25 Mar, 2019
အလုပ်လျှောက်တော့မယ်ဆိုရင်

ယနေ့ခေတ်ကြီးဟာ အသိပညာနဲ့မောင်းနှင်တဲ့ ခေတ်ကြီးဖြစ်သလို အဖွဲ့အစည်းတွေဟာလည်း (Knowledge Driven Society) အသိပညာနဲ့မောင်းနှင်နေတဲ့ သူ့အဖွဲ့အစည်းကြီးဖြစ်လာတာနဲ့အမျှ "လူသာလာပါ ပြဿနာကို ခေါ်မလာ ပါနဲ့" လို့ ပြောမရတော့ပါဘူး။

          Personal Management ခေတ်တုံးကတော့ အလုပ်နံရံတွေမှာ စာလေးတွေကပ်ပြီး လုပ်ပါ ၊  မလုပ်ပါဆိုကာ ထိန်းချုပ်လို့ရပေမဲ့ ယနေ့ခေတ်မှာတော့ ဒီလိုပြောလို့မရတော့ပါဘူး။

          HR ဖွံ့ဖြိုးလာတာနဲ့အမျှ ပြဿနာတွေကိုလက်ခံပြီး ဖြေရှင်းပေးရမယ့်ခေတ်ကို ရောက်ရှိလို့လာခဲ့ပါပြီ။

          လူ့စွမ်းအားအရင်းအမြစ်တွေကို စီမံခန့်ခွဲတဲ့အလုပ်ဆိုတော့ လူတွေကို အဓိကထားရတာပေါ့။ လူတွေဆိုတော့ မတစ်ထောင်သားတွေပေါ့။ လူအမျိုးမျိုး စိတ်အဖုံဖုံ ပြဿနာပေါင်းစုံပါလာမှာ သဘာဝပါပဲ။ ဒီတော့ ပြဿနာတွေကို စီမံခန့်ခွဲပြီး လူတွေရဲ့စိတ်အဖုံဖုံကို ပြန်လည်ကုစားကာ အသိပညာတွေကို ပိုကောင်းမွန်လာအောင် လုပ်ပေးရမယ့် ယနေ့ခေတ်ဆိုတော့ "လူသာလာပါ ပြဿနာကိုခေါ်မလာပါနဲ့" လို့ ပြောလို့မရတဲ့ခေတ်ကိုရောက်ခဲ့ရတာပေါ့။

          ဒီတော့ ဖြစ်တတ်တဲ့ သဘောလေးတွေနဲ့ ပြဿနာအချို့ကို လေ့လာလို့ရအောင် ပြောပြပေးချင်ပါတယ်။ HR ခေတ်ကြီးရောက်လာတော့ HR တွေကို ဖော်ထုတ်ပေးရမယ့်တာဝန်တွေကလည်း ရှိလာပြီပေါ့။ ဒါကြောင့် ကျွန်တော်က HR လောကထဲက မိတ်ဆွေတစ်ဦးဖြစ်သလို DJ တီးတဲ့အခါမှာလည်း ကျွမ်းကျင်တဲ့ Manager ကိုမှန်ကြီးနဲ့စကား ပြောခဲ့တာလေးတွေကို စာဖတ်သူတို့ကို ပြန်လည်မျှဝေပါရစေ။

ဂျိမ်း။            ။ ကိုမှန်ကြီးနေကောင်းတယ်နော်။ ဟိုတစ်ခေါက်တုန်းကလည်း အစ်ကိုပြောပြတာတွေကို ဆောင်းပါး အဖြစ် ထည့်ဖူးတယ်နော်။ ဒီနေ့တော့ HR Function တွေထဲက Selection ဆိုတဲ့ ၀န်ထမ်းရွေးချယ်မှုအပေါ်မှာ ပြောကြ ရအောင်ဗျာ။ ၀န်ထမ်းတွေကို အင်တာဗျူးတဲ့အခါမှာ အစ်ကို့အနေနဲ့ ဘယ်လိုပုံစံလေးတွေ ဗျူးခဲ့တယ်ဆိုတာလေး ပြောပြ ပေးပါလား။

မှန်ကြီး။                   ။ ဂျိမ်းတို့ကတော့ စပြီ။ မလာလိုက်နဲ့ လာတာနဲ့ ဒီ HR အကြောင်းပဲ။ ကျွန်တော်က ဂျိမ်းဆီက ပညာယူ ရမယ်မရှိဘူး။ ဂျိမ်းကပဲ လာလာယူနေတယ်။ အေးပေါ့လေ။ HR သမားဆိုတော့လည်း ပေးရဦးမှာပေါ့။ ဂျိမ်း ပြောသလို ၈၀/၂၀ ဥပဒေသအရပြောရရင် HR သမားဆိုတာ ၂၀% ပဲယူ ၈၀% ပေးရမယ်ပေါ့။ ဒီလိုပဲ HR သမားစစ်စစ်တွေ ပြန်ရရင်လည်း ၈၀% သော ကောင်းကျိုးတွေပြန်ရမယ်။ ဆုံးရှုံးမှုကတော့ ၂၀% လောက်ပဲရှိမှာပေါ့ မဟုတ်ဘူးလား။ ဂျိမ်း က မေးတော့လည်း မှတ်မိသလောက် ပြန်ပြောပြရတော့မှာပေါ့။

