်ပြီး အကြောင်းကြား ဖိတ်ကြားပေးဖြစ်ပါတယ်...
အဲ့ဒီမှာ မမျှော်လင့်ဘဲ... လုပ်ငန်းရှင်တစ်ယောက်ဆီကနေ ထူးခြားတဲ့စကားတစ်ခွန်းကို ရုတ်တရတ် ကြားလိုက်ရတယ်။ ။
ဘာလဲဆိုတော့...

လုပ်ငန်းရှင်


"ဆရာတို့ပွဲလုပ်တာ အရမ်းကောင်းပါတယ်.. ရည်ရွယ်ချက်ရော ခေါင်းစဉ်ရွေးထားတာရော လူငယ်တွေအတွက် တကယ့်လိုအပ်ချက်တစ်ခုပါပဲ။
ဒါပေမယ့်...နည်းနည်းလောက် အကြုံပြုချင်ပါတယ်ဆရာ... ကျနော့်အနေနဲ့... ဆရာတို့ကြော်ငြာမှာ...
 အလုပ်လိုအပ်တဲ့သူတွေအနေနဲ့ CVဖောင်ပါ တစ်ခါတည်း ယူလာခဲ့ကြဖို့ဆိုတဲ့စာသားကိုတော့ မကြိုက်ဘူးဆရာ။ ။
ဘာလို့လဲဆိုတော့...
-ကျနော်တို့က SEMINAR ကို ဝန်ထမ်းတွေလွှတ်လိုက်ပြီးမှ အဲ့ဒီဝန်ထမ်းတွေက အလုပ်လျှောက်လိုက်လို့ တခြားကုမ္ပဏီ ပြောင်းသွားခဲ့ရင် ကျနော့်ကုမ္ပဏီ ဒုက္ခရောက်သွားမှာကိုတော့ စိုးရိမ်တယ်ဆရာ။ ။
- ပြောင်းသွားတာက သိပ်ကိစ္စမရှိသေးပါဘူးဆရာ။ ပြောင်းသွားတဲ့ လူနေရာ ပြန်ဖြည့်ဖို့ ကျနော်တို့မှာ လူပြန်ရှာရ၊ ပြန်သင်ပေးရနဲ့ အချိန်ကုန်၊ ငွေကုန်တဲ့အပြင် ကိုယ်က သင်ပေးလိုက် သူများက ကောက်စားသွားလိုက် ဖြစ်နေပါမယ်ဆရာ။ ။  အဲ့တော့....ကိုယ်ကသင်ပေးချင်ရင်တောင် သူများအတွက် ဆိုတာကြီးက ခေါင်းထဲရောက်ရောက်လာတယ်ဆရာ။ ။
 ပြီးတော့...ကျနော်တို့ ကုမ္ပဏီက ဆရာသိတဲ့အတိုင်းပဲ... တခြားနိုင်ငံခြား ကုမ္ပဏီကြီးတွေလို အရမ်းအကြီးကြီး မဟုတ်တော့ ကိုယ့်ဆီက ထွက်မသွားအောင် လစာတွေအများကြီး ပေးထားပြီးလည်း မဆွဲနိုင်ဘူးလေဆရာ။ ။ အဲ့တော့...ရာထူးချင်းအတူတူ ကိုယ့်ထက် လစာပိုပေးတဲ့ အလုပ်ကို တွေ့သွားရင် ပြောင်းပြေးမှာလည်း ကြောက်ရသေးတယ် ဆရာရေ။ ။
ကဲ...ဟုတ်ပြီ ဒီလိုဆိုတော့လည်း ပြန်မေးရတော့တာပေါ့....

