19 May, 2020
အိုင်ငါးလုံး မဟာဗျူဟာ

ကမ္ဘာ့ဈေးကွက်အတွင်းကို ဝင်ရောက်နေရာယူ တဲ့အခါမှာ ဂျပန်တွေဟာ တခြားသောသူတွေရဲ့ နည်းလမ်းကောင်းတွေကိုအတုယူခြင်း၊ အဆိုပါ နည်းလမ်းကိုဆန်းသစ်တီထွင်ခြင်း၊ ဆန်းသစ်တီထွင်ရာ မှာလည်း မဟာဗျူဟာကျကျပိုပြီး ကောင်းမွန်အောင် ပြင်ဆင်ခြင်း စတဲ့အချက်တွေကို လက်ကိုင်ထား ကြတာတွေ့ရပါတယ်။သူတို့ရဲ့ထုတ်ကုန်ဖွံ့ဖြိုးရေးမဟာ ဗျူဟာတွေကိုအသုံးချရာမှာ အိုင်ငါးလုံးလမ်းစဉ်နဲ့ ဖော်ဆောင်တာဖြစ်ပါတယ်။
    အိုင်ငါးလုံးဆိုတာ 5 Is Strategy ဖြစ်ပြီး
(၁) တုပဆောင်ရွက်ခြင်း(Imitation)
(၂) တုပဆောင်ရွက်ချက်များကို အဆင့်မြှင့်တင်ခြင်း (Improvement)
(၃) ပေါချောင်ကောင်းပစ္စည်းများပြုလုပ်ခြင်း (Improvising)
(၄)အရည်အသွေးနှင့်နည်းစနစ်များကို တိုးမြှင့် တီထွင်ခြင်း (Innovating)
(၅) ထုတ်ကုန်ပစ္စည်းအသစ်များတီထွင်ထုတ်လုပ်ခြင်း (Invention) စတဲ့အချက်တွေက အိုင်ငါးလုံးရဲ့ အဓိကအခြေခံ သော့ချက်တွေပဲဖြစ်ပါတယ်။
    ဒီတော့ အိုင်ငါးလုံးနဲ့ပတ်သက်ပြီး ဂျပန်တွေ ဘယ်လိုလက်ကိုင်ပြု လှုပ်ရှားခဲ့ကြသလဲဆိုတာကို အနည်းငယ်မျှ ပြောပြချင်ပါတယ်။
(၁) တုပဆောင်ရွက်ခြင်း
    ယနေ့ကျနော်တို့ ပြောပြောနေကျ စကားလေး လိုပါပဲ။ တရုတ်စက်-တစ်ရက်စုတ်ဆိုတဲ့စကားလို တရုတ်ပစ္စည်းတွေဆိုရင် အရည်အသွေးညံ့ဖျင်းတဲ့ ပစ္စည်းတွေပဲလို့ လေ့လာမှုအားနည်းသူတို့က ထင်မြင် ယူဆတတ်ကြပါတယ်။ အမှန်တော့ တရုတ်ပစ္စည်း တွေဟာ တစ်ကျပ်ဖိုး တတ်နိုင်တဲ့သူအတွက် တစ်ကျပ် တန်ပစ္စည်းတွေထုတ်ပေးသလို တစ်ရာဖိုးတတ်နိုင်သူ တွေအတွက်လည်း တစ်ရာတန်ပစ္စည်းတွေ ထုတ်လုပ် ပေးပါတယ်။ဒါကြောင့် ပစ္စည်းအမျိုးအစားချင်းတူပေမဲ့ တန်ဖိုးကိုလိုက်ပြီး အရည်အသွေးတွေ ကွာခြားသွား ကြပါတယ်။
    ဂျပန်တွေလည်း ထိုနည်းလည်းကောင်းအတိုင်း ပါပဲ။ ကမ္ဘာ့ဈေးကွက်ထဲကို သူတို့ဝင်ရောက် ကာစတုန်းက သူတို့ကို ကုန်ပစ္စည်းတွေ တုပထုတ်လုပ် သူတွေအဖြစ်ပဲ လူသိများကြတာဖြစ်ပါတယ်။ဂျပန် ကုန်ထုတ်လုပ်သူတွေဟာ ပြည်ပထုတ်ကုန်ပစ္စည်း တွေရဲ့အစိတ်အပိုင်းတစ်ခုချင်းစီကိုဖြုတ်ပြီး အသေးစိတ်ခွဲခြမ်းလေ့လာကြပါတယ်။အဲဒီနောက် ဈေးပေါပေါနဲ့ရရှိနိုင်တဲ့ကုန်ကြမ်း၊ စက်ကိရိယာ၊ လုပ်သားတွေသုံးပြီး ပြည်ပထုတ်ကုန်ပစ္စည်းတွေနဲ့ ပုံသဏ္ဌာန်တူတာတွေကို ထုတ်လုပ်ခဲ့ကြပါတယ်။ဒါကြောင့်ပဲ အဲဒီတုန်းက ဂျပန်ပစ္စည်းဆိုရင် အခုကျနော်တို့ တရုတ်စက်-တစ်ရက်စုတ်လို့  ပြောပြောနေသလိုမျိုး အရည်အသွေးညံဖျင်းလှတဲ့ ပစ္စည်းတွေဆိုပြီး ကမ္ဘာ့ဈေးကွက်မှာနာမည်ပေါက် ခဲ့တာဖြစ်ပါတယ်။