ဂျိမ်း။            ။ ကျွန်တော်အရင်စပြောပေးမယ်။ ဒီလိုရှိတယ် ကိုမှန်ကြီး အလုပ်ခန့်တယ်ဆိုတာ လူကိုရွေးတယ်။ မတတ် တာကိုသင်တယ်။ တတ်ပြီးသားဆိုရင် ပြင်သင့်တာပြင်ပေး တာဝန်ပေး အလုပ်ပြီး မပြီးတာတွေ ဆက်ဆံရေး ကောင်း မကောင်း အကျင့်ကောင်း မကောင်းစတာတွေနဲ့ပါ ချိတ်ဆက်မှုရှိတာဆိုတော့ စာထဲမှာသင်သလို မလွယ်ကူဘူးပေါ့။ ရွေးချယ်မှု မှန် မမှန် ရလဒ်ကိုချက်ချင်းမသိနိုင်တဲ့အလုပ်ပဲ မဟုတ်ပါလား။

          လူမှန်နေရာမှန်ရဖို့ဆိုတာ မလွယ်တဲ့အလုပ်ပါပဲ။ စိတ်နေစိတ်ထားအမျိုးမျိုးရှိနေတဲ့သူတွေကို မိနစ်ပိုင်းအတွင်း ရွေးချယ်ဆုံးဖြတ်ရတာ SME ကနေ လုပ်ငန်းကြီးတွေအထိ စိတ်ညစ်ရတဲ့ကိစ္စဖြစ်နေပါတယ်။

          ဒါကြောင့် လုပ်ငန်းရှင်တွေက Attraction ကို အဖြစ်လောက်ပဲလုပ်ပြီး Development တို့ Maintain တို့နဲ့ဆက်ပြီး ရပ်တည်ကြပါတယ်။ ကျွန်တော်ထင်တယ်။ အဲဒါက မှန်ကန်တဲ့နည်းတော့ မဟုတ်ဘူး။ Attraction ကိုတောင် စနစ်တကျ မလုပ်ခဲ့ရင် ကျန်တဲ့အစိတ်အပိုင်းတွေကို လုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

          Attraction Sector မှာကတည်းကိုက လူမှန်နေရာမှန်ရောက်ဖို့ အနီးစပ်ဆုံးလုပ်ယူထားနိုင်မှသာ ကျန်တဲ့ Development တွေ Maintain တွေကို အကောင်းဆုံးနဲ့ အသုံးစရိတ်သက်သက်သာသာလုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း အစ်ကို့ဆီက ပညာတွေထပ်ယူရတာပေါ့။

မှန်ကြီး။         ။ ကျွန်တော်ကတော့ လျှောက်လွှာတွေရပြီဆိုတာနဲ့ လျှောက်လွှာတွေကို အရင်ဆုံးစစ်ဆေးပါတယ်။ ဒီထဲကမှ စိတ်ဝင်စားလောက်တဲ့သူတွေကို အင်တာဗျူးဖို့ ရွေးတာပေါ့။ ဒီမှာဘာသွားတွေ့လဲဆိုတော့ တချို့ကလေးတွေက အလုပ်လျှောက်လွှာဖြည့်တာတောင် အိမ်ကမိဘတွေက ကူဖြည့်ပေးထားတာ တွေ့ရတယ်။ အဲဒီလိုမျိုးဆိုရင်တော့ ဒီဝန်ထမ်းလောင်းဟာ မိဘရဲ့အပံ့အပိုးမကင်းတာ သေချာတဲ့အတွက် ဒီလူကိုမစဉ်းစားပါဘူး။

          တချို့ကလည်း CV ကိုသေချာပြင်ဆင်လာတယ်။ တချို့ကလည်း CV အပြင် Coverletter ပါ ပါလာတယ်။ ဒီလိုတွေအပေါ်မှာ ပထမဦးစားပေး CV ကိုခွဲထုတ်ပြီး ဗျူးဖို့လုပ်ပါတယ်။ ဒါကြောင့်လျှောက်လွှာစပြီး ပြင်ဆင်လာကတည်း က သေသေသပ်သပ် ပြည့်ပြည့်စုံစုံလေးဖြစ်အောင် ပြင်ဆင်ပေးကြပါလို့ ပြောချင်ပါတယ်။

          CV တွေကိုစစ်ဆေးပြီးတဲ့အခါမှာတော့ လူတွေ့စစ်ဆေးတာပေါ့။ ဒီမှာအရင်ဆုံးစစ်တာက ကိုယ်ရည်ကိုယ်သွေးပေါ့။ ၀န်ထမ်းခန့်တဲ့အခါ ဘာတွေတတ်ထား ဘာဘွဲ့ရထားရမယ်ဆိုတာတွေအပြင် အဖွဲ့အစည်းကိုဦးဆောင်နိုင်တဲ့သူ ဖြစ်သလား။ လူတွေနဲ့ တွေ့ဆုံရာမှာ ဆက်ဆံရေးကောင်းသူဖြစ်သလားဆိုတာတွေကို ကြည့်ပါတယ်။ ဒါတွေက လုပ်ငန်းခွင် မှာ သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေး ဘယ်လိုရှိသလဲဆိုတာကို ဖော်ပြပေးလိုက်တာပါပဲ။

          တကယ်တော့ ဒီကိုယ်ရည်ကိုယ်သွေးဆိုတာက အလုပ်ခေါ် အင်တာဗျူးအချိန်ခဏလေးမှာ ဟန်ဆောင်ထားလို့ရပါ တယ်။ ဒါတောင် နည်းနည်းလေးအချိန်ယူပြီး စကားပြောကြည့်ရင် တစ်ခါတစ်ခါမှာ သူ့စိတ်ကိုအကဲခတ်လို့ရပါတယ်။

