19 Mar, 2019
အားလုံးကမိသားစုလိုအလုပ်လုပ်ကြတယ်

    "ဒီအလုပ်မှာ အားလုံးက ဝိုင်းဝန်း ပြီး စားစရာရှိတာစား၊ လုပ်စရာရှိတာ လုပ်ကြတယ်၊ မိသားစုလိုပါပဲ" စတဲ့ အင်တာဗျူးတော်တော်များများမှာ ကိုယ်ကိုယ်တိုင်ကော၊ အလုပ်လျှောက် ကြတဲ့ လူငယ်လူရွယ်တွေ တော်တော် များများကကော တစ်ဆင့်ကြားပြီး ကြုံနေကြစကားပါပဲ။  ကဲဒါဖြင့် မိသားစုဆိုတာဘာလဲ။ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ရိုးရာစည်းမျဉ်း စည်း ကမ်း၊ ဘာသာစကားတူတဲ့ အစုအဖွဲ့ ရယ်လို့ အောက်စဖို့အဘိဓာန်ရဲ့ ဖွင့်ဆိုချက် အမှတ်(၄)မှာပါရှိပါတယ်။ သူတို့က မြန်မာမိသားစု၊ သူတို့က တော့ချင်းမိသားစုအစရှိသလိုမျိုးပေါ့။ 
    မိတ်ဆွေတို့ အလုပ်ဝင်ခွင့်ရတဲ့ လုပ်ငန်းစုက အေ ဆိုရင်တော့ အေ လုပ်ငန်းမိသားစုပေါ့။ မိသားစု ပုံစံ လုပ်ငန်းတွေဟာ အသေးစား၊အလတ် စား ကိုယ်ပိုင်လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းမျိုးမှာသာ အများဆုံးပေါ် ပေါက်တတ်ကြပါတယ်။
    မိသားစုလုပ်ငန်းတွေရဲ့ ဖွဲ့စည်းပုံ က ဒေါင်လိုက်ဆိုပေမဲ့ရင်းနှီးနွေးထွေး မှုရှိပြီး လုပ်ငန်းစနစ်မကျမှုတော့ ဖြစ်ပေါ်နိုင်တဲ့ သဘောသဘာဝရှိပါ တယ်။ အလုပ်တစ်ခုရခဲ့လို့ မိသားစုလို လုပ်ငန်းမျိုးနဲ့ဆုံခဲ့ရင် မိတ်ဆွေတို့ ဆက်လုပ်သင့်သလား၊ ဆက်မလုပ်ဘဲ အခြားလုပ်ငန်းကုမ္ပဏီမျိုးကို လျှောက် လွှာထပ်တင်မလား၊ မိမိကိုယ်တိုင်လုပ်ငန်း ရှင် ဖြစ်ရင်ကောမိသားစုလို အလုပ် လုပ်ကြတယ်လို့ ကိုယ့်ဝန်ထမ်းဖြစ် မယ့်သူကို ပြောမှာလားဆိုတာကို ကိုယ်တိုင် ရွေးချယ်တဲ့အခါ မှန်ကန် နိုင်ခြေများဖို့ အခုလို အကြံပြုပါတယ်။ ဒီမှာတော့ လက်ရှိကြုံနေရမယ့် လူမှု ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာ ရေးစတဲ့ အချက်တို့နဲ့နှိုင်းယှဉ်ချက် တွေကိုမြင်ရမှာဖြစ်ပါတယ်။
    မိသားစု လုပ်ငန်းတွေမှာ ပညာ ရေး နဲ့ ပတ်သက်ရင်တော့ မိတ်ဆွေ တို့က အကျွမ်းကျင်ဆုံးအရာကို ပြုစု ပျိုးထောင်ပြီး အသစ်သစ်တွေ လေ့ လာဖို့ လိုအပ်လာပါလိမ့်မယ်။
