04 Mar, 2019
အလုပ်တစ်ခုမှာ ဘယ်နှနှစ်ပဲ လုပ်သင့်သလဲ

    အရင်ကတော့ အလုပ်တစ်ခုကိုစွဲစွဲ မြဲမြဲလုပ်ကြရမယ်၊ အလုပ်တစ်ခုမှာနှစ် အကြာကြီးလုပ်မှသာ ကိုယ့်အတွက်အကျိုး အမြတ်ရနိုင်မယ်လို့ဆိုကြပေမဲ့ အခုက တော့အားလုံးပြောင်းလဲသွားပါပြီ။ အလုပ် တစ်ခုမှာ အများဆုံး ၃နှစ်လောက်အထိ သာလုပ်ပြီး အလုပ်တွေတစ်ခုနဲ့တစ်ခုခုန် ကူးလာကြတဲ့ခေတ်ဖြစ်နေပါပြီ။ အလုပ် ပြောင်းကြတဲ့အကြောင်းပြချက်တွေအများ ကြီးရှိပါတယ်။
    မြင်သာတဲ့အချက်တွေကိုပြောရရင် လက်ရှိအလုပ်ထက်လစာမြင့်မားတာ၊ အခွင့်အရေး၊ ခံစားခွင့်ပိုများတာ၊ အလုပ် ကိုသွားရလာရအဆင်ပြေတာ၊ ကိုယ့်ရဲ့ ရာထူးအတွက်မြင့်မားတဲ့အခွင့်အလမ်းရှိ တာ၊ စိတ်ဖိစီးမှုနည်းတာ၊ အလုပ်ရှင်ဆိုး၊ မန်နေဂျာဆိုးတွေကိုကျောခိုင်းချင်တာ၊ အလုပ်နဲ့ကိုယ်ပိုင်ဘဝမျှတမှုရှိတာစတဲ့ အချက်တွေကြောင့် အလုပ်သစ်ကို ပြောင်းလဲကြပါတယ်။ 
    အချိန်ဘယ်လောက်မှာအလုပ်သစ် ကိုပြောင်းလဲကြသလဲ။ Bureau of Labor Statistics ရဲ့စီးပွားရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်တစ်ခုမှာ အသက် ၂၅နှစ်ကနေ ၃၄နှစ်အတွင်း ဝန်ထမ်းတွေ ကအလုပ်တစ်ခုမှာ ပျမ်းမျှသက်တမ်း ၂နှစ် ကျော်ကျော်လေးပဲနေကြတာကိုတွေ့ရပါ တယ်။ အသက် ၃၅ကနေ ၄၄နှစ်အတွင်း ဝန်ထမ်းတွေကတော့ အလုပ်တစ်ခုမှာ ၅နှစ်နီးပါးကြာမြင့်တာကို တွေ့ရပါတယ်။ အသက်၄၅ကနေ ၅၄နှစ်အတွင်း ဝန်ထမ်း တွေကတော့ အလုပ်တစ်ခုမှာ ပျမ်းမျှသက် တမ်း၇နှစ်ကျော်ကျော်အထိ လုပ်ကိုင်ကြ တာတွေ့ရပါတယ်။ အသက် ၅၅ကနေ ၆၄ ဝန်းကျင်ဝန်ထမ်းတွေကတော့အလုပ်တစ် ခုမှာ ၁၀နှစ်လောက်အထိ စွဲစွဲမြဲမြဲလုပ်ကြ တာကိုတွေ့ရပါတယ်။ 
    နောက်တစ်ခုကတော့ စီမံခန့်ခွဲမှု အပိုင်းမှာတာဝန်ယူရတဲ့ ရာထူးမြင့်မားတဲ့ သူတွေကတော့ အလုပ်တစ်ခုမှာ ၅နှစ်ခွဲ လောက်အထိနေကြတာကိုတွေ့ရပါ တယ်။ ဒီနေရာမှာအလုပ်တစ်ခုမှာဘယ် လောက်အချိန်ကြာကြာလုပ်သင့်သလဲ။ ဘယ်လောက်အချိန်ကလုံလောက်သလဲဆို တဲ့အချက်က အမြင်တွေမတူညီကြပါဘူး။ တချို့အမြင်တွေက ဒီအလုပ်ထက်ပို ကောင်းတဲ့အခွင့်အလမ်းတွေ့တယ်ဆိုရင် လက်ရှိအလုပ်ကို ၈လလောက်လုပ်တယ် ဆိုရင်လုံလောက်ပြီလို့ဆိုကြပါတယ်။ ဒါက မှန်တယ်မှားတယ်လို့ ဘယ်သူမှမသုံးသပ် နိုင်ကြပါဘူး။ ဒါပေမဲ့မြန်မာနိုင်ငံကအလုပ် ရှင်တော်တော်များများကတော့ အချိန်တို အတွင်းအလုပ်ခဏခဏပြောင်းတတ်တဲ့ ဝန်ထမ်းတွေကိုမကြိုက်နှစ်သက်ကြပါဘူး။