          တစ်ခါကပေါ့ ၀န်ထမ်းတစ်ဦးကိုမေးဖူးတယ်။ လုပ်ငန်းအတွေ့အကြုံလေးလည်းရှိထားတဲ့သူဆိုတော့ Recommendation Letter ပါလားလို့မေးလိုက်တော့ သူပြန်ပြောတာက မပါဘူးလေ အလုပ်အတော်များများက ဒီလိုပေးလို့လား ကြားမှမကြားဖူးတာ ပေးမှန်းမှမသိခဲ့တာ အဲ့အလုပ်မှာ သိလို့ကတော့ တောင်းလာမှာပေါ့။ အဲ့အလုပ်က ထွက်တုန်းကတော့ သူတို့ကမေးတယ်။ ဘာလို့အလုပ်က ထွက်ချင်တာလဲတဲ့။ ကျွန်မကလည်း အလုပ်ရှုပ်တယ် လာမမေးနဲ့။ အလုပ်ကို နောက်နေ့မှာလာမှ မလာတော့တာ ဘာလို့ပြောပြနေရဦးမှာလဲလို့တော့ ပြန်ပြောခဲ့မိတယ်ဆိုပဲ။

          ဒီမှာတင် သူ့ရဲ့အပြုအမူကို အကဲခတ်လို့ရသွားတာပေါ့။ တကယ်တော့ ဒီလိုမေးရတာဟာ ဒီလူဟာအရင်အလုပ်မှာ ကောင်းကောင်းလုပ်ခဲ့ရဲ့လားဆိုတာကို သိထားဖို့လိုမယ်ထင်လို့ပါ။

          အလုပ်တစ်ခုကနေ နောက်အလုပ်တစ်ခုကိုပြောင်းမယ်ဆိုရင် အဲဒီလိုလုပ်တဲ့အကျင့်တွေမရှိကြသေးတော့ ၀န်ထမ်း တွေဘက်ကလည်း Recommend ကို တောင်းရကောင်းမှန်းမသိဘူး။ အလုပ်ရှင်ဘက်ကလည်း ပေးရကောင်းမှန်းမသိဘူး ဖြစ်နေတာပေါ့။

ဂျိမ်း ။           ။ ဒါပေါ့ ကိုမှန်ကြီးရာ။ ကျွန်တော်ဆို ဒီလိုတွေမဖြစ်ရအောင်လို့ HR Manager ဖြစ်ခဲ့တဲ့ ကာလတစ်လျှောက်လုံးနဲ့ HR Startup လုပ်တဲ့အလုပ်တွေအတွက်ကို စနစ်ကျစေချင်လို့ Recommendation မူဝါဒတွေ လုပ်ပေးထားတယ်။ လုပ်ထုံးလုပ်နည်းကိုလည်း အသေးစိတ်ရေးပေးထားပြီး ပုံစံတွေဖော်ပေးထားတယ်။ ဒီလိုလုပ်တော့ အဲဒီစာရွက်ယူပြီး ထွက်သွားတဲ့ဝန်ထမ်းဟာလည်း နောက်အလုပ်အတွက် အဆင်ပြေသလို ကျွန်တော်တို့အလုပ်ရဲ့ Image ကိုလည်း တက်စေတာပေါ့။

မှန်ကြီး ။        ။ နောက်တစ်ခုက အင်တာဗျူးလုပ်ရင် သူတို့ရဲ့အပြုအမူကိုအကဲခတ်နိုင်မယ့် မေးခွန်းမျိုးတွေ တမင်တကာ ထည့်မေးဖို့လိုပါတယ်။ ကျွန်တော်အမြဲမေးလေ့ရှိတာကို ပြောပြပါ့မယ်။ အရင်လုပ်ခဲ့တဲ့အလုပ်မှာ အောင်အောင်မြင်မြင် လုပ်ခဲ့တာလေးကို ပြောပြခိုင်းပါတယ်။ သူသာ တကယ်အရင်အလုပ်မှာ ကြိုးစားခဲ့သူဆိုရင် သူအောင်မြင်ခဲ့တာတွေကို အရသာရှိရှိပြန်ပြောပြနိုင်မှာပါ။ ဘာမှပြောစရာမရှိပါဘူးဆိုတဲ့သူဟာ သူ့အလုပ်ကိုစိတ်ဝင်စားမှု မရှိခဲ့ဘူးဆိုတာ ဖော်ပြနေတာပါပဲ။ တချို့ဆိုရင် သူပြောပြတာက ဘာမှမဟုတ်တဲ့လုပ်ရပ်လေးဖြစ်နေပေမဲ့ အလုပ်မှာ သူဘယ်လောက်စိတ်ထည့်ပြီး လုပ်ခဲ့လဲဆိုတာကို ခန့်မှန်းလို့ရပါတယ်။

          နောက်တစ်ခုက အရင်အလုပ်မှာ ပြန်တောင်မပြောပြချင်တဲ့ကိစ္စမျိုးရှိသလားလို့ ထပ်မေးတယ်။ ဒီအခါမှာ ပြဿနာ မရှိဘူးဆိုရင်တော့ ဒီလူဟာ မလုပ်မရှုပ်မပြုတ်ဆိုတဲ့အထဲမှာပါတာ သေချာသလောက်ပဲ။ အလုပ်လုပ်ပြီဆိုကတည်းက အခက်အခဲ၊ ပြဿနာ၊ စိန်ခေါ်မှုဆိုတာရှိတာပဲ မဟုတ်ပါလား။