      တက္ကသိုလ်မှာ အထူးပြုခဲ့တဲ့ ဘာသာရပ်နဲ့ ပြင်ပက အသက်မွေးမှု ပညာရပ်နဲ့ ထပ်တူကျ ချင်မှ ကျမှာ ပါ။ အင်စတီကျုတွေက ကျောင်းပြီးခဲ့ တဲ့မိတ်ဆွေတို့ကတော့  အသက်မွေး ဝမ်းကျောင်းမှုကို သင်ခဲ့ရသမျှကို အသုံးချပြီး အလုပ်အကိုင်ရဖို့ အခွင့် အလမ်းများပါတယ်။ ဆေးပညာ၊ အင်ဂျင်နီယာပညာ၊ ရှေ့နေပညာ အစရှိသလိုမျိုး။ ဒါပေမဲ့ တတ်သိထား တဲ့အရာတွေကို Upgrade အမြဲ လုပ်ဖို့ လိုအပ်သလို ထပ်ပြီး သင်ယူ လေ့လာဖို့ လိုအပ်နေပါတယ်။ သိတဲ့ မိတ်ဆွေတစ်ဦးဆိုရင် သူက M.B.B.S ဘွဲ့ ဆ.မ ရပြီးသူ ဖြစ်ပေမဲ့ အစိုးရ ဖွင့်ထားတဲ့ MBA  သင်တန်းမှာ သင်တန်းသားအဖြစ် ထပ်တက်ပါ တယ်။ M.B.B.S   ရပြီးသူချင်း အတူတူ MBA အောင်ပြီးသူကသာမန်ဆရာဝန် ဖြစ်သူ တွေထက် ရာထူးပိုရပါသတဲ့။ 
တကယ်လို့မိတ်ဆွေက ကျောင်းတက် နေရင်း ဝင်ငွေ၊ လုပ်ငန်း အတွေ့အကြုံ လိုချင်သူဖြစ်လို့ အလုပ်ရှာတယ်၊ အလုပ်က ရပေမဲ့ မိသားစုလို လုပ်ကြ မယ်လို့ ပြောတဲ့ လုပ်ငန်းရှင်နဲ့တွေ့ပြီ ဆိုပါစို့။ မိတ်ဆွေဟာ ပိုမိုကောင်းမွန် တဲ့ အခြေအနေရောက်ဖို့ ဖန်တီးပြီး သား ဖြစ်တာလည်း ဖြစ်ကောင်းဖြစ် နိုင်ပါတယ်။ တချို့ဆို မိတ်ဆွေ လိုအပ်မယ့် အခြေခံကျောင်းအပ်ခက အစ ကူညီပေးတတ်ကြပါတယ်။
     အချို့လုပ်ငန်းရှင်တွေက မိသားစုပုံစံ ဖြစ်ကြပေမဲ့ကျောင်းမပြီး သေးသူတွေအတွက်တော့ အလုပ် တစ်နေရာစာပေးလေ့မရှိကြပါဘူး၊ ကျောင်းပြီးဘွဲ့တစ်ခုခုရရှိပြီးသူသို့ မဟုတ် ကျောင်းဆက်မတက်သူတွေ ကိုသာ ခန့်ထားချင်တတ်ကြပါတယ်။ ဥပမာ-ပရိုမိုးရှင်း အလုပ်တွေ၊ အ ရောင်းအလုပ်တွေပေါ့။ 
    မိသားစု ပုံစံလုပ်ငန်းတွေမှာ လူမှု ရေးနဲ့ ပတ်သက်ရင်တော့ ရင်းနှီးမှုက ပိုမိုမြန်ဆန်ပြီးသားပါ၊ ဝန်ထမ်းတို့ရဲ့ သာရေး၊ နာရေး ကိစ္စမှာတော့ အခြား လုပ်ငန်းပုံစံတွေထက် ထဲထဲဝင်ဝင် အကြံပေး ကူညီတတ်လေ့ရှိတတ်ကြ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းရှင်တစ်ဦးရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲမှာ သူ့လုပ်ငန်းကို လုပ်အား၊ ပညာတွေ ပေါင်းထည့်ပေး နိုင်မယ့် ဝန်ထမ်းရရှိရေးက တစ်ခု အပါအဝင်ဖြစ်လို့ပါပဲ။ များသော အားဖြင့်တော့ မိသားစုပုံစံလုပ်ငန်း မျိုးကို အခုနောက်ပိုင်းမှာ ဝန်ထမ်းတွေ သိပ်ရွေးချယ်လေ့မရှိကြလို့ပါပဲ။ အခြားနိုင်ငံတကာမှာရှိတဲ့ လုပ်ငန်းဖွဲ့ စည်းပုံအများစုကို စမတ်ဖုန်းထဲက ဖြစ်ဖြစ်၊ တီဗွီချန်နယ်တွေကနေ ဖြစ် ဖြစ် အားကျစရာကောင်းအောင်မြင် တွေ့နေကြလို့ပါပဲ။ အချိန်အပို အလို မရှိ အလုပ်လုပ်ကြသလို ထိုက်သင့်တဲ့ လခလစာကို သူတို့ မက်မောကြတာ အဆန်းတကြယ်ပါပဲ။ ဒါကြောင့် မိသားစု ပုံစံလုပ်ငန်းရှင်တွေဟာ သူတို့ မှာ လက်ဝယ်ရှိနေတဲ့ ဝန်ထမ်းတွေရဲ့ ပျော်ရွှင်မှုအတွက် ဂရုစိုက်တတ်လာ ကြပါတယ်။
    မိမိတို့ ဝင်ငွေတိုးရေးတစ်ခုသာ ကြည့်ရင်တော့ သူတို့ လုပ်ငန်းတွေမှာ ဝင်စို့၊ ထွက်စို့တွေအများကြီး ဖြစ်ပေါ်လာတတ်ကြတာကိုမျက်မြင် ကိုယ်တွေ့ရမှာဖြစ်ပါတယ်။ မိသားစု ပုံစံ လုပ်ငန်းတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့မိမိတို့ ဝန်ထမ်းတွေ ရဲ့ ကိုယ်ကာယ ကျန်းမာမှုသာမက စိတ်ကျန်းမာမှု၊ အဆင်ပြေလွယ်ကူ စေမှုတို့ကို တတ်နိုင်သမျှအထူး ဂရုပြု ဖို့ လိုအပ်ပါတယ်။
 သက်သောင့်သက်သာနဲ့ ပိုကောင်း မွန်တဲ့ လုပ်ငန်းခွင်မျိုး ဖန်တီးပေးမယ် ဆို ဘယ်သူမှ အလုပ်မပျော်ဘဲ မနေနိုင်ကြပါဘူး။ ၂၀၁၅ နောက်ပိုင်း မှာ ပုဂ္ဂလိကကျောင်းတွေ အများကြီး ပေါ်လာကြတယ်။ ကျောင်းတစ်ခုမှာ
စာသင်ရင်း ပန်းချီပညာပါကျောင်း သားတွေကို သင်ပေးနေရတဲ့ ဆရာမ တစ်ဦးဆို သူတို့ ကျောင်းမှာက အခြားဆရာတွေနဲ့ ကျောင်းအုပ်ကြီး၊ ကျောင်းပိုင်ရှင်က အစမိသားစုလို ဖြစ်နေကြပြီးသူက ဝါသနာကြီးလို့သာ စာသင်ပေးတဲ့ အလုပ်လုပ်တာပါတဲ့၊ တကယ်တော့ ဟန်ကျလှတယ် မရှိပါ ဘူးတဲ့၊ ကျဉ်းမြောင်းပြီး လေလုံနေတဲ့ 
ရုံးခန်းဟာ  စိတ်ကြည်လင်ခွင့်မရပါ ဘူးတဲ့။ ဒါဆို သူ့တပည့်တွေအတွက် ဘယ်လို ကောင်းမွန်တဲ့ ပညာရေးဝန် ဆောင်မှု စိတ်ကူးအသစ်တွေ၊ ပုံ အသစ်တွေရနိုင်ပါတော့မလဲ။ 
    မိမိတို့ လုပ်ငန်းရဲ့ထုတ်ကုန် အသစ်တွေပြီးမြောက်လို့ အောင်မြင်မှု ရတဲ့အခါဒါမှမဟုတ် မိမိတို့ ရောင်း ကုန်ရဲ့ ဝယ်လိုအား တက်လာတဲ့အခါ မှာတော့အများကြီး ကူညီကြိုးစားပေး တဲ့ မိမိတို့ ဝန်ထမ်းတွေနဲ့အတူ ခရီးတို၊ ခရီးရှည် အစီအစဉ် လုပ်သင့်ပါတယ်။ 
အောင်မြင်မှုဟာ ပျော်ရွှင်မှုနဲ့ တိုက် ရိုက်ဖြစ်သလိုမျိုး ပျော်ရွှင်နေတဲ့ သူ အများစုဟာ ပိုမိုကျန်းမာတဲ့ ဘဝကို 
