19 May, 2020
လုပ်ငန်းခွင်တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းသုံးသပ်မှု

လုပ်ငန်းခွင်အရည်အချင်း သုံးသပ်မှု (performance review)ကို နိုင်ငံခြားကုမ္ပဏီတွေမှာ တစ်နှစ် (၂)ကြိမ် ပြုလုပ်လေ့ရှိပေမဲ့ ပြည်တွင်းအခြေအနေ အရတော့ကုမ္ပဏီအလိုက်ကွာခြားသွားတတ်ပါတယ်။ လုပ်ငန်းခွင်တွင်းမှာ မခိုမကပ် အလုပ်လုပ်တဲ့ ဝန်ထမ်း ကောင်းတွေ ပိုင်ဆိုင်ဖို့နဲ့ ဝန်ထမ်းအဝင်အထွက်ကို ပုံမှန်ထိန်းညှိနိုင်ဖို့ဆိုရင် အရည်အချင်းသုံးသပ်မှုက သေချာပေါက်လိုအပ်ပါပြီ။ ဘယ်လိုအကြောင်းရင်း တွေကြောင့် performance review လိုအပ်လဲ ဆိုတာကိုတော့ ခုလို ဖော်ပြပေးလိုက်ပါတယ်။

အလုံးစုံစွမ်းရည် တိုးတက်စေတယ်
အရည်အချင်းသုံးသပ်မှု လုပ်လိုက်တာက ဝန်ထမ်းတစ်ယောက်ရဲ့ စွမ်းရည်ကို ခြုံငုံသုံးသပ် လိုက်တာပါ။ မနေ့တစ်နေ့နဲ့ ဒီနေ့ယှဉ်ရင် လူတစ် ယောက်ရဲ့ အရည်အချင်းဆိုတာ တိုးတက်မှု ရှိရပါမယ်။ ဒါကြောင့် ဝန်ထမ်းတစ်ယောက် ပြီးမြောက် ခဲ့တဲ့ အလုပ်ကိုသုံးသပ်ကြည့်ရင် ဘယ်နေရာတွေမှာ လိုအပ်ချက်ရှိလဲဆိုတာကို မှန်းဆနိုင်မှာပါ။ ဝန်ထမ်းရဲ့ ပြဿနာကိုသိပြီး အဖြေရှာပေးနိုင်မယ်ဆိုရင်တော့ ဝန်ထမ်းသစ်ထပ်ခန့်ရမယ့် တာဝန်တွေက ဝေးစေ ပါတယ်။ ဝန်ထမ်းအတွက် ပြီးမြောက်ရမယ့် အလုပ်ကို ကာလတစ်ခုကန့်သတ်ပြီး ပြီးမြောက်မှု ရှိ၊မရှိ  တိုင်းတာလို့ရသလို ငွေရေးကြေးရေး မက်လုံးပေးတာ ကလည်း လုပ်ငန်းဆောင်တာတွေ အရှိန်အဟုန်မြင့်ဖို့ သက်ရောက်မှု ရှိပါတယ်။

ဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှု တိုးစေတယ်
    အရည်အချင်းသုံးသပ်မှုပေးတဲ့ ကုမ္ပဏီမှာ တိုးတက်မှု သေချာစေတာမို့ ဝန်ထမ်းတွေကလည်း ပူးပေါင်းပါဝင်ချင်စိတ် မြင့်မားပါတယ်။ တက်ြွကမှုရှိတဲ့ ဝန်ထမ်းတွေက ရောင်းအားတိုးတက်မှု၊ ဝန်ဆောင်မှု တိုးတက်စေသလို ကုမ္ပဏီအတွက်လည်း အကျိုး အမြတ် ရှိစေပါတယ်။ ကုမ္ပဏီအတွက် ဦးစားပေးပြီး ဆောင်ရွက်ပေးတဲ့ ဝန်ထမ်းတွေရှိမယ်ဆိုရင်တော့ တစ်မူထူးခြားတဲ့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ရမှာပါ။

