11 Mar, 2019
Hard Work လား Smart Work လား

တစ်ခါတုန်းကရွာလေးတစ်ရွာရှိခဲ့ပါတယ်။ သာယာလှပတဲ့အဲဒီရွာလေးဟာနေချင့်စရာအလွန် ကောင်းပေမယ့် ခေါင်းခဲစရာပြဿနာတစ်ခုကရှိလို့နေပါတယ်။ အဲဒါကတော့ မိုးမရွာဘူးဆိုရင် ရွာကလူတွေအတွက်သုံးစွဲဖို့အတွက် ရေအခက်အခဲရှိတာပါပဲ။ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် ရွာသားတွေဟာဘော့ဘ်နဲ့ ဂျွန်ဆိုတဲ့လူနှစ်ယောက်ဆီမှာအကြံဥာဏ်တောင်းခံကြတယ်။ ရွာသားတွေရဲ့စကားဆုံးဆုံးခြင်းမှာပဲဘော့ဘ်ဟာရေပုံးအချို့ကိုဆတ်ခနဲကောက်ယူပြီးတော့ ရေကန်ရှိရာကိုအပြေးတစ်ပိုင်းထွက်လာခဲ့ပါတယ်။ ရေကန်ကနေရေပုံးနဲ့ရေတွေခပ်လာခဲ့ပြီးပြန်လာခဲ့တဲ့အချိန်မှာလမ်းခရီးနဲ့ပင်ပန်းမှုကြောင့် ရွာကို ပြန်ရောက်တဲ့အခါမှာရေပုံးတွေထဲမှာရေတွေနည်းနည်းလေးပဲပါလာပါတော့တယ်။ ဒီလိုမျိုးပင်ပန်းကြီးစွာနဲ့ ရေကန်ကနေခေါက်တုံ့ခေါက်ပြန်ရေခပ်နေတာကိုဘော့ဘ်ဟာနောက်ရက်တွေမှာလည်းဆက်ပြီးလုပ်နေခဲ့ပါတယ်။

ဒီလိုနဲ့ရက်အနည်းငယ်ကြာတဲ့အခါမှာဘော့ဘ်တစ်ယောက် ရေပုံးတွေနဲ့ရေသွားခပ်တာကိုရွာသားတွေမမြင်ရတော့ပါဘူး။ စိတ်မောလူမောဖြစ်ပြီးလက်လျော့သွားဟန်တူပါတယ်။ အဲဒီအချိန်မှာဘော့ဘ်ရဲ့လုပ်ရပ်ကိုကြည့်ပြီး ဂျွန်ဟာအစီအစဉ်တွေရေးဆွဲနေခဲ့ပါတယ်။ သူဟာအလုပ်တစ်ခုကိုအလျင်စလိုမလုပ်ချင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာတစ်သက်တာလုံးနဲ့ဆိုင်တဲ့ခြေလှမ်းတွေဖြစ်နေလို့ပါ။ ဘော့ဘ်ဟာရေပုံးနဲ့ထမ်းပိုးနဲ့ရေထမ်းပြီးပင်ပန်းကြီးစွာရေသယ်နေရတာဖြစ်ပြီး Man-Power လည်းတောက်လျှောက်အသုံးပြုနေရပါတယ်။ဒါ့အပြင် ရေကန်နဲ့ရွာကလည်းနည်းနည်းလှမ်းတာမို့ အချိန်တွေ လည်းကုန်လှပါတယ်။ ဒါဆိုရင် ဂျွန့်ဆီမှာရောဘယ်လိုအစီအစဉ်တွေများရှိနေလေသလဲ။ဂျွန်ကတော့ ရေကန်ကနေရွာအထိရေသွယ်မြောင်းတစ်ခုတူးဖို့ ဒါမှမဟုတ် ပိုက်လိုင်းနဲ့ရေသွယ်တန်းရင်ပိုအဆင်ပြေမယ်ဆိုပြီးစဉ်းစားမိပါတယ်။ ဒီလိုနဲ့ပဲဒီအစီအစဉ်ကိုရွာသားတွေဆီချပြပြီးလောလောဆယ်မှာရေသွယ်မြောင်းလေးနဲ့ရေသွယ်တန်းဖို့အတွက် သဘောတူလိုက်ကြပြီးအားလုံးတက်ညီလက်ညီနဲ့ ၀ိုင်းဝန်းဆောင်ရွက်လိုက်ကြတာမကြာခင်မှာရေသွယ်မြောင်းကလေးရွာအထိရောက်ရှိလာလေရဲ့။