          ပြီးခဲ့တဲ့အဖြစ်အပျက်တွေကို ဒီလိုမေးပြီး မှတ်ထားဖို့ထက် သူ့အလုပ်ကိုသူဘယ်လောက် စိတ်ဝင်စားမှုရှိလဲဆိုတာ သိရအောင်လည်းပါသလို ဒီဝန်ထမ်းဟာ အုံ့ပုန်းသမားလား။ ပွင့်လင်းဖော်ရွေသူလားစသဖြင့် သိနိုင်အောင်လို့ မေးပေးရတာပါ။

ဂျိမ်း ။           ။ မှန်တာပေါ့ဗျာ။ အစ်ကိုပြောသလို Apperance တို့ Personality တို့ဆိုတာ ဒီဗျူးနေတဲ့ ခဏအချိန်လေးမှာ ဟန်ဆောင်လုပ်ယူလို့ရတာကြောင့် သိပ်ပြီးတော့ Reliable မဖြစ်ဘူး။ ဒီတော့ အကဲခတ်စရာတစ်ခုခု ရှိလာတာက မျက်လုံးပဲ။ မျက်လုံးက မေးတဲ့သူကို တည့်တည့်မကြည့်ဘူး။ မျက်နှာလွှဲနေတာတွေဟာ စိတ်အေးထက်သန်မှု မရှိတာကို တစ်စိတ်တစ်ပိုင်းဖော်ပြတာပေါ့။

မှန်ကြီး ။        ။ ဒါပေါ့ဗျာ။ နောက်မေးလိုက်တဲ့အကြောင်းအရာကို သိရင်သိတယ်။ မသိရင်မသိဘူး။ မလုပ်ရင်မလုပ်ဖူး ဘူး။ ရိုးရိုးသားသား ဖြေမယ်။ နောက်သူ့ကိုကြည့်ရင် သေသေသပ်သပ် ၀တ်လာမယ်။ ရွှင်ရွှင်လန်းလန်းရှိတယ်ဆိုရင် Motivation ရှိတယ်။ စိတ်အားထက်သန်မှုအပြည့်ရှိတယ်လို့ ပြောလို့ရတယ်။ တချို့ကျတော့ သပ်သပ်ရပ်ရပ် ၀တ်မလာဘူး။ မျက်လုံးမှာ စိတ်အားထက်သန်မှုမရှိဘူး။ မေးတဲ့အခါမှာလည်း ရပါတယ်တို့ ဆိုပါတော့တို့ ခိုင်းရင်လုပ်ကြည့် တာပေါ့တို့ ဖြေမယ်ဆိုရင် ဒီလိုအပြုအမူမျိုးဟာ မရိုးသားဘူးဆိုတာ ဖော်ပြနေပါတယ်။

          ပြောသမျှကို တစ်ဟုတ်တည်းဟုတ်နေမယ်ဆိုရင်လည်း မဟုတ်သေးဘူး။ မတတ်တာကို သင်ပေးလို့ရတယ်။ စိတ်အားထက်သန်မှုက သင်ပေးလို့မရဘူး။

ဂျိမ်း ။           ။ တစ်ခါတလေကျတော့လည်း စိတ်လှုပ်ရှားတာ တွေးကြောက်နေတာတွေလည်း ဖြစ်နိုင်တယ်။ ဒါတွေ မဖြစ်အောင် အင်တာဗျူးတဲ့သူတွေက ကိုယ့်ကိုယ်ကို အရင်မိတ်ဆက်ပေးတာတွေလည်း လုပ်ပေးသင့်ပါတယ်။ အင်တာဗျူး ခံရသူ စိတ်လက်ပေါ့ပါးပြီး သက်သောင့်သက်သာဖြစ်သွားရင် သူ့ဆီက ကိုယ်လိုချင်တဲ့အရည်အချင်းတွေ တွေ့နိုင်ပါတယ်။

မှန်ကြီး။                  ။ ကျွန်တော် အင်တာဗျူးတဲ့အခါတိုင်း သူတို့မိသားစုနောက်ခံအကြောင်းကိုလည်း မေးပါတယ်။ မိသားစု အခြေအနေဘယ်လိုရှိလဲ။ မိဘ ညီအစ်ကို မောင်နှမ အလုပ်အကိုင်၊ အိမ်ထောင်သည်ဆိုရင်လည်း ဇနီး ခင်ပွန်းရဲ့ အလုပ်အကိုင် စတာတွေကို မေးပါတယ်။ အလုပ်အပေါ် ဘယ်လောက်အချိန်ပေးနိုင်မလဲဆိုတာက ဒီအချက်တွေအပေါ် တစ်စိတ်တစ်ပိုင်း မူတည်နေပါတယ်။

