03 Mar, 2019
F4 အစွမ်းနဲ့ သင့်လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပါ

ဒီခေါင်းစဉ်အောက်မှာတော့ ကျနော့်အနေနဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည်တွေကို F4 အစွမ်းနဲ့ မြှင့်တင်လို့ရတယ်ဆိုတဲ့ အကြောင်းလေးကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ ခေါင်းစဉ်ကို ဖတ်ပြီး F4 ဆိုတာ ဘယ်သူလဲ၊ ဘာကြီးလဲပေါ့ စသည်ဖြင့် သိချင်နေကြမယ်ထင်ပါတယ်။ တကယ်တော့ ကျနော် ဝေမျှပေးချင်တဲ့ F4 ဆိုတာ 2001 ခုနှစ်က စတင်ပေါ်ပေါက်ခဲ့ပြီး 2003 ခုနှစ်မှာ MTV Asia Award ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ ပျိုမေတွေအသဲစွဲ F4 Boy Band ထဲက Jerry Yan, Vanness Wu, Ken Chuနဲ့ Vic Chouတို့ကို ပြောတာမဟုတ်ပါဘူး။ ဒီ F4 မင်းသားတွေလိုပဲ အခုကျနော် တင်ပြမယ့် F4 ဖြစ်တဲ့ (F) လေးလုံးကိုသာ စီးပွားရေးလုပ်ငန်းတွေမှာ စနစ်တကျ ကျင့်သုံးမယ်ဆိုရင် သင့်လုပ်ငန်းရဲ့ဖောက်သည်တွေအနေနဲ့ သင့်လုပ်ငန်းကို ပြိုင်ဘက်တွေထက် သာလွန်ပြီးတော့ အသဲစွဲ ကြိုက်နှစ်သက် လာကြလိမ့်မယ်လို့ ရဲရဲကြီး အာမခံပါတယ်။ ကဲ...ဒီလောက်တောင် ညွှန်းနေမှတော့ ကျွန်တော် ဝေမျှပေးမယ့် F4 မင်းသားလေးပါးဟာ ဘယ်သူတွေလဲဆိုတာ ကြည့်ကြည့်ရအောင်ပါ။

ပထမဆုံး ကျနော်ဝေမျှပေးချင်တဲ့ F4 မင်းသားတစ်လက်ကတော့ Fast ဆိုတဲ့ မင်းသားလေးပဲ ဖြစ်ပါတယ်။

Fast (မြန်ဆန်မှုရှိပါစေ)

စီးပွားရေးလုပ်ငန်းတွေ (အထူးသဖြင့်) ဝန်ဆောင်မှုအသားပေး လုပ်ငန်းတွေဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်း၊ Online Shopping လုပ်ငန်း အစရှိသဖြင့် ဒီလုပ်ငန်းတွေအနေနဲ့ ပထမဆုံး F4 မင်းသား တစ်ပါးဖြစ်တဲ့ Fast (မြန်ဆန်စေခြင်း)ကို အသုံးချခြင်းဖြင့် သင့်လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်လို့ရပါတယ်။

ဥပမာ သင့်အနေနဲ့ စားသောက်ဆိုင်လုပ်ငန်းလုပ်တယ်ဆိုပါစို့။ သင့်ဆိုင်မှာ လာစားမယ့် စားသုံးသူတွေအနေနဲ့ သင့်ဆိုင်ကို လာရောက်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဗိုက်ဆာတာကို ဖြည့်ဆည်းချင်လို့ ဖြစ်ပါတယ်။ ဒီတော့ မိတ်ဆွေအနေနဲ့ ဒီလိုရည်ရွယ်ချက်နဲ့ ဆိုင်ကိုလာစားတဲ့ စားသုံးသူဖောက်သည်အတွက် ထမင်းဟင်း တစ်ခါစားနိုင်ဖို့  ဝန်ဆောင်မှုပေးတဲ့အခါမှာ ဝန်ဆောင်မှု Process ဟာ ပုံမှန် ကြာသင့်တာထက်ကြာနေရင် (တနည်းအားဖြင့်) Fast ဆိုတဲ့ မြန်ဆန်မှု မရှိဘူးဆိုရင် သူ့ရဲ့ ဆာလောင်နေတဲ့လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မှာ မဟုတ်လို့ Customer Satisfaction ကို အပြည့်အဝ ရရှိစေမှာ မဟုတ်ပါဘူး။

