19 May, 2020
“COVID 19 က ပေးတဲ့ သင်ခန်းစာ ၇ ချက်”

လက်ရှိအချိန်မှာ လူအများ စိတ်အဝင်စားဆုံးကိစ္စကို ပြောပါဆိုရင် COVID 19 လို့ ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်းပဲ ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့တစ်ပတ်ကတော့ ဒီဗိုင်းရပ်စ် ကူးစက်မခံရအောင် လုပ်ငန်းခွင်တွေမှာ ဘာတွေ လုပ်ဆောင်သင့်သလဲ ဆိုတာကို ရေးခဲ့ပါတယ်။ ခုဆောင်းပါးမှာတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တာတွေ၊ ဒီပြဿနာကနေတဆင့် သင်ခန်းစာ ယူသင့်တာတွေကို ဦးစားပေး ဆွေးနွေးကြည့်ပါမယ်။ ကျန်းမာရေးအရ သင်ခန်းစာ မဟုတ်ဘဲ ကိုယ့်ဘဝရှေ့ရေးနဲ့ ပတ်သက်တာဆို ပိုမှန်ပါလိမ့်မယ်။

၁) Information overload ကို သတိထားပါ။
မသိရင်လည်း ပြသနာတက်သလို သိတာတွေ များလွန်းရင်လည်း အဆင်မပြေပြန်ပါဘူး။ ခု ပြဿနာဆိုလည်း တော်ကြာနေ ဘာဖြစ်ပြန်ပြီ၊ ဘယ်နိုင်ငံမှာ လူသေပြန်ပြီနဲ့ ကြားရပါများလာတော့ စိတ်ညစ်ညူးမှုတွေ ဖြစ်လာရတယ်။ ပြောချင်တာက Information overload ကို ရှောင်ပါ။ အရင်ခေတ်က သတင်းအချက်အလက် ရှားပါးတာမို့ သတင်းများများသိအောင် လုပ်နိုင်သူသည် ဆရာ ဖြစ်ပါတယ်။ ခုခေတ်ကျ သတင်းတွေက များလွန်းလာတာမို့ ဘယ်သတင်းအချက်အလက်ကိုတော့ ဦးစားပေး ရယူမယ် ဆိုပြီး ရွေးနိုင်သူကသာ ပိုပြီး အောင်မြင်ပါလိမ့်မယ်။

၂) Digital literacy and Critical thinking 
အထူးသဖြင့်တော့ လူကြီးပိုင်းတွေက Digital literacy အားနည်းတတ်ကြပါတယ်။ လူမှုကွန်ရက်ကို ခုမှ စသုံးဖူးကြတာမို့ ဘယ်ဟာက သတင်းအတုလဲ၊ ဘယ်ဟာကတော့ နောက်ပြောင်ထားတာလဲ ဆိုတာကို မခွဲခြားနိုင်ကြပါဘူး။ ဒါကြောင့် အင်တာနက်ပေါ်က မြင်ရသမျှကို တကယ်မထင်ဘဲ သေချာလေ့လာဆန်းစစ်ကြဖို့ လိုပါတယ်။ မဟုတ်ရင် သတင်းအမှားတွေ ဖြန့်ရ သိပ်လွယ်နေမယ်။ Critical thinking လို့ ခေါ်တဲ့ ကြောင်းကျိုးဆက်စပ် စဉ်းစားနိုင်စွမ်းကိုလည်း ပျိုးထောင်စေချင်ပါတယ်။ တခုခုဆို ဖြစ်နိုင် မဖြစ်နိုင် သုံးသပ်ကြဖို့ပါ။ 
ခု မြင်မိသလောက်တော့ အဲ့ ၂ ခု အားနည်းတဲ့အခါမှာ ကျွန်တော်တို့ဟာ ပြောသမျှ ခေါင်းညိမ့်တဲ့၊ ယုံတဲ့၊ လိုက်လုပ်တဲ့ ပုတ်သင်ညိုလေးတွေ ဖြစ်နေကြတာကို တွေ့ရပါလိမ့်မယ်။