          နောက်တစ်ခုက သူတို့ကျောင်းသားဘ၀ကအကြောင်းတွေပါမေးတယ်။ သူငယ်ချင်းဘယ်နှစ်ဦးရှိသလဲ။ မိန်းကလေးသူငယ်ချင်း ယောက်ျားလေးသူငယ်ချင်း  ဘယ်သူ့ကိုပိုခင်လဲ ဘာလို့ပိုခင်ရတာလဲ။ သူတို့နဲ့အတူနေစဉ်မှာ အပျော်ဆုံးအချိန်က ဘာလဲ။ ဘယ်အချိန်တွေမှာ စိတ်ညစ်ရလဲစတာတွေပါ မေးတယ်။ ဒီလိုမေးတော့ သူဟာ အစုအဖွဲ့မှာ ဘယ်လိုစိတ်ထားနဲ့နေတတ်လဲ။ သူ့ရဲ့အားသာချက် အားနည်းချက်တွေကိုလည်း တစ်စိတ်တဒေသ ခန့်မှန်းလို့ရတာပေါ့ဗျာ။

ကျွန်တော်က ၀န်ထမ်းခန့်တဲ့အခါမှာ ခန့်မယ့်ရာထူးအပေါ်မှာမူတည်ပြီး လက်တွေ့လုပ်ခိုင်းကြည့်တယ်။ Computer Operator သမားဆိုရင် ပေးထားတဲ့ Format အတိုင်းလုပ်တတ်မလုပ်တတ် စစ်တယ်။ ယာဉ်မောင်းဆိုရင်လည်း ကားစမ်းပြီး မောင်းခိုင်းတယ်။ ပါကင်ထိုးခိုင်းကြည့်တယ်။

          တစ်ခါတလေ Technical Skills ပဲ လိုအပ်တဲ့အရေးကြီးရာထူးမျိုးမဟုတ်ဘူးဆိုရင် ကိုယ့်မှာလည်း အရေးတကြီး လူလိုနေပြီဆိုရင်တော့ စကားအရင်ပြောကြည့်လိုက်တယ်။ သဘောကျနေပြီဆိုရင် သူ့ကို Second Interview ထပ်မခေါ်တော့ဘဲ အလုပ်ခန့်လိုက်တာပါပဲ။

          မလိုအပ်ဘဲ ဒုတိယအကြိမ်ထပ်ခေါ်တာဟာ နှစ်ဖက်စလုံးအတွက် အကျိုးမရှိနိုင်ပါဘူး။ မန်နေဂျာအဆင့်လို Leader အဆင့်လို တာဝန်ခံအဆင့်လိုတွေကိုတော့ ကျွန်တော်က ၃ ကြိမ်အထိ လူတွေ့စစ်ဆေးပါတယ်။ အဲဒီလိုလုပ်တော့ အရည်အချင်းစစ်တဲ့သူကိုရသလို တချိုကကလည်း စိတ်မရှည်တော့ဘဲ ထပ်ပြီးမလာကြတော့ပါဘူး။

          နောက်တစ်ခုက အင်တာဗျူးဖို့ချိန်းဆိုတဲ့အခါမှာ ကျွန်တော်က တစ်နေ့ကို  ၅ ဦးပဲ ဗျူးတယ်။ တစ်ဦးကို ၄၅ မိနစ်စီခြားပြီး ခေါ်တယ်။ ဘာလို့ဆိုတော့ Interviewee အခန်းထဲဝင်လာမယ့်အချိန် Interviewer လုပ်သူစကားပြောပြီး အညောင်းဖြေဖို့နဲ့ ရေသောက်ဖို့ကိုလည်း အချိန်ထည့်တွက်သလို CV Form ကို နောက်တစ်ခါထပ်ကြည့်ဖို့ကိုလည်း အချိန်ထပ်ယူပြီး အားလုံးကို ၁၅ မိနစ် သတ်မှတ်တယ်။ စကားပြောတဲ့အချိန်ကိုတော့ မိနစ် ၃၀ သတ်မှတ်ပါတယ်။

ဂျိမ်း ။           ။ ကောင်းလိုက်တာဗျာ။ ပညာရှင်ပီသပါပေတယ်။ အချိန်ကိုကွက်တိပဲ။ တချို့ဆိုရင် တစ်နေ့ကို ၁၅ ဦးလောက် ဗျူးတယ်။ အချိန်ကိုချိန်းတော့လည်း အားလုံးကိုအတူတူချိန်းတယ်။ ကျွန်တော် ခံရဖူးတာပေါ့။ HR Manager ၆ ဦးတောင် နေ့လည်တစ်နာရီမှာ အတူတူချိန်းထားတာ။ ဒါနဲ့ကျွန်တော် စဉ်းစားကြည့်တာပေါ့။ ဒီလိုအတူတူချိန်းထား တာဆိုတော့ အခန်းတစ်ခန်းထဲကို Manager အားလုံးထည့်ပြီး ခေါင်းစဉ်တစ်ခုတည်းကို ၀ိုင်းဆွေးနွေးခိုင်းပြီး အကြိုက်ဆုံး သူကို ရွေးမလားပေါ့။ ဘယ်ဟုတ်မလဲ။ တစ်ဦးကို ၄၅ မိနစ်လောက် ဗျူးနေတာ နောက်ဆုံးကျွန်တော့်အလှည့်ရောက်တော့ ၅ နာရီရှိနေပြီ။ တကယ်ဆို သူတို့ ကျွန်တော့်ကို တစ်နာရီမှာ မချိန်းသင့်ဘူး။ ၃ နာရီခွဲ ဒါမှမဟုတ် လေးနာရီလောက် ချိန်းသင့်တာ။ နောက်ပြီး ကျွန်တော်အခန်းထဲရောက်မှ CV ကိုကြည့်တယ်ထင်တယ်။ "သြော်.. ၁၉၈၂ ခုဖွားဆိုတော့ မင်းကငယ်သေးတာပဲ" တဲ့ဗျာ။ ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်လဲလို့။