ထို့အတူပဲ နောက်ထပ်ဝန်ဆောင်မှု အသားပေးလုပ်ငန်းတစ်ခုဖြစ်တဲ့ (အထူးသဖြင့်) ယနေ့မှာ အပြိုင်အဆိုင် ပေါ်ပေါက် လုပ်ကိုင်နေကြတဲ့ Online Shopping လိုလုပ်ငန်းတွေ အနေနဲ့လည်း မိမိတို့ရဲ့ ဝန်ဆောင်မှု Process တွေမှာ Fast ဆိုတဲ့ မြန်ဆန်မှုရှိဖို့ အရေးကြီးပါတယ်။ မိမိရဲ့ Online Shopping ကနေ ဝယ်ယူလိုက်တဲ့ ပစ္စည်းတစ်ခုခုကို Customer လက်ထဲကို အမြန်ဆုံး ရောက်ရှိနိုင်အောင် ဝန်ဆောင်မှု ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ Customer ရဲ့ ယုံကြည်နှစ်သက်မှုကို ရရှိပိုင်ဆိုင်စေမှာဖြစ်ပြီး နောက်တစ်ကြိမ် ဝယ်ယူချင်စိတ်ကို ရရှိပိုင်ဆိုင်စေမှာပဲ ဖြစ်ပါတယ်။ ဒါကတော့ မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ F4 ထဲက ပထမဆုံး F တစ်လုံးဖြစ်တဲ့ Fast (မြန်ဆန်မှုရှိပါစေ) ဆိုတဲ့ စကားလုံးလေးကို အသုံးချပြီး မိမိတို့ရဲ့ စီးပွားရေး စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်တယ်ဆိုတာကို တင်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒုတိယအနေနဲ့ ကျနော်ဝေမျှပေးချင်တဲ့ F4 မင်းသားတစ်လက်ကတော့ Flexible ဆိုတဲ့ မင်းသားလေးပဲ ဖြစ်ပါတယ်။

Flexible (လိုက်လျောညီထွေမှုရှိပါစေ)

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ Customer တွေရဲ့ လိုအင်ဆန္ဒ (သို့မဟုတ်) တောင်းဆိုချက်ကို ဖြည့်ဆည်းပေး တဲ့နေရာမှာ Flexible ဆိုတဲ့ လိုက်လျောညီထွေမှု ရှိဖို့လည်း အရေးကြီးပါတယ်။ ဥပမာအနေနဲ့ အထက်ပါ စားသောက်ဆိုင်လုပ်ငန်းကို ပြန်စဉ်းစား ကြည့်ကြရအောင်။ စားသောက်ဆိုင်ဆိုတဲ့ သဘာဝအတိုင်းပဲ စားဖိုမှူးတစ်ယောက်က ဟင်းလျာတွေကို သူ့ရဲ့ကျွမ်းကျင်မှုပေါ် မူတည်ပြီး ပုံစံတစ်မျိုးတည်း ချက်ပြုတ်ကြရတာ ဖြစ်ပါတယ်။ Customer ဆိုတဲ့ စားသုံးသူဆိုတာဟာလည်း အကြိုက်အမျိုးမျိုး ရှိတတ်ကြတဲ့ သဘာဝ ရှိကြပြန်တယ်မဟုတ်လား။ တစ်ချို့က ငန်တာကြိုက်တယ်၊ တစ်ချို့က ချိုတာကြိုက်တယ်၊ တစ်ချို့ကြပြန်တော့ ချဉ်ငန်စပ်ကြိုက်ကြပြန်တယ်၊ တစ်ချို့က အစပ်ကြိုက်ပြီး တစ်ချို့ကြပြန်တော့ အစပ်မစားနိုင်ပြန်ဘူး။ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ဆိုကြပါစို့..အငန်ကြိုက်တဲ့ စားသုံးသူ တစ်ယောက်က မိတ်ဆွေတို့ရဲ့ ဆိုင်ကို လာစားတယ်။ ဒါပေမယ့် ဆိုင်ကဟင်းတွေက ခပ်ပေါ့ပေါ့လေး ချက်ထားမိမယ်။ ဒီတော့ အငန်ကြိုက်တဲ့သူပီပီ သူ့ပါးစပ်နဲ့ အရသာက တစ်ခုခုလိုနေမယ်ပေါ့။ အဲ့ဒီမှာ ထုံးစံအတိုင်း သူစားမယ့်ဟာကို အငန်ထပ်ထည့်ပြီး ပြန်ပြင်ပေးဖို့ သေချာပေါက် တောင်းဆိုတော့မယ်။ ဒီလိုအခြေအနေမျိုးမှာ မိတ်ဆွေအနေနဲ့ ဟင်းကတော့ တစ်ပုံစံတည်း ချက်ပြုတ်ထားတာဖြစ်လို့ ပြင်လို့မရပါဘူးလို့ သွားပြောလို့မရပါဘူး။ သူလိုချင်တဲ့အတိုင်း ထပ်တူမကျရင်တောင် အနီးစပ်ဆုံးဖြစ်အောင် Flexible (လိုက်လျောညီထွေမှု) ရှိစွာနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ ဒီလို Customer တွေရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိစေမှာပဲဖြစ်ပြီး ကိုယ့်ဆိုင်ကို နောက်တစ်ကြိမ်ပြန်လာဖို့ တွန်းအားတစ်ရပ်ကို ဖန်တီးနိုင်မှာပဲ မဟုတ်ပါလား။ ပြိုင်ဆိုင်မှုများတဲ့ မျက်မှောက်ခေတ်မှာ မိတ်ဆွေတို့အနေနဲ့ ဒီလို Flexible (လိုက်လျောညီထွေမှု) မရှိတဲ့ လုပ်ငန်းတွေကို အများကြီး ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီအတွက် အကောင်းဆုံး ဥပမာကတော့ မိမိတို့ဆိုင်ရှေ့မှာ တစ်ခွန်းဆိုင် (ဈေးမဆစ်ရ) ဆိုပြီး စာလုံးအကြီးကြီး ချိတ်ဆွဲပြီး ရောင်းနေကြတဲ့ ဆိုင်တွေက ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒါကတော့ မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ F4 ထဲက ဒုတိယ Fတစ်လုံးဖြစ်တဲ့ Flexible (လိုက်လျှောညီထွေမှုရှိပါစေ) ဆိုတဲ့ စကားလုံးလေးကို အသုံးချပြီး မိမိတို့ရဲ့ စီးပွားရေး စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်တယ်ဆိုတာကို တင်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။