ကျွန်ုပ်


"အော်ဟုတ်ကဲ့...ခုလိုအကြံပေးတာ ကျေးဇူးအထူးတင်ပါတယ်ဗျာ... နောက်ပွဲတွေ စီစဉ်တဲ့အခါ ကျနော်တို့အနေနဲ့ သတိထားပါမယ်ခင်ဗျာ.. ဒါနဲ့ နည်းနည်းလောက် မေးခွင့်ပြုပါဗျာ...
ကျနော်တို့အနေနဲ့ ကြော်ငြာမှာ အလုပ်ဝင်လိုသူ/အလုပ်ရှာလိုသူများ အနေနဲ့လို့ သုံးနှုန်းထားတာပါ....ဒီတော့...
- နံပါတ်တစ် လူကြီးမင်းရဲ့ဝန်ထမ်းတွေအနေနဲ့ လူကြီးမင်းကုမ္ပဏီမှာ အလုပ်ရှိနေပြီသားဖြစ်လို့ ဘာကြောင့်
အလုပ်သစ်ထပ်ရှာမှာကို စိုးရိမ်နေတာပါလဲခင်ဗျာ။
- နံပါတ်နှစ် လူကြီးမင်းအနေနဲ့ ဝန်ထမ်းတွေဟာ လူကြီးမင်းရဲ့ အလုပ်မှာလုပ်ကိုင်ရတာ Motivation
မရှိကြဘူး၊ မပျော်ကြဘူး၊ သူတို့အလုပ်သစ် ရှာကြလိမ့်မယ်လို့ ထင်မြင်ယူဆနေမိပါသလား???
- နံပါတ်သုံး ဒါဆိုရင်..လူကြီးမင်းအနေနဲ့ သူတို့ရဲ့ Motivation ရအောင်၊ Satisfaction ရအောင်
သူ့တို့အတွက် ဘာတွေများ စဉ်းစားထားတာ ရှိပါသလဲခင်ဗျာ။
- နံပါတ်လေး နောက်တစ်ခါ.. လူကြီးမင်းအနေနဲ့ ဝန်ထမ်းတွေရဲ့ တိုးတက်မှုကို (ငွေမကုန်ဘဲ)
ဖြည့်ဆည်းပေးဖို့ထက် ကိုယ့်ဆီက ထွက်မသွားဖို့ကိုပဲ အရင်ဦးစားပေး စဉ်းစားနေသလို ဖြစ်မနေဘူးလား ခင်ဗျာ။
- နံပါတ်ငါး လူကြီးမင်းအနေနဲ့ မိမိရဲ့အလုပ်မှာ ဝန်ထမ်းတွေ ရေရှည်တည်မြဲဖို့အတွက် စဉ်းစားတဲ့အခါ
လစာဆိုတဲ့ (Financial Reward) တစ်ခုတည်းသာလျှင် အဓိကအရေးကြီးတယ်လို့ ထင်မြင်ယူဆပါသလား။
ဟုတ်ကဲ့.... ဒီအချက်တွေသာ တကယ်ဖြစ်နေခဲ့တယ် ဆိုရင်တော့ သေချာတယ်...အဲ့ဒီဝန်ထမ်းအနေနဲ့ ကျနော်တို့ Seminar လာမတက်လည်း သိပ်မကြာခင် (အထူးသဖြင့်) ဝန်ထမ်းတွေရဲ့ တိုးတက်မှုကို အလေးထားတဲ့ ကုမ္ပဏီကို ရှာတွေ့တာနဲ့ (ဆောရီးပါ) လူကြီးမင်းရဲ့ ကုမ္ပဏီကနေ ထွက်သွားလိမ့်မယ်ဆိုတာ ကျနော် ကျိန်းသေပြောရဲတယ်ဗျာ....