၃) ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။
ခုဆို Physical distancing လုပ်တဲ့အနေနဲ့ ဖြစ်နိုင်ရင် အိမ်ထဲက အိမ်ပြင် မထွက်ကြဖို့၊ တစ်ယောက်နဲ့တစ်ယောက် တစ်မီတာ (၃ ပေ) စီ ခွာနေကြဖို့ တိုက်တွန်းထားပါတယ်။ (Social distancing လို့ မသုံးပါနဲ့တော့တဲ့၊ ရုပ်ပိုင်းဆိုင်ရာအရပဲ ခွာနေစေချင်တာမို့ Physical distancing လို့ပဲ သုံးဖို့ WHO က တိုက်တွန်းထားပါတယ်)
ခုခေတ်က အင်တာနက်ခေတ် ဖြစ်လာတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက်က အချိတ်အဆက်တွေ လုပ်လို့ လွယ်လာတယ်။ လူချင်း မြင်ဖူးစရာ မလိုဘူး။ တစ်နိုင်ငံတည်း၊ တစ်မြို့တည်း ရှိနေစရာ မလိုဘူး။ ဘယ်သူ ဘာဖြစ်လဲ၊ ဘာလုပ်လဲ အကုန်လုံး သိနေနိုင်ပါတယ်။ ဆိုးကျိုးအနေနဲ့ကတော့ လူတွေက တစ်ယောက်နဲ့တစ်ယောက် တကယ့်ဘဝမှာ ထိတွေ့ဆက်ဆံမှုတွေ၊ ရင်းနှီးမှုတွေ နည်းနည်းလာကြပါတယ်။ မိသားစုတွေဆိုလည်း တစ်အိမ်တည်းသာ အတူနေတာ၊ စကား သိပ်မပြောဖြစ်ကြ၊ ထမင်းလက်ဆုံ မစားဖြစ်ကြတော့ဘူး။ သူငယ်ချင်းတွေဆိုလည်း ဒီအတိုင်း၊ အိမ်နီးနားချင်းတွေနဲ့ဆိုလည်း အဲ့လို ဖြစ်ကုန်ကြတယ်။ ပြောရရင်တော့ Social isolation ပေါ့။ အထီးကျန်နေကြတယ်။
ဒါကြောင့် ခုလို အိမ်ထဲက အိမ်ပြင်မထွက်သင့်တဲ့ အချိန်မျိုး၊ လူစုလူဝေးကို ရှောင်ရမယ့် အချိန်မျိုးဟာ အဲ့လို ခိုင်မာတဲ့ ဆက်ဆံရေးမျိုးကို ပြန်တည်ဆောက်သင့်တဲ့ ကာလ ဖြစ်ပါတယ်။ မိသားစုနဲ့ ရုပ်ရှင် အတူကြည့်၊ ထမင်းအတူစား၊ မုန့်လေးတွေ လုပ်စား၊ အိမ်နီးနားချင်းတွေကို လိုက်ဝေ။ အဲ့လိုလေးတွေ လုပ်ပါ။ (Physical distancing ကိုတော့ သတိရပါ)

၄) Online learning လုပ်ပါ။
လောလောဆယ်တော့ လုပ်ငန်းတွေ ရပ်တန့်ကုန်ပေမဲ့ ဒါ အခိုက်အတန့်ပါ။ ထိန်းချုပ်နိုင်သွားတဲ့အခါ ခု ဗိုင်းရပ်စ်ပြဿနာကြောင့် ဆုံးရှုံးခဲ့ရတာတွေအတွက် အတိုးချပြီး ကြိုးစားလုပ်ကြရမှာပါ။ ဒီအတွက် ကိုယ့်ရဲ့ လေ့လာသင်ယူမှုကို ရပ်ထားလို့ မရပါဘူး။ ခုဆို ကျောင်းတွေပိတ်၊ သင်တန်းတွေပိတ်၊ ဟောပြောပွဲတွေ နားထားပေမဲ့ Online ကနေ လေ့လာလို့ရမယ့် Course တွေ အများကြီး ဖွင့်လာကြပါတယ်။ အခမဲ့ သင်ပေးတာတွေ အများကြီးရှိသလို အတော်လေးလည်း ဈေးသက်သာကြပါတယ်။ ဒါတွေကို ခု အိမ်မှာ နေဖြစ်တုန်း များများလုပ်ပါ။ အဲဒီအပြင် စာအုပ်တွေလည်း ဖတ်ပါ။ အထူးသဖြင့် ရသစာပေ ဖတ်ပါ။ အဲဒါက ခုလို စိတ်ဖိစီးနေရတဲ့ အခြေအနေမျိုးအတွက် သိပ်အထောက်အကူ ဖြစ်ပါတယ်။