မှန်ကြီး ။        ။ နောက်တစ်ခုရှိတယ် ဂျိမ်း.. Interviewer လုပ်သူဟာ ကိုယ်ကချည်းပဲ သူ့ကိုမေးခွန်းတွေ မေးနေတာမျိုး မဟုတ်ဘဲ သူ့ဘက်ကပြန်မေးခွင့်ကိုလည်း ဖွင့်ပေးရမယ်။ ဒီအခါမှာ သူသိချင်လို့ ရိုးရိုးသားသားမေးတာလား။ ဒီအဖွဲ့ အစည်းထဲမှာ မလုပ်ရသေးခင်ကတည်းက အခွင့်အရေးတောင်းဖို့ မေးနေတာမျိုးလားဆိုတာလည်း အကဲခတ်လို့ရပါတယ်။

ဂျိမ်း ။           ။ မှန်တယ်။ တချို့ Interviewer တွေက သူတို့သိချင်တာ သူတို့လိုချင်တာတွေကိုပဲ ပြောကြတယ်။ တချို့ဆို ပြန်မေးတာကိုတောင် မပြောပြချင်တဲ့အမူအရာတွေပြတယ်။ တချို့ဆို ပြန်မမေးနိုင်အောင် စကားလုံးတွေနဲ့ ဖိနှိပ် ထားကြတယ်။ ဒီတော့ သူတို့ရလိုက်တဲ့ ၀န်ထမ်းတွေက ရေငုံနှုတ်ပိတ်စက်ရုပ်လို ၀န်ထမ်းတွေပဲ ရလိုက်တယ်ပေါ့။

          ဒါကြောင့် လူစွမ်းအားအရင်းအမြစ်ခေတ်ကိုရောက်လာတဲ့အခါမှာ ဒီလိုတွေမဖြစ်ရအောင်လို့ ကျွန်တော်တို့က စဉ်းစားထားရမယ်။ အမြဲတမ်း Motiviate ဖြစ်နေတဲ့ ၀န်ထမ်းတွေကိုပဲရအောင်လို့ပါ။

          ဒါကို ကျွန်တော်ပြောပြချင်တာက ၇၀/၃၀ ဥပဒေသကို အင်တာဗျူးမှာ ကျင့်ကြံစေလိုပါတယ်။ Interviewer လုပ်သူဟာ ၃၀% ပဲ စကားတွေပြောပြီး ၇၀% ကို Interwiewee ကိုသာ ပြောစေချင်ပါတယ်။

          ဒီတော့ Interviewee လုပ်သူဟာ သူမေးချင်တာတွေမေးလို့ရသလို သူ့ရဲ့ပညာအားလုံးကိုလည်း တစ်ချိန်တည်းမှာ အများကြီးပြနိုင်ပါတယ်။ နောက်ပြီးသူထင်မှတ်သွားမှာတစ်ခုရှိတယ်။ ဒီ Interview ဟာ ၀န်ထမ်းကိုအလေးထားပါလား။ သူဟာ ဒီလိုစိတ်ထားရှိရင် ငါသူ့လိုတာဝန်ခံတစ်ဦးရဲ့လက်အောက်မှာလုပ်ဖို့ ဘာများဝန်လေးစရာရှိတော့မှာလည်းဆိုပြီး တွေးသွားမှာအမှန်ပဲ။ တကယ်တမ်း ဗီဇကောင်း၊ ပညာလိုတဲ့သူဆိုရင် ဒီ Interviewer ဟာ လစာလျှော့နိုင် မလျှော့နိုင် စိတ်စမ်းသပ်ရင်တောင် လစာထက် ပညာကိုအဓိကထားတော့ အလုပ်ကိုပဲဦးစားပေးပြီး လစာနည်းနည်းနဲ့လုပ်သွားနိုင်ပါ တယ်။

မှန်ကြီး ။        ။ တချို့က သင်တန်းဆင်းလက်မှတ်တွေအများကြီးနဲ့ လာတတ်တယ်။ သင်တန်းဆင်းလက်မှတ် ဘယ်လောက်ပါပါ ဒီလူကိုထပ်စစ်ဆေးတာ မမှားပါဘူး။ သဘောကျပြီး တန်းခန့်ဖို့မစဉ်းစားပါနဲ့။ သင်တန်းရဲ့ Image က ယုံကြည်ရတယ်ဆိုပေမဲ့ သင်တန်းရဲ့တန်ဖိုးကတော့ သင်တန်းဆင်းလက်မှတ်ကိုင်ထားသူရဲ့အပေါ်မှာ အများကြီးမူတည်ပါ တယ်။ သူသင်ထားတဲ့အထဲက အကြောင်းအရာတစ်ခုကို ပြောခိုင်းကြည့်လို့ပြောနိုင်တယ်ဆိုရင် မဆိုးဘူးလို့ပြောလို့ရတယ်။ တကယ်တမ်းကတော့ Skills ဆိုတာ သင်တန်းဆင်းလက်မှတ်အပေါ် အများကြီးမူတည်မနေပါဘူး။