    အခုနောက်ပိုင်းမှာ ဝန်ထမ်းတွေရဲ့ အမြင်က ပြောင်းလဲလာပါတယ်။ အလုပ် တစ်ခုမှာ နှစ်အကြာကြီးလုပ်တာကိုမနှစ် သက်တော့ပါဘူး။ အလုပ်တစ်ခုမှာ နှစ်နှစ်၊ သုံးနှစ်လောက်လုပ်ပြီး ဒီထက်ပိုကောင်း တဲ့အခွင့်အရေးရှိတဲ့ကုမ္ပဏီကိုပြောင်းဖို့ အမြဲစဉ်းစားနေလေ့ရှိပါတယ်။ တစ်ခါတ လေမှာ လစာကောင်းလို့ပြောင်းတာထက် ရာထူးတက်ဖို့အခွင့်အလမ်းပိုများတာ၊ အတွေ့အကြုံပိုရနိုင်တဲ့အခွင့်အလမ်းများ တာတွေကြောင့်လည်း အလုပ်ပြောင်းကြ ပါတယ်။
    အရင်ကဆိုရင် ပညာရပ်တစ်ခုသင် ထားရင်လုံလောက်ပြီး အလုပ်တစ်ခုထဲမှာ ပဲစွဲစွဲမြဲမြဲအသက်ကြီးတဲ့အထိ လုပ်ကြပါ တယ်။ ဒါပေမဲ့အခုကတော့ ပညာရပ်တစ် ခုတည်းနဲ့မလုံလောက်တော့ပါဘူး။ အမြဲမ ပြတ်လေ့လာဆည်းပူးပြီး အလုပ်အတွက် ပညာတွေဖြည့်နေမှသာ ကိုယ့်ရဲ့အလုပ် ကဘဝအာမခံချက်ရှိနိုင်တာပါ။ ဒီနေ့ ခေတ်မှာက လုပ်ငန်းခွင်အတွင်းကနေ လေ့ လာသင်ယူရင်း ဒီထက်ပိုသာတဲ့အလုပ်ဆီ ကိုအဆင့်ဆင့်ပြောင်းလာကြပါတယ်။ အရင်တုန်းက အလုပ်တစ်ခုကနေတစ်ခု ပြောင်းသွားရင် အရင်အလုပ်အပေါ်မှာ သစ္စာမရှိတာ၊ အလုပ်ရှင်အပေါ်မှာသစ္စာမဲ့ တာစတဲ့အမြင်တွေရှိကြပါတယ်။ အခု နောက်ပိုင်းမှာတော့ ပိုကောင်းတဲ့အခွင့် အလမ်းဆီကိုပြောင်းတာက ပုံမှန်ဖြစ်ရိုးဖြစ် စဉ်ဖြစ်နေပါပြီ။ 
    တော်တဲ့ဝန်ထမ်းတွေက အလုပ်တစ် ခုမှာအကြာကြီးမနေကြတော့ဘူးလို့ ဆရာ ကြီးဒေါက်တာအောင်ထွန်းသက်ကပြောဖူး ပါတယ်။ ကိုယ့်ဆီမှာဝန်ထမ်းတွေမြဲနေတာ ကအလုပ်ရှင်တွေအတွက်ဂုဏ်ယူစရာမဟုတ်ဘဲ ညံ့တဲ့သူတွေပဲကျန်ခဲ့တာဖြစ်တယ်လို့ ပြော ဖူးပါတယ်။ စကားလုံးအတိအကျ မမှတ်မိ ပေမဲ့ ဆရာကြီးကဒီအဓိပ္ပာယ်နဲ့တူတဲ့ စကားမျိုးပြောခဲ့ဖူးပါတယ်။
    ဒီနေ့ခေတ်မှာအရည်အချင်းတွေ ပြည့်နေရင် အလုပ်လျှောက်စရာမလိုတော့ ပါဘူး။ ဟိုကဒီကခေါ်ကြတဲ့အလုပ်ကမ်း လှမ်းချက်တွေကကိုယ့်ဆီရောက်လာမှာပါ။ ကျွမ်းကျင်ဝန်ထမ်းတွေရဖို့ခက်ခဲနေတဲ့ အလုပ်အကိုင်ဈေးကွက်မှာ ကိုယ်ကကျွမ်း ကျင်ဝန်ထမ်းတစ်ယောက်ဆိုရင် ရွေးချယ် စရာအလုပ်အကိုင်တွေများပြားနေမှာပါ။  