ပုံပြင်လေးကတော့ အဲဒါပါပဲ။ ဘော့ဘ်ဟာရေရရှိဖို့အတွက် ပင်ပင်ပန်းပန်းနဲ့အားထုတ်ရတယ်။ ဒါဆိုရင် ဂျွန်ရဲ့အစီအစဉ်ကရော ? ပင်ပင်ပန်းပန်းနဲ့အားထုတ်ရတာပါပဲ။ဒါပေမယ့် ဘော့ဘ်ရဲ့နည်းစနစ်ကရေတိုအတွက်သာဖြစ်ပြီးအချိန်ကုန်လူပန်းနဲ့ ဒုက္ခများလှပါတယ်။ဂျွန်ရဲ့အစီအစဉ်ကတော့ စစချင်းမှာပင်ပန်းမယ်။ဒါပေမယ့် ရေရှည်မှာတော့ စိတ်အေးချမ်းသာစွာနဲ့အဆင်ပြေပြေရှိနိုင်မှာဖြစ်ပါတယ်။

ဘော့ဘ်ရဲ့လုပ်ဆောင်ပုံက Hard Work အသွင်ဆောင်ပြီး ဂျွန်ရဲ့အားထုတ်မှုကတော့ Hard Work သာမက Smart Work အသွင်ကိုပါဆောင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ရေရှည်ကိုကြည့်ပြီးချင့်ချိန်လုပ်ဆောင်လို့ပါပဲ။

Hard Work သမားတွေဟာလုပ်ငန်းတစ်ခုလုပ်ဆောင်တော့မယ်ဆိုရင် လုံ့လတွေ၊ ခွန်အားတွေ အဆမတန်စိုက်ထုတ်လုပ်ဆောင်ကြရပါတယ်။

Smart Work သမားတွေကတော့ လုပ်ငန်းတစ်ခုမလုပ်ဆောင်ခင်မှာကတည်းက ဖြစ်နိုင်ချေတွေ ကိုစဉ်းစားပြီးအကောင်းဆုံးနဲ့အဆင်အပြေနိုင်ဆုံးဖြစ်မယ်ထင်တဲ့နည်းလမ်းကိုရွေးချယ်လုပ်ကိုင်ကြပါ တယ်။ရုတ်တရက်ကြည့်လိုက်ရင်တော့ Smart Work သမားတွေဟာအလုပ်တစ်ခုစတင်ဖို့အတွက် Hard Work သမားတွေထက်အချိန်ပိုဆွဲနေသလိုပါပဲ။

 ဒါဆိုရင် ကျနော်တို့ ဘယ်လိုပုံစံမျိုးနဲ့လုပ်ကိုင်သင့်ပါသလဲ။ Hard Work လား။ Smart Work လား။ ကျနော်တို့အနေနဲ့ နှစ်မျိုးစလုံးကိုပစ်ပယ်လိုက်လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ Smart Work ဆိုတာဟာလည်းလုပ်ငန်းတစ်ခုစစချင်းဒါမှမဟုတ် ဆောင်ရွက်နေဆဲကာလတစ်စိတ်တစ်ပိုင်းမှာ ပြင်းပြင်းထန်ထန်နဲ့ကြိုးစားအားထုတ်ရတဲ့အခန်းကဏ္ဍတွေလည်းရှိနေတတ်လို့ပါ။ဒါပေမယ့် Hard work နဲ့ Smart Work ဆိုတာဟာရေရှည်အပိုင်းမှာတော့ အများကြီးကွာဟသွားတာကိုတွေ့ရပါတယ်။

အထူးသဖြင့် ဈေးကွက်ထိုးဖောက်ရေးကဏ္ဍတွေမှာ Smart Work ရဲ့အနှစ်သာရကိုအသေအချာသိရှိပြီးလိုက်နာလုပ်ဆောင်ကြဖို့လိုပါတယ်။

 နောက်ထပ်တစ်ချက်အနေနဲ့နှိုင်းယှဉ်ကြည့်ရင် Hard Work ဆိုတာဟာလုပ်ငန်းတစ်ခုအောင်မြင် ပြီးမြောက်ချင်ဇောနဲ့ မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ပစ်လိုက်တာဖြစ်ပါတယ်။အတွေ့အကြုံအရဒါမှမဟုတ် ခိုင်းစေချက်အရဘယ်လိုနည်းနဲ့ပဲလုပ်လုပ် အဆင်မပြေမှုတွေ၊ အခက်အခဲတွေဟာ ထောင့်ပေါင်းစုံကနေ၀င်လာတာပါပဲ။အတွေ့အကြုံအများကြီးရှိရင်မပြောသာပေမယ့် အတွေ့အကြုံမဖြစ် စလောက်လေးနဲ့ဆိုရင်တော့ Hard Work ချည်းသီးသန့်ဟာကျရှုံးမှုတွေ၊စိတ်ပျက်စရာတွေနဲ့အတူစိတ်ဖိစီးမှုတွေကို ဖြစ်နိုင်စေမှုရာခိုင်နှုန်းသိပ်ကိုများပါတယ်။