ဂျိမ်း ။           ။ ဒါပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်သင်တဲ့ကလေးတွေကို စာသင်ချိန်စနစ်ချထားတယ်။ ပထမအစနာရီဝက် က သင်ခဲ့တဲ့စာတွေကိုပြန်မေးတယ်။ ဒုတိယက စာသင်တယ်။ တတိယအချိန်က စာပြန်နွေးပြီး သူတို့ရဲ့လုပ်ငန်းခွင်တွေမှာ ဘာတွေဖြစ်ခဲ့လဲ။ ဘာတွေဖြစ်နေလဲ။ ဘယ်လိုအခြေအနေတွေ ကြုံတွေ့နေရလဲဆိုတာမေးပြီး Vocational and Social Counselling လေးတွေ လုပ်ပေးပါတယ်။

မှန်ကြီး ။        ။ နောက်ပြီး အလုပ်အပြောင်းအလဲများတဲ့သူကိုလည်း ကြည့်ပါတယ်။ လုပ်သက်လေးနှစ်မှာ လုပ်ခဲ့တဲ့ နေရာက ၇ ခုလောက်ဖြစ်နေပြီဆိုရင် သူ့မှာအလုပ်အသစ်အသစ်တွေပဲပြောင်းပြီး  သင်နေရမှာဆိုတော့ ဘာမှထဲထဲဝင်ဝင် လုပ်တတ်မယ်လို့ မမြင်ဘူး။ အလုပ်ဆိုတာ အလုပ်တစ်ခုထဲ ဇောက်ချမလုပ်တတ်သူကို လက်ခံချင်စရာမကောင်းပါဘူး။

          နောက်တစ်ခုက ဗျူးနေရင်း သူပြောတာကိုကြည့်ပြီး တခြားသူတွေကိုဘယ်လောက်အထိ လွှမ်းမိုးအောင်ပြောနိုင် လဲ စကားလုံးသုံးတာ ဘယ်လောက်ပြေပြစ်လဲ။ လူတွေနဲ့ဘယ်လောက်ထိ လိုက်လျောညီထွေဖြစ်အောင် ပြောနိုင်လဲ။ သူ့ကိုယ်သူ ယုံကြည်မှုရှိရဲ့လားဆိုတာတွေကိုလည်း ကြည့်ရပါမယ်။

ဂျိမ်း။            ။ ကျွန်တော် ကြုံဖူးတယ်။ သူ့ရဲ့လုပ်သက်က တစ်နှစ်ကျော်ကျော်ပဲရှိသေးတယ်။ အခန်းထဲမှာ ကျွန်တော်နဲ့ MD နှစ်ဦးသား သူ့ကိုမေးတာပေါ့။    

          ကိုလူချောက စကားပြောတာကောင်းတယ်ဗျ။ သူကြုံခဲ့ရတဲ့အတွေ့အကြုံ တစ်နှစ်ကအကြောင်းတွေကို ရွှန်းရွှန်းဝေ အောင်ပြောပြတာပေါ့။ ကျွန်တော့်မျက်နှာကိုကြည့်လိုက် MD မျက်နှာကိုကြည့်လိုက် Body Language ကောင်းကောင်းနဲ့  Presentation လုပ်သွားလိုက်တာများ ကြုံခဲ့တဲ့အခက်အခဲတွေကော အဲဒီကထွက်ခဲ့ရတဲ့အတွက် သူဝမ်းနည်းရကြောင်း သူသာရှိသေးလို့ကတော့ ဘယ်လိုတွေလုပ်ဖို့စဉ်းစားထားကြောင်း စတာတွေပါ ပြောပြတာပေါ့။ MD နဲ့ ကျွန်တော်တောင် အံ့သြသွားပြီး ၂ ဦးသား တစ်ဦးဘက်တစ်ဦးလှည့်ကာ မျက်စိခြင်းတောင်ဆုံမိခဲ့ကြသေးတယ်။ သူပြန်သွားတော့ MD လုပ်သူက ခန့်ချင်ကြောင်း ကျွန်တော့်ကိုပြောတယ်။ ဒါနဲ့ဒုတိယအကြိမ် အင်တာဗျူးထပ်ခေါ်တဲ့အခါမှာတော့ သူမလာဖြစ်တော့ပါဘူး။

                နောက်တစ်ခုပြောပြချင်သေးတယ်။ တချို့က အင်တာဗျူးတဲ့ကလေးတွေလာရင် အလုပ်ကိစ္စပဲမေးပြီး သူတို့ကြိုက်ရင် အလုပ်ခန့်ဖို့လုပ်တော့တာပဲ။ Interview ဖို့လို့ပြောရင် အဓိက Objective က လူမှန်နေရာမှန်ရောက်ဖို့လို့ ပြောကြလိမ့်မယ်။ ဒါက Business အတွက်ပဲဖြစ်ဖြစ် ကျွန်တော်တို့ Society တစ်ခုလုံးကောင်းဖို့ကို အဓိကထားပြီး Interview သင့်တယ်။

          ဒါကိုကျွန်တော်ထပ်ပြောပြချင်တာက Interviewer တစ်ဦးဟာ Interview တစ်ခုအတွက် Objective နှစ်ခုရှိရပါမယ်။

          Duty ဆိုတဲ့ အင်တာဗျူးတဲ့နေရာမှာ မလုပ်မနေရလုပ်ကိုလုပ်ရမယ့် လူမှန်နေရာမှန်ရဖို့ကို Business အတွက် ပြုလုပ်ပေးရသလို Responsibility ဆိုတဲ့ ၀တ္တရားတွေကိုပါ မိမိတို့ရဲ့ Society အတွက် လူမှန်နေရာမှန်ရဖို့လုပ်ဆောင်ပေးရ ပါမယ်။