ဘာကြောင့်လဲဆိုတော့.... ဝန်ထမ်းချင်းပြိုင်တဲ့ခေတ်ကို ရောက်နေပြီ ဖြစ်လို့ပါပဲ။ ။
ဟုတ်ပါတယ်.... ပြိုင်ဆိုင်မှုများတဲ့ မျက်မှောက်ခေတ် စီးပွားရေးနယ်ပယ်မှာ ကုမ္ပဏီတွေအနေနဲ့ ...
 Product ချင်း ပြိုင်ရာကနေ Quality ချင်း ပြိုင်ကြတယ်...  Quality ချင်း ပြိုင်ရာကနေ Price ချင်း ပြိုင်ကြတယ်...  Priceချင်း ပြိုင်ရာကနေ Servicesချင်း ပြိုင်လာကြတယ်...
အကြောင်းကတော့.... စားသုံးသူဖောက်သည် တွေဘက်က စဉ်းစားကြည့်ရင်...Customer တွေအနေနဲ့....
Product ချင်းတူရင်.... Quality ပိုကောင်းတာကို ရွေးဝယ်ချင်ကြတယ်။ ။  Quality ချင်းတူရင်....Price (ဈေးနှုန်း) ပိုသက်သာတာကိုရွေးဝယ်ချင်ကြတယ်။ ။  Price (ဈေးနှုန်း) ချင်းတူရင်....Servicesပိုကောင်းတာကို ရွေးဝယ်ချင်ကြတယ်မဟုတ်လား။
ဆိုတော့... Services ပိုကောင်းဖို့ဆိုရင် မိမိအလုပ်မှာ ခန့်ထားတဲ့၊ ခန့်အပ်မယ့် ဝန်ထမ်းတွေ ကောင်းနေဖို့ တော်နေဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ Business Operation ကိစ္စတစ်ရပ်လုံးမှာ လူ့စွမ်းအားအရင်းအမြစ်ဆိုတဲ့ Human Resources ဟာ အဓိက Key Player အနေနဲ့ ပါဝင်ပတ်သတ်နေရတယ် မဟုတ်လားဗျာ။
ဒါကြောင့်... မျက်မှောက်ခေတ် စီးပွားရေးလုပ်ငန်းတိုင်းဟာ မိမိတို့ရဲ့လုပ်ငန်းတွေမှာ ကောင်းမွန်မှန်ကန်တဲ့ ဝန်းထမ်းတွေကို ခန့်အပ်နိုင်ဖို့၊ ထိန်းထားနိုင်ဖို့နဲ့ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာစေဖို့ ကာလရှည် အစီအစဉ်တွေ ရေးဆွဲပြီး ရင်းနှီးမြှုပ်နှံလာကြတာကို လူကြီးမင်းလည်း အသိပဲ မဟုတ်လားဗျာ။
ဒါဟာ.... ဘာကိုဦးတည်သလဲဆိုရင် ထူးချွန်ထက်မြက်တဲ့ ဝန်ထမ်းများ (တနည်းအားဖြင့်) Talented Workforce တစ်ရပ်ကို ပိုင်ဆိုင်ထားခြင်းဟာ ပြိုင်ဆိုင်မှုများတဲ့ ဈေးကွက်ထဲမှာ ပြိုင်ဘက်ထက် နှာတစ်ဖျားသာစေမယ့် Competitive Advantage ကို ရရှိပိုင်ဆိုင်စေဖို့ဆိုရင် မှားနိုင်မယ်မထင်ပါဘူး။ ။
ဆိုတော့.... ဒါကိုရဖို့ဆိုရင် လူကြီးမင်းအနေနဲ့ မိမိရဲ့ ဝန်ထမ်းတွေ ထွက်သွားမှာ ကြောက်တာကို ခဏမေ့ထားပြီး သူတို့ရှိနေသေးချိန်မှာ ပျော်ရွှင်မှုရအောင်၊ Motivation ရှိအောင်၊ (အထူးသဖြင့်) ဝန်ထမ်းတွေရဲ့ Personal Developement, Career Development ဖြစ်အောင် ကြိုးစားပြီး ဖြည့်ဆည်းပေးသင့်တယ် မဟုတ်လားဗျာ....
ယနေ့ခေတ်မှာ....ဝန်ထမ်းတွေအနေနဲ့ အလုပ်တစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွနဲ့ ရေရှည်လုပ်ကိုင်ဖို့ စဉ်းစားကြတဲ့အခါ Financial Reward ဆိုတဲ့ လစာတစ်ခုတည်းကိုပဲကြည့်ပြီး မစဉ်းစားကြတော့ဘူးဗျ...
တခြား Non-financial Reward တွေဖြစ်တဲ့ အသိအမှတ်ပြုမခံရတာ၊ Job Security မဖြစ်တာ၊ Pleasant & Productive Work Environment မဖြစ်တာ၊ Personal Developement & Career Development မရှိတာ၊ လုံလောက်တဲ့ (Delegation & Empowerment) မပေးတာ စတာတွေကိုလည်း ထည့်သွင်းစဉ်းစားလာကြပြီဗျ....
အဲ့တော့ နိုင်ငံခြား ကုမ္ပဏီကြီးတွေလို လစာအများကြီးမပေးနိုင်တာကို အားငယ်စရာမလိုသလို လစာအများကြီး ပေးထားတိုင်းလည်း အစောက Non-financial Reward တွေသာ မကောင်းခဲ့ရင် ဝန်ထမ်းရဲ့ Fully Engagement ကို မရနိုင်တဲ့အပြင် ကိုယ့်ထက်သာတဲ့ တခြား Organization ကိုတွေ့တာနဲ့ ပြောင်းသွားကြမှာ မဆန်းပါဘူး။ ။