ပိုင်ဆိုင်နေကြတဲ့ သူတွေဖြစ်လေ့ရှိကြ ပါတယ်။
    မိသားစု လုပ်ငန်းတွေမှာ စီးပွား ရေးနဲ့ပတ်သက်ရင်တော့မိတ်ဆွေတို့ ဖြည့်စွက်ထားတဲ့ မျှော်မှန်းလစာကို ပေးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရမယ့် လစာထက်ပိုတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုရဲ့ လည်ပတ်ပုံအမြင်ကို လက်တွေ့ရလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။ မိသားစုပုံစံလုပ်ငန်းတွေရဲ့ အများစု ဟာ အသေးစား၊ အလတ်စား စီးပွား ရေးတည်ထောင်မှု ဖြစ်ကြတဲ့အတွက်
သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုရည်ရွယ် ချက်ကိုက အချိန်တိုအတွင်း ဝင်ငွေ ပြန်လည်ရရှိဖို့ပဲဖြစ်ပါတယ်။
    သူတို့ဟာ သာမန်လို့ ထင်ရပေမဲ့ ဝင်ငွေ ခပ်များများ ခပ်မြန်မြန် ရလာ လေလေ သူတို့ လုပ်ငန်းက ပိုမြန်ဆန် လေလေဖြစ်ပြီး လုပ်ငန်းတိုး တက်မှု နှုန်းက ပိုတက်လာလေ့ရှိတတ်ကြပါ တယ်။ ပြီးတော့ ရင်းနှီးထည့်ဝင်ငွေနဲ့ မလုံလောက်နိုင်တဲ့ အခြေအနေကျ ရင် အသိအမှတ်ပြုခံရတဲ့သက်ဆိုင်ရာ ဘဏ်၊ ငွေချေးအဖွဲ့အစည်းတို့ ဆီက လိုငွေကို လုပ်ငန်းထဲထည့်ဝင် စေလေ့ ရှိပါတယ်။ 
    မိသားစုပုံစံ လုပ်ငန်း အများစု ဟာဝင်ငွေကို အချိန်တိုအတွင်း စီးဆင်းအောင် စွမ်းဆောင်နိုင်တတ် ကြပါတယ်။ ဒါကြောင့် မိသားစုပုံစံ လုပ်ငန်းတွေမှာ လက်တွေ့လုပ်ရ တော့မယ့် မိတ်ဆွေတို့ဟာ သူတို့ရဲ့ စွန့်စားမှု၊ ဈေးကွက် ရှာနိုင်မှု၊ ဖောက် သည် အစဉ်မပြတ်မှု၊ ဝင်ငွေ ပြန်လည် စီးဆင်းမှုတို့နဲ့ သူတို့ရဲ့ဖွဲ့စည်းပုံက အစ အကဲခတ်ခွင့် ရလာပါလိမ့်မယ်။ 
 ဈေးကွက်အမြင်၊ ကုန်ပစ္စည်း၊ ရင်းနှီး မြှုပ်နှံမှုတို့ကို ကြည့်ပြီး မိတ်ဆွေဟာ ဝန်ထမ်းအဖြစ်မှ ကိုယ်ပိုင်လုပ်ငန်းရှင် ဖြစ်စေ၊ တစ်ဆင့်မြင့် ကုမ္ပဏီကြီးတွေ မှာ လစာကောင်းကောင်းရဖို့ အတွက် အတွေ့အကြုံကောင်း အများကြီးပေး စွမ်းနိုင်တာအသေအချာပါပဲ။မိတ်ဆွေ တို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် အထိ စီမံခန့်ခွဲနိုင်နင်းမှု အပေါ်မူတည် ပြီး မိတ်ဆွေတို့အတွက် ကောင်းကျိုး များစွာဖြစ်ထွန်းလာနိုင်ပါတယ်လို့ ရည်ရွယ်ရင်း။


နိုင်းနောင်ဝေ

Previous Next