    အလုပ်ပြောင်းတဲ့အခါရည်ရွယ် ချက်ရှိရပါမယ်။ အကြောင်းအကျိုးမဲ့ အလုပ်ခဏခဏပြောင်းတာကတော့ ကိုယ့်အတွက်အကျိုးမရှိနိုင်ပါဘူး။ ဒီတော့ ဘယ်လိုအလုပ်ပြောင်းမှုမျိုးက ကိုယ့်အ တွက်အကျိုးရှိနိုင်မလဲ။ ဟုတ်ကဲ့။ အပေါ် မှာပြောခဲ့သလိုပဲ ဒီအလုပ်ထက် လစာပို များမလား၊ ရာထူးတိုးတက်ဖို့အခွင့်အလမ်း ပိုများမလား၊ ကိုယ့်ရဲ့အလုပ်အတွက် ဖွံ့ ဖြိုးတိုးတက်ဖို့အခွင့်အလမ်းရှိမလား၊ ပညာ ပိုရမလားစတဲ့အချက်တွေနဲ့ယှဉ်ပြီးအလုပ် ပြောင်းမယ်ဆိုရင်တော့ ကိုယ့်ရဲ့အလုပ် ပြောင်းမှုက ကိုယ့်အတွက်အကျိုးဖြစ်စေမှာ ပါ။ 
    ဒီလိုမှမဟုတ်ဘဲ ဒီအလုပ်မှာအခက် အခဲရှိလို့ နောက်အလုပ်အသစ်ကိုပြောင်း တယ်ဆိုရင်တော့ ကိုယ့်ရဲ့အလုပ်ပြောင်းမှု ကကိုယ့်အတွက်အကျိုးမရှိနိုင်ပါဘူး။ အလုပ်တိုင်းမှာ အခက်အခဲတွေ၊ စိန်ခေါ်မှု တွေ၊ အဆင်မပြေမှုတွေရှိနိုင်ပါတယ်။ ဒါတွေကိုအောင်အောင်မြင်မြင်ကျော်ဖြတ် နိုင်မှသာ ကြီးမားတဲ့အတွေ့အကြုံတွေရရှိ လာနိုင်မှာပါ။ အလုပ်မှာအဆင်မပြေလို့ အလုပ်ထွက်လိုက်တာက ကိုယ့်အတွက်အ ဖြေမဟုတ်ပါဘူး။
    အလုပ်တစ်ခုကကိုယ့်အတွက်ရသင့် ရထိုက်တဲ့အခွင့်အရေးတွေဆုံးရှုံးနေရင်၊ ဒါမှမဟုတ်အဲဒီအခွင့်အရေးတွေမရရင်၊ ဒီထက်ပိုကောင်းတဲ့အခွင့်အလမ်းကောင်း တွေကမ်းလှမ်းလာရင်စတဲ့အခြေအနေမျိုး မှာပဲအလုပ်ထွက်သင့်ပါတယ်။ 
    အနှစ်ချုပ်ဆိုရရင် အလုပ်တစ်ခုမှာ နှစ်အကြာကြီးမလုပ်သင့်တော့ပါဘူး။ အထူးသဖြင့်ဒီကနေ့ခေတ်လိုအခြေအနေ မျိုးမှာပါ။ အလုပ်တစ်ခုမှာနှစ်အကြာကြီး လုပ်တာရဲ့နောက်ဆက်တွဲအကျိုးဆက်က တော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်း လာတာ၊ ရာထူးမတိုးတော့တာ၊ လစာတိုး ဖို့အချိန်ကြာလာတာ၊ ကိုယ့်ရဲ့အရည်အ ချင်းကိုတိုးတက်အောင်လုပ်ဖို့စိတ်အားထက် သန်မှုမရှိတော့တာ၊ ပြင်ပလောကနဲ့ အ ဆက်အသွယ်ပြတ်လာတာ၊ တိုးတက်လာ တဲ့နည်းပညာတွေကို လိုက်မမှီတော့တာ စတဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်။ 
    ဒါကြောင့်အလုပ်တစ်ခုမှာ ပုံမှန်၃နှစ် လောက်အထိပဲ လုပ်ဖို့သင့်တော်ပါတယ်။ နှစ်ကြာလာတာနဲ့အမျှ တခြားအလုပ်ကို ရွေ့ဖို့ခက်ခဲသွားမှာပဲဖြစ်ပါတယ်။ အလုပ် တစ်ခုကနေ တစ်ခုကိုခုန်ပါ။ ဒါပေမဲ့ ပိုမို တိုးတက်ဖို့ရည်ရွယ်ချက်နဲ့ဖြစ်ပါစေ။ လက်ရှိ အလုပ်ထက်သာတဲ့အလုပ်တွေ့ရင် ခုန်ပါ။ အဲဒီအလုပ်ထက်သာတဲ့အလုပ်ထပ် ပေါ်လာရင်လည်း ထပ်ခုန်ပါ။ ကိုယ်ခုန် လိုက်တဲ့အ လုပ်ကပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေရှိတဲ့ အလုပ်ပတ်ဝန်း ကျင်ဖြစ်ဖို့ပဲလိုတာပါ။
    
ကျော့ကေခိုင်

Previous Next