လုပ်ငန်းရှင်

ဟာ...မှန်လိုက်တာဆရာ…ကျနော် ဒါတွေကို စဉ်းစားမိဘူးဖြစ်နေတာဆရာ.... ကုန်ပစ္စည်းတွေ ရောင်းကောင်းအောင်သာ အာရုံစိုက်နေရတော့ ဒါတွေကို သတိမထားမိလိုက်ဘူး ဖြစ်သွားတယ်ဆရာရေ...ဗဟုသုတ မရှိတာလည်း ပါတာပေါ့ဆရာရယ်...(ဟဲဟဲ)...အခုလို စိတ်ရှည်လက်ရှည် ရှင်းပြပေးတာ ကျေးဇူးအထူးတင်ပါတယ်ဆရာ...
 အခုလို အချိန်တိုလေးအတွင်းမှာတောင် ဒီလောက်စိတ်ရှည် လက်ရှည်နဲ့ ရှင်းပြနိုင်ရင် Seminar မှာဆို တက်ရောက်လာကြသူတွေ တော်တော် ဗဟုသုတတွေ ရကြမှာပဲဆိုတာ ယုံကြည်ပါတယ်ဆရာ... ကျနော့် ကုမ္ပဏီက ဝန်ထမ်းတွေ တိုးတက်ဖို့အတွက် 10ယောက်စာ ခုံချန်ထားပေးပါဆရာ....

ကျွန်ုပ်

ဟုတ်ကဲ့ပါဗျာ...ချန်ထားပေးဖို့ ပြောလိုက်ပါမယ်ဗျာ... အော်...ဒါနဲ့ အဲ့နေ့ပွဲမှာတော့ တက်ရောက်လာသူတွေကို အခုလို လစာအပြင် အခြားခံစားခွင့်တွေပါ ကောင်းကြရဲ့လားလို့ မမေးပါဘူးဗျာ...စိတ်ချ...ဘာလို့လဲဆိုတော့ အဲ့ပွဲက Sales & Marketing အကြောင်း ပြောမယ့်ပွဲ ဖြစ်နေလို့ပါဗျာ...ဒါပေမယ့်...နောက်တစ်ခေါက် HR အကြောင်းပြောမယ့်ပွဲကျရင်တော့ မေးမှာနော်...အဲ့ပွဲကျရင်တော့ ဝန်ထမ်းတွေ မလွှတ်နဲ့ပေါ့ဗျာ.. မဟုတ်ဘူးလား။

လုပ်ငန်းရှင်

ဟာ...ဆရာကတော့ နောက်ပြီ...မဟုတ်ပါဘူး....မေးလို့ရပါတယ်ဆရာ...ကျနော်လည်း ဒီနေ့ကစပြီး ကျနော့်ရဲ့ ဝန်ထမ်းတွေအတွက် Financial ရော Non-financial ရော သူများတွေထက် အဆင့်အတန်းမနိမ့်အောင် ပေးမယ်လို့ Message ပေးရင်း ဝန်ထမ်းချင်းပြိုင်တဲ့ခေတ်ကို အမှီလိုက်ဖို့ ကြိုးစားတော့မယ်ဗျာ...

ကျွန်ုပ်

အာ်...ဒါနဲ့...မေ့တော့မလို့...အဓိကတစ်ချက် ပြောချင်တာက ကျနော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ Client Company တွေမှာ လက်ရှိလုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေကို အလုပ်ရှာဖွေရေး ဝန်ဆောင်မှု မပေးဘူးဆိုတာပါပဲဗျာ...
ကျေးဇူးတင်ပါတယ်။ ။ဲ
Aung Phyo Latt (RIGHT & JUSTICE)

Previous Next