ရာထူးတိုးဖို့ အခွင့်အရေးကောင်းရတယ်
    အလုပ်အတွက် လစ်လပ်နေရာရှိလာရင် အပြင် လူကို ခေါ်တာထက် ကုမ္ပဏီတွင်းက အလားအလာ ရှိသူကိုပဲ တစ်ဆင့်တိုးပြီး ပြန်ခန့်လို့ရပါတယ်။ ဝန်ထမ်း ရဲ့အားသာချက်၊ အားနည်းချက်ကို ကွက်ကွက်ကွင်း ကွင်း မြင်တဲ့အခါ ရာထူးတိုးပေးသင့်၊ မသင့်ဆိုတာ ဆုံးဖြတ်ပြီး ဝန်ထမ်းသစ်အတွက် ကြော်ငြာစရိတ် လည်း မကုန်တော့ပါဘူး။ အတွင်းကလူကိုပဲ ရာထူး ပြန်တိုးပေးတာဖြစ်လို့ စိတ်ဓာတ်ရေးရာ တိုးတက်စေ သလို အချိန်ကုန်လည်းသက်သာစေပါတယ်။ အရည် အချင်းကို အသိအမှတ်ပြုခံရတာမို့ ဝန်ထမ်းဘက် ကလည်း ပိုကြိုးစားဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။

လေ့ကျင့်ရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရာ ရောက်တယ်
    အလုပ်ဝင်စမှာ ဝန်ထမ်းတိုင်းကိုလေ့ကျင့်ပေး ရတာက ထုံးစံဖြစ်သလို တစ်ကြိမ်လေ့ကျင့်ပေး ပြီးတာနဲ့တစ်သက်လုံး ဖူလုံသွားပြီရယ်လို့တော့ မဟုတ် ပါဘူး။ စနစ်အသစ်တိုးပြီး ဗျူဟာအသစ်တွေ ခင်းတဲ့ အခါ ညွှန်ကြားချက်အသစ်တွေက ပိုပိုပြီး လိုလာ ပါတယ်။ နယ်ပယ်တစ်ခုမှာ ရှင်သန်ရုန်းကန်နေတဲ့ ဝန်ထမ်းတွေ ရှိပေမဲ့ အားလုံးက ကိုယ်ပိုင်ဒီဇိုင်းကာလာ နဲ့ ကြိုးစားနေရဲ့လားဆိုတာ မသေချာနိုင်ပါဘူး။ အရည်အချင်းသုံးသပ်မှုလုပ်လိုက်မယ် ဆိုရင်တော့ ဘယ်ဝန်ထမ်းကို ပိုပြီး လေ့ကျင့်ပေးရမယ်ဆိုတာ ပေါ်လွင်စေပါတယ်။ 

ဆက်ဆံရေး ခိုင်မြဲစေတယ်
    ဝန်ထမ်းတွေကို အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ် ပြီး ခိုင်းစေနေရမယ်ဆိုရင်တော့ အချိန်ကုန် လူပင်ပန်း တာပဲအဖတ်တင်မှာပါ။ တစ်နှစ်မှာအနိမ့်ဆုံးတစ်ကြိမ် လောက် ဝန်ထမ်းရဲ့အရည်အချင်းကို သုံးသပ်ပေးမယ် ဆိုရင် တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေကို အသေးစိတ် လိုက်ပြောရမယ့် အချိန်တွေ ချွေတာရာရောက်မှာပါ။ ထက်မြက်တဲ့ ဝန်ထမ်းကို ထောက်ပံ့ပေးပြီး ကြိုးစားမှု ကို အသိအမှတ်ပြုမယ်ဆိုရင် ဝန်ထမ်းတွေရင်ထဲက အစိုင်အခဲပြဿနာတွေကို ဖြေဖျောက်ပေးရာလည်း ရောက်ပါတယ်။ ဝန်ထမ်းမြဲတဲ့ ကုမ္ပဏီဖြစ်မယ်ဆိုရင် တော့ဈေးကွက်မှာ ရေပန်းစားသလို အလုပ်အကိုင် အလားအလာကောင်းတွေ ပိုမိုရရှိမှာဖြစ်ပါတယ်။
  

 ဒါကြောင့် ကုမ္ပဏီအလုပ်ရှင်၊ ဝန်ထမ်းတွေ အနေနဲ့ အရည်အချင်းသုံးသပ်မှုစနစ်ကို ကျင့်သုံးပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်ခွင်တစ်ခု ဖန်တီးသွားဖို့ တိုက်တွန်းလိုက်ပါတယ်။


Ref: northeastern.edu


မေမိုးကဗျာမောင်

Previous Next