          ဥပမာ-ဥပဒေနဲ့ကျောင်းပြီးလာတဲ့ Applicant တစ်ဦးဟာ အရောင်းဌာနမှာလာလျှောက်တယ်ဆိုပါတော့ Business  အတွက်ကတော့ သူ့ကိုသုံးလို့ရရင်သုံးမှာပေါ့။ ဒါပေမဲ့ ဒီလိုလွယ်လွယ်မသုံးဘဲ Society ကြီးမှာ လူမှန်နေရာမှန်ရောက်သွား ဖို့ကို အဓိကထားပြီးပြောပြပေးရပါမယ်။ ဒါကို Vocational Counselling လုပ်တယ်ပြောတာပေါ့။ Interviewer တွေဟာ အင်တာဗျူးအခန်းထဲမှာကတည်းက Vocational Counselling လုပ်ပေးထားရင် ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်။

          ဒီတော့ အရောင်းဝန်ထမ်းအဖြစ် လာလျှောက်တဲ့ ဥပဒေကျောင်းသားလေးကို Interviewer လုပ်သူက Vocational Counselling လုပ်ပေးရတော့မယ်။

          “ဒီဟာက JD Form  လို့ခေါ်တယ်။ ညီတို့လို အရောင်းသမားတွေထမ်းဆောင်ရမယ့်တာဝန်တွေပဲ။ အရောင်းသမား တစ်ဦးမှာရှိရမယ့် အရည်အချင်းတွေကတော့ ဒါတွေပဲ။ တကယ်လို့ ညီလေးဟာ အရောင်းဌာနမှာ ကြာကြာလုပ်ချင် ရင်တော့ ဒီလိုလိုအပ်တဲ့ သင်တန်းတွေကို မိမိလစာ မိမိအစီအစဉ်နဲ့ တတ်ထားရမယ်။ အစ်ကိုတို့က အလုပ်အတွက် နည်းနည်းပဲ သင်ပေးမှာ။ ညီတို့က လိုအပ်တဲ့သင်တန်းတွေ ဆက်တက်မထားရင် အလုပ်မှာ ၂ နှစ်တန်သည် ၃နှစ်တန်သည်လောက် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အစ်ကိုတို့က အနည်းဆုံးလုပ်သက် ၂ နှစ်လောက် ၀န်ထမ်းတစ်ဦးကို လုပ်စေချင်တာ”။

          “ဒီလို ညီလေးတို့က သင်တန်းတွေဆက်ပြီး တက်ထားတော့ လစာတွေ ရာထူးတွေလည်း တိုးပေးလို့ရတာပေါ့။ ညီတို့က ဆက်မတက်ဘဲ ရေလိုက်ငါးလိုက်နေခဲ့ပြီး ရာထူးတိုးပေးလို့မရရင် အပြင်က ၀န်ထမ်းအသစ်ခေါ်ပြီး ညီလေးတို့ အထက်မှာ ထားလိုက်တဲ့အခါမှ ငါတို့က ဒီမှာလုပ်တာကြာပြီး ရာထူးလည်းမတိုးဘူးဆိုပြီး အလုပ်ကထွက်သွားရင် အစ်ကို တို့အလုပ်လည်း ၀န်ထမ်းသစ်တစ်ဦးကို အစကပြန်စရသလို ညီလေးတို့အတွက်လည်း နောက်အလုပ်တစ်ခုမှာ ၀န်ထမ်း အသစ်အနေနဲ့ပြန်စရရင် အဆင်ပြေဖို့ခက်ခဲလိမ့်မယ်”။

          “ဒါကြောင့်အရောင်းဌာနမှာ လုပ်ချင်ရင် ဒီလိုသင်တန်းတွေအပြင်မှာ ဆက်တက်နိုင်ရမယ်။ မတက်နိုင်ပါဘူး။ ငွေကို အပိုအကုန်မခံနိုင်ပါဘူးဆိုရင်တော့ ညီတို့တကယ်နားလည် သင်ကြားတတ်မြောက်ထားတဲ့ သက်ဆိုင်ရာဘွဲ့ဖြစ်တဲ့ ဥပဒေ ပညာနဲ့ အသက်မွေးမှုကို ဆက်သွားသင့်တယ်”။

          “ဒါဆိုရင် အစ်ကိုတို့လုပ်ငန်းအတွက်လည်း ၀န်ထမ်းကောင်းတွေကိုရသလို ညီလေးတို့ဟာလည်း Society ကြီးကို မိမိတို့သင်ကြားတတ်မြောက်ထားတဲ့ ပညာနဲ့ပြန်ပြီး အလုပ်အကျွေးပြုနိုင်သလို ညီလေးတို့လည်း အပိုငွေကြေးတွေ ထပ်မကုန်တော့ဘူးပေါ”့ စတာတွေနဲ့ Vocational Conselling ကို Interview အခန်းထဲမှာ Interview Ethics တစ်ခုလို လုပ်ဆောင်ပေးထားရမှာပဲ မဟုတ်ပါလားဗျာ။

          ဒီတော့  စာဖတ်သူတို့လည်း အလုပ်လျှောက်တော့မယ်ဆိုရင် ဒီဆောင်းပါးလေးကိုဖတ်ပြီး အင်တာဗျူးတွေ မှာ အောင်နိုင်ကြပါစေ။          

ဂျိမ်းစ်ကျော်လွင် (Phil)

 

Previous Next