Smart Work ကတော့ ရေရှည်အတွက်ထောက်ရှုမျှော်ကိုးပြီးအစီအစဉ်တွေချမှတ်လုပ်ဆောင်တာ ဖြစ်လို့ ကျရှုံးမှု၊ စိတ်ပျက်စရာစတဲ့အပိုင်းမှာတော့ Hard Work သမားတွေထက် ရာခိုင်နှုန်းပိုနည်းပါတယ် ။

ဘယ်အလုပ်မဆိုအခက်အခဲ၊ အတားအဆီးကတော့ ရှိမှာပါပဲ။ဘ၀ဆိုတာကိုက စာလုံးနှစ်လုံးတည်းရှိပေမယ့် သိပ်ကိုနက်နဲရှုပ်ထွေးတာမဟုတ်လား။ဘယ်သူတွေကတော့ ဘယ်လိုအရာတွေကိုတီထွင် လိုက်နိုင်ပြီ၊ ဘယ်သူတွေကတော့ ဘယ်လိုအောင်မြင်နေပြီဆိုတာမျိုးတွေကိုကြားရတာကျနော်တို့ရဲ့အာရုံကိုရိုက်ခတ်မှုတွေဖြစ်စေပါတယ်။ကျနော်တို့အားလုံးလည်းအောင်မြင်သူတွေကိုငေးမောအားကျခဲ့ဖူးတာပါပဲ။ကံတရားနဲ့လည်းသက်ဆိုင်တယ်ဆိုပေမယ့် လူတိုင်းဆီမှာကိုယ့်ကံကြမ္မာကိုကိုယ်တိုင်စီရင်ဖန်တီးခွင့် ရှိနေကြတာပါ။

တစ်ခါတစ်လေတော့လည်း Smart Work အမြင်မရှိတဲ့ခေါင်းဆောင်တွေကြောင့် အကြီးအကျယ် နစ်နာဆုံးရှုံးခဲ့ရမှုတွေရှိခဲ့ပါတယ်။သာဓကတစ်ခုအနေနဲ့ကြည့်ရရင်စတီဗင်ဆက်ဆင်ဆိုသူဟာ ၁၉၇၅ ခုနှစ်မှာဒီဂျစ်တယ်ကင်မရာကိုစတင်တီထွင်ခဲ့ပါတယ်။ဒီတီထွင်မှု ဟာကုမ္ပဏီတစ်ခုလုံးကိုအကြီးအကျယ်ပြောင်းလဲသွားစေနိုင်မယ့်ကိစ္စဖြစ်ပေမယ့် တာဝန်ရှိသူတွေက ဒါကိုခေတ်ရေစီးကြောင်းနဲ့ လိုက်ဖက်မှုမရှိဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။ကုမ္ပဏီမှာရေရှည်ကိုလှမ်းမျှော်ကြည့်ရှုနိုင်မယ့်ခေါင်းဆောင် ကောင်းတွေမရှိခဲ့ဟန်တူပါတယ်။

          အခုဆက်လက်ပြီး Smart Work ရဲ့အဓိကအနှစ်သာရလေးတွေကိုပြောပြရင်းနဲ့ အဆုံးသတ်ချင်ပါ တယ်။

Smart Work

(က) တွက်ချက်မှုအမြင်ကောင်းမွန်ရမယ်

မိမိလုပ်ငန်းရဲ့ရှင်သန်စီးဆင်းရာလမ်းကြောင်း၊ ပြိုင်ဖက်တွေရဲ့အနေအထား၊ ခေတ်ရေစီးကြောင်းဒါတွေကိုမျက်ခြေမပြတ်ရှိနေသင့်ပါတယ်။ကြိုတင်ချမှတ်ထားတဲ့အစီအမံနဲ့ အသုံးပြုမယ့်ဘတ်ဂျက် အင်အားကိုမျှတမှုရှိအောင်ချိန်ညှိနိုင်ရပါမယ်။