တတိယအနေနဲ့ ကျနော်ဝေမျှပေးချင်တဲ့ F4 မင်းသား တစ်လက်ကတော့ Friendly ဆိုတဲ့ မင်းသားလေးပဲ ဖြစ်ပါတယ်။

Friendly (ရင်းနှီးဖော်ရွေမှုရှိပါစေ)

Supermarket တွေကို ကျနော်တို့ ဈေးဝယ်ထွက်ကြတဲ့အခါ ဈေးဝယ်တဲ့နေရာ၊ ငွေရှင်းတဲ့နေရာတွေမှာ Friendly (ရင်းနှီးဖော်ရွေမှု) မရှိဘဲ မျက်နှာတွေ စူပုပ်ပြီး ဝန်ဆောင်မှုပေးကြတဲ့ ဝန်ထမ်းတွေနဲ့ ကြုံဖူးကြလိမ့်မယ် ထင်ပါတယ်။ ဝန်းထမ်းတွေရဲ့ ဒီလိုအပြုအမူတွေဟာ ဈေးဝယ်သူတွေကို သက်တောင့်သက်သာ မဖြစ်စေဘဲ Customer တွေအနေနဲ့ ဒီလိုဆိုင်မျိုးကို နောက်တစ်ကြိမ် ဈေးလာဝယ်ဖို့ တော်တော်စဉ်းစားကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြိုင်ဆိုင်မှုများတဲ့ မျက်မှောက်ခေတ်မှာ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ပြိုင်ဘက်တွေထက် သာလွန်ပြီး မိမိလုပ်ငန်းကို Customer တွေရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိပိုင်ဆိုင်ဖို့ဆိုရင် မိမိတို့ လုပ်ငန်းရဲ့ ဝန်ဆောင်မှု Process တွေမှာ Friendly (ရင်းနှီးဖော်ရွေမှု) ရှိရှိ Welcome Smile နဲ့ ဝန်ဆောင်မှု ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဒါကတော့ မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ F4 ထဲက တတိယ Fတစ်လုံးဖြစ်တဲ့ Friendly (ရင်းနှီးဖော်ရွေမှုရှိပါစေ) ဆိုတဲ့ စကားလုံးလေးကို အသုံးချပြီး မိမိတို့ရဲ့ စီးပွားရေး စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်တယ်ဆိုတာကို တင်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့ခေါင်းစဉ်အောက်မှာ ကျနော်ဝေမျှပေးချင်တဲ့ F4 မင်းသား လေးပါးရဲ့ နောက်ဆုံးမင်းသား တစ်ပါးသာ ကျန်ပါတော့တယ်။ သူကတော့ Favour ဆိုတဲ့ မင်းသားလေးပဲ ဖြစ်ပါတယ်။