(၂) တုပဆောင်ရွက်ချက်များကို အဆင့်မြှင့်တင် ခြင်း
    ဂျပန်တွေအနေနဲ့ တုပဆောင်ရွက်မှုတွေနဲ့သာ စခန်းသွားပြီးရပ်တန့်သွားတာမဟုတ်ပါဘူး။သူတို့ဟာ ပြည်ပ ထုတ်ကုန်တွေကိုတုပပြုလုပ်ထားတဲ့ ပစ္စည်း တွေနဲ့ပတ်သက်ပြီး အသေးစားအဆင့်မြှင့်တင်မှု တွေပြုလုပ်ခဲ့ကြပါတယ်။ နောက်တစ်ချက်အနေနဲ့ ထုတ်ကုန်တွေကို အရင်ကထက်ပိုကောင်းအောင် အဆင့်မြှင့်တင်လိုက်ပေမဲ့ ဈေးနှုန်းကိုတော့မြှင့်တင် ခြင်းမရှိပါဘူး။
    အမြတ်နည်းနည်းနဲ့ အရေအတွက်များများ ကုန်ရင် နောက်ဆုံးမှာမြတ်တာချင်းတော့သိပ်မကွာ ဘူးဆိုတဲ့ထုံးကို သူတို့နှလုံးမူခဲ့ကြပါတယ်။ ဒါကြောင့်ပဲ အရည်အသွေးနဲ့ပတ်သက်ပြီး ချီးကျူးစရာဖြစ်လောက် အောင် ကောင်းမွန်ခြင်းမရှိသေးပေမဲ့ ပေးရတဲ့ဈေးနဲ့ တန်တယ်ဆိုပြီး ကမ္ဘာ့စားသုံးသူတွေက အတိုင်းအတာ တစ်ခုအထိ ဝယ်ယူအားပေးခဲ့ကြပါတယ်။ ဒါဟာ ဂျပန်တို့ရဲ့အိုင်ငါးလုံးဒုတိယမြောက်ဗျူဟာပါပဲ။
(၃) ပေါချောင်ကောင်းပစ္စည်းများပြုလုပ်ခြင်း
    ဂျပန်တွေဟာ သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကို ပေါချောင်ကောင်းဖြစ်အောင်ကြံဆခဲ့ကြပြန်ပါတယ်။အရည်အသွေး သိပ်မညံ့တဲ့ပစ္စည်းတွေကို ဝယ်ယူသူ တွေအနေနဲ့ ဈေးပေါပေါနဲ့ဝယ်ယူ သုံးစွဲနိုင်အောင် ပြုလုပ်ခြင်းပါပဲ။ ထူးခြားတဲ့ထုပ်ပိုးမှုအသွင်အပြင်၊ အရည်အသွေးတွေနဲ့ကုန်ပစ္စည်းတွေကို တဖြည်းဖြည်း အဆင့်မြှင့်တင်ခဲ့ကြပါတယ်။ အနိမ့်ဆုံး သကြားလုံး လိုကုန်ပစ္စည်းမျိုးကိုတောင်မှ ဘူးလှလှလေးတွေ၊ ထုပ်ပိုးမှု ဆန်းဆန်းလေးတွေနဲ့ တီထွင်ရောင်းချ ကြပါတယ်။ ဒါ့အပြင် ထုတ်ကုန်တူပစ္စည်းတွေကိုပဲ မော်ဒယ်အမျိုးမျိုး၊ အမှတ်တံဆိပ်အမျိုးမျိုးနဲ့ ရောင်းချခြင်းတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
(၄)အရည်အသွေးနှင့်နည်းစနစ်များကို တိုးမြှင့် တီထွင်ခြင်း
    အိုင်ငါးလုံးရဲ့စတုတ္ထအဆင့်ကတော့ ကုန်ပစ္စည်း တွေရဲ့အရည်အသွေးနဲ့ ထုတ်လုပ်ပုံ၊ ထုပ်ပိုးပုံ နည်းစနစ်တွေကို တိုးမြှင့်တီထွင်ခြင်းဖြစ်ပါတယ်။ဒီလိုနဲ့ပဲ ဂျပန်ကထုတ်တဲ့ကုန်ပစ္စည်းတွေဟာ အနောက် နိုင်ငံကထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေ နဲ့ယှဉ်ပြိုင်နိုင်တဲ့ အရည်အသွေးတွေရှိလာခဲ့ပြီး တဖြည်းဖြည်းနဲ့ နှာတစ်ဖျားသာတဲ့အခြေအနေကို ရောက်ရှိလာခဲ့ ပါတယ်။