(ခ) ပန်းတိုင်ဆီချဉ်းကပ်မှု

- လုပ်ငန်းရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ပန်းတိုင်ဟာဘာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိရှိအောင်ကြိုးစားရမှာ ဖြစ်ပြီးဒီအတွက် သင့်လျော်တဲ့အစီအမံတွေရေးဆွဲရမှာဖြစ်ပါတယ်။ဒီအတွက် အချိန်ယူဖို့လိုအပ်တယ်ဆိုပေမယ့် ယနေ့ခေတ်လိုကာလမျိုးမှာလိုအပ်တာထက်အချိန်တွေသိပ်မကြန့်ကြာစေချင်ပါဘူး။

(ဂ) ဇွဲမလျော့ခြင်း

- အခက်အခဲ၊ အတားအဆီးတွေကြုံရတဲ့အခါမှာ Hard Work သမားတွေဟာအားအင်ကုန်ခမ်းပြီးလက်လျော့သွားတတ်ကြပါတယ်။ဒါကြောင့်သူတို့ဆီမှာချိုမြိန်တဲ့အောင်မြင်မှုဆိုတာမရှိသလောက်ရှားပါးလွန်းပြီး တစ်ဝက်တစ်ပျက်နဲ့သာပြီးဆုံးသွားတတ်ကြပါတယ်။ Smart Work သမားတွေကတော့ အစီအစဉ်နဲ့လျှောက်လှမ်းတာဖြစ်လို့ အနှေးနဲ့အမြန်ဆိုသလိုပန်းတိုင်ဆီရောက်ကြပါတယ်။တစ်ခုသတိပြု ရမှာကအစီအစဉ်တွေရေးဆွဲတဲ့အခါမှာ Plan-A သာမက Plan-B, Plan-C တွေလည်းရှိစေချင်ပါတယ်။

(ဃ) ဖြေးဖြေးမှန်မှန် အောင်ပွဲခံ

- ရေရှည်အတွက် ထောက်ရှုစဉ်းစားရတာဖြစ်လို့ အချိန်တော့ယူရပါတယ်။ဒါကြောင့် အထက်မှာပြောခဲ့ သလို Hard Work သမားတွေထက် အချိန်ဆွဲနေသလိုပါပဲ။ဒါပေမယ့် အစီအစဉ်တွေနဲ့ခရီးသွားရတာဖြစ် လို့ စမတ်ကျကျနဲ့စိတ်အေးချမ်းသာမှုတော့ရှိပါတယ်။

 

          Smart Work ကိုကျင့်သုံးပြီးလုပ်ဆောင်ကြသူတွေဟာစစချင်းမှာအောင်မြင်မှုကနှေးကွေးသလိုထင်ရပေမယ့် အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါမှာတော့ အောင်မြင်မှုက အထိုက်အလျောက် ကြီးမြင့်လာပါတယ်။ဒီအပေါ်မှာစိတ်ရှည်ဖို့လည်းလိုပါတယ်။

          ဒါ့အပြင် တစ်ခါတစ်လေတော့လည်းစွန့်စားအားထုတ်ရမှုတွေရှိတတ်ပါတယ်။ဒီလိုအခြေအနေမျိုးတွေမှာနောက်မတွန့်ပဲ၊ ရပ်တန့်မပစ်ပဲနဲ့ ရှေ့ဆက်လှမ်းဖို့ကြိုးစားဖို့လိုမှာဖြစ်ပါတယ်။အမှားအယွင်းတွေရှိခဲ့ရင်လည်းဒါကိုဘယ်လိုဖာထေးပြီးရှေ့ဆက်မလဲဆိုတာမျိုးကိုပဲတွေးတောသင့်ပါတယ်။

          နိဂုံးချုပ်ပြောရရင်တော့ Smart Work နဲ့ Hard Work ကြားမှာအဓိကကွာခြားသွားတဲ့အချက်ကတော့ ရေရှည်အကျိုးကိုထောက်ရှုမျှော်တွေးလုပ်ဆောင်ခြင်းပါပဲ။မိတ်ဆွေ သင်ရောသင့်ရဲ့လုပ်ငန်းခွင် နေ့ရက်တွေကို ဘယ်လိုဒီဇိုင်းမျိုးနဲ့ဖြတ်သန်းနေတာပါလဲ။ကမူးရှူးထိုးနဲ့ကောက်ရိုးမီးလိုထတောက်တတ်တဲ့ Hard Work လိုမျိုးလား။ရေရှည်ကိုလှမ်းမျှော်ကြည့်ရှုပြီးလုပ်ဆောင်တဲ့ Smart Work လိုပုံစံမျိုးလား။ သင်ကိုယ်တိုင်သာအသိဆုံးပါပဲ။

 

ရာသက်ပန်

သစ္စာပန်းတို့လန်းရာမြေ

Previous Next