 

Favour (အကူအညီပေးနိုင်ပါစေ)

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အထက်မှာတင်ပြခဲ့တဲ့ Fast (မြန်ဆန်မှုရှိခြင်း)၊ Flexible (လိုက်လျောညီထွေမှုရှိခြင်း)၊ Friendly (ရင်းနှီးဖော်ရွေမှုရှိခြင်း) စတဲ့ အချက်သုံးချက်ကိုသာ စနစ်တကျ အသုံးချနိုင်ခဲ့မယ်ဆိုရင် Customer တွေအတွက် နောက်ဆုံးတစ်ချက်ဖြစ်တဲ့ Favour အကူအညီပေးရာလည်း ရောက်ပါတယ်။ Supermarketတွေကို ကျနော်တို့ဈေးဝယ်ထွက်ကြတဲ့အခါ တစ်ခါတစ်ရံမှာ ဝန်ဆောင်မှုပေးတဲ့ ဝန်းထမ်းတွေဟာ ကျနော်တို့ရဲ့ ဈေးဝယ်မှုကို အကူအညီပေးရာ မရောက်ဘဲ ပစ္စည်းပျောက်မှာစိုးလို့ စောင့်ကြည့်နေတဲ့ ပုံစံမျိုးပေါက်နေတာကို သတိထားမိပါလိမ့်မယ်။ ဒီထက်ပိုဆိုးတာက လိုချင်တာရှိလို့ ကျနော်တို့ မေးမြန်းတဲ့အခါ စိတ်မရှည်တဲ့ပုံစံမျိုး၊ မရှာပေးချင်တဲ့ပုံစံမျိုး၊ ဝယ်နိုင်မှာလည်း မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးတွေနဲ့ ပြုမူတတ်ကြတာကို ကြုံဖူးကြလိမ့်မယ်ထင်ပါတယ်။ ဒီလိုမျိုး Customer တွေကို Favour (အကူအညီ) မပေးတဲ့ အပြုအမူတွေကြောင့် Customer တွေအနေနဲ့ ဈေးဝယ်မှုမှာ အနှောင့်အယှက် ဖြစ်စေရုံသာမက လုပ်ငန်းအပေါ်လည်း ယုံကြည်မှု ပျောက်ဆုံးသွားစေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ဆိုင်မှုများတဲ့ မျက်မှောက်ခေတ် စီးပွားရေးနယ်ပယ်မှာ Customerတွေ မိမိလုပ်ငန်းကို ပြိုင်ဘက်တွေထက် သာလွန်ပြီး ချစ်ခင်မြတ်နိုးယုံကြည်မှုကို ရရှိလာစေဖို့ဆိုရင် နောက်ဆုံး F တစ်လုံးဖြစ်တဲ့ Favour (အကူအညီပေးနိုင်စေခြင်း) ကလည်း အကောင်းဆုံး လက်နက်တစ်ခုအဖြစ် ပါဝင်နေရတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ F4 ထဲက နောက်ဆုံး Fတစ်လုံးဖြစ်တဲ့ Favour (အကူအညီပေးနိုင်ပါစေ) ဆိုတဲ့ စကားလုံးလေးကို အသုံးချပြီး မိမိတို့ရဲ့ စီးပွားရေး စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်တယ်ဆိုတာကို တင်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့လည်း ဒီနေ့ကျနော် တင်ပြပေးသွားတဲ့ F4 မင်းသားလေးပါးကို မိမိတို့လုပ်ငန်းမှာ စနစ်တကျ အကောင်အထည်ဖော်ခြင်းဖြင့် ပြိုင်ဆိုင်မှုများတဲ့ မျက်မှောက်ခေတ် စီးပွားရေးနယ်ပယ်မှာ ပြိုင်ဘက်တွေထက် သာလွန်ပြီး Customer တွေ အသဲစွဲ ကြိုက်နှစ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။

 

Aung Phyo Latt (RIGHT & JUSTICE)

 

 

Previous Next