    ၁၉၇၀ ပြည့်နှစ်အလယ်ပိုင်းကာလတွေမှာ ဂျပန်ထုတ်ကုန်တွေဟာ အနောက်တိုင်းဈေးကွက်မှာ အတော်လေး နေရာရလာတဲ့အပြင် ကမ္ဘာပေါ်မှာ ဂျပန်ဆိုတဲ့ပုံရိပ်တစ်ခုဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ ကြပါတယ်။ အဲ့ဒီကာလတွေအတွင်းမှာ ဂျပန်ထုတ် နာရီတွေ၊ ကင်မရာတွေ၊ မော်တော်ကားတွေ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေမှာ ကုန်စည်အသစ်အဆန်း တွေနဲ့ တိုးမြှင့်တီထွင်ရောင်းချလာနိုင်ခဲ့ပါတယ်။
(၅) ထုတ်ကုန်ပစ္စည်းအသစ်များ တီထွင် ထုတ်လုပ်ခြင်း
    ယနေ့ခေတ်မှာတော့ ဂျပန်တွေရဲ့စီးပွားရေး အောင်မြင်မှုဟာ လက်ဖျားခါရလောက်တဲ့ အခြေ အနေကိုရောက်ရှိနေပြီ ဖြစ်ပါတယ်။ အရင်တုန်းက လိုမျိုး တုပထုတ်လုပ်ရတဲ့ အဆင့်မျိုးမဟုတ်တော့ဘဲ ကုန်ပစ္စည်းအသစ်အဆန်းတွေကို ကိုယ်တိုင် တီထွင် ရောင်းချနိုင်တဲ့ အနေအထားမျိုးမှာရပ်တည်နေခဲ့ပြီ ဖြစ်ပါတယ်။
    စူပါကွန်ပျူတာတွေ၊ ကွန်ပျူတာအသုံးပြု Óဏ်ရည်တုနဲ့ ဇီဝနည်းပညာသစ်တွေကို စူးစမ်းရှာဖွေ သုတေသနပြုတာတွေ၊ အလုပ်ခိုင်းစေနိုင်တဲ့ စက်ရုပ် တွေကို ပြုလုပ်လာနိုင်ခြင်းတွေကိုကြည့်ခြင်းအားဖြင့် ဂျပန်တွေရဲ့အောင်မြင်မှုအတိုင်း အတာကိုဖော်ပြ နေပါတယ်။
    ဒီလိုနဲ့ပဲ ဂျပန်တွေဟာ ကမ္ဘာ့ထုတ်ကုန်နယ်ပယ် သစ်တွေမှာ တခြားဘယ်သူကမှ ကျော်လွန်နိုင်ခြင်း မရှိအောင် စိုးမိုးသွားတော့မယ့်အရိပ်အယောင်တွေ ကိုတွေ့မြင်နေရပါတယ်။ အဓိကကတော့ လုပ်ရမယ့် အလုပ်ကို လုပ်သင့်တဲ့အချိန်မှာ မှန်မှန်ကန်ကန် လုပ် ဆောင်နိုင်ခဲ့ခြင်းပါပဲ။ သူတို့အနေနဲ့ကမ္ဘာ့ ဈေးကွက် လိုအပ်ချက်ကိုအချိန်နဲ့တစ်ပြေးညီ နားလည်သိရှိ အောင်ကြိုးစားနိုင်ခဲ့ပါတယ်။
    ဒုတိယကမ္ဘာစစ်မှာစစ်ရှုံးပြီး စစ်လျော်ကြေးတွေ ပေးဆောင်ရခြင်း၊ ဟီရိုရှီးမားနဲ့ နာဂါစကီမြို့တွေ ဗုံးကျဲခံခဲ့ရပြီး စိတ်ဓာတ်ရောစီးပွားရေးဘက်မှာပါ ရစရာမရှိအောင်ဖြစ်ခဲ့ရတဲ့ဂျပန်တွေအနေနဲ့ အခုလိုမျိုး နာလန်ထူပြီးစင်ပေါ်တက်ရပ်လာနိုင်ခဲ့တာ ကတော့ သူတို့ရဲ့အမျိုးသားရေးအစွမ်းအစတွေ ဘယ်လောက် အထိရှိခဲ့တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်ပါတယ်။ သူတို့ဖြတ်သန်းခဲ့ရာ ကာလတစ်လျှောက်မှာလည်း ယခုတင်ပြပေးခဲ့တဲ့ အိုင်ငါးလုံး မဟာဗျူဟာက အလွန် အမင်းအနာနဲ့ဆေးတည့်အောင် အစပ်အဟပ်မှန်ခဲ့ တယ်ဆိုရင်လည်းမမှားပါဘူး။

ရာသက်ပန်(သစ္စာပန်းတို့ လန်းရာမြေ)

Previous Next