၅) ကျန်းမာရေးကို ဂရုစိုက်ပါ။
ဒီဗိုင်းရပ်စ်က အသက်ကြီးသူတွေ၊ နဂိုရောဂါအခံ ရှိသူတွေဆို ပိုပြီး ပြဿနာပေးပါတယ်။ ဒါကြောင့် ကိုယ်ခံအား ကောင်းအောင်နေပါ။ ကျန်းမာရေး ဂရုစိုက်ကြပါ။ လူငယ်ပိုင်းတွေ၊ လူလတ်ပိုင်းတွေက ကျန်းမာရေးဆို သိပ်ဂရုမစိုက်ချင်ကြဘူး။ ငယ်သေးတော့ တော်ရုံနဲ့လည်း သိပ်မသိသာဘူးလေ။ ခုလို အခြေအနေမျိုးကျမှ ကျန်းမာရေးရဲ့ တန်ဖိုးကို သိကြမှာ။ ဒါကြောင့် ကိုယ့်ရဲ့ နေထိုင်မှုပုံစံက Healthy lifestyle ဖြစ်နေပါစေ။ ဆေးလိပ်၊ အရက်ရှောင်ပါ။ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားပါ။ အားကစား လုပ်ပါ။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ 

၆) အကောင်းမြင်စိတ် မွေးပါ။
ဒါက ကိုယ့်အမှား ကိုယ့်အပြစ်ကြောင့် ဖြစ်လာတာ မဟုတ်ဘဲ နေရင်းထိုင်ရင်း ကြုံရတဲ့ ပြဿနာမျိုးပါ။ ကိုယ့်အမှားကြောင့် ဆိုရင်တောင် ခံသာသေးတယ်။ ခုက အသားလွတ်ကြီး ကြုံရတာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါသည်ပင်လျှင် ဘဝပါပဲ။ စာမေးပွဲမှာ ပေးလာတဲ့ ပုစ္ဆာကို ခက်တယ်၊ လွယ်တယ်၊ သင်ထားတဲ့အထဲ ပါတယ်၊ မပါဘူး ငြင်းလို့ရလို့လား။ မေးလာပြီဆို ဖြေရတာပဲ။ ခုလည်း အဲ့လိုသဘောထားပါ။ ဆုံးရှုံးမှုကတော့ ကြုံရတာချည်းပါပဲ။ အနည်းနဲ့ အများပဲ ကွာကြပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူက အသက်ရှင်နေသရွေ့၊ ကျန်းမာနေသရွေ့ ဘယ်လိုအရာကိုမဆို ပြန်လည်ရယူလို့ ရတယ်ဆိုပြီး တွေးထားပါ။
အကောင်းမြင်စိတ် ဆိုတာ ဖြစ်လာသမျှ ကံပေါ့ ဆိုပြီး လက်လျှော့ထားတာ မဟုတ်ပါဘူး။ ကိုယ် အကောင်းဆုံး လုပ်ပါရက်နဲ့ မျှော်လင့်မထားတဲ့ ပြဿနာတွေနဲ့ ကြုံရတဲ့အခါ ရှေ့ဆက်နိုင်တဲ့ အစွမ်းကို ခေါ်တာပါ။ ခုပြဿနာလိုပေါ့။ ရှေ့လျှောက်ကိုလည်း ကျွန်တော်တို့ဘဝမှာ ခုလိုမျိုးတွေ ကြုံနေရဦးမှာပါပဲ။ ဒါတွေကို မဖြတ်ကျော်နိုင်ရင်၊ လက်လျှော့ရပ်တန့်ပစ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ သွားချင်တဲ့ ပန်းတိုင်ဆီ ဘယ်လိုနည်းနဲ့မှ ရောက်နိုင်မှာ မဟုတ်ပါဘူး။ 

၇) Vulnerable မဖြစ်ပါစေနဲ့
အနာဂတ်က ဒီပြဿနာကြောင့်မှ မဟုတ်ပါဘူး။ နဂိုကတည်းကိုကလည်း မရေရာပါဘူး။ ဒါကနေ တပ်လှန့်လိုက်တာက Comfort zone ထဲ နေမနေကြဖို့ပါ။ စုထားဆောင်းထားတာ မရှိရင်၊ ပညာမတတ်ရင် အချိန်မရွေး ဒုက္ခရောက်သွားနိုင်တယ်ဆိုတာကို ပြလိုက်တာပါပဲ။ သဘာဝဘေး ဖြစ်ရင်တောင် (အထူးသဖြင့် ရန်ကုန်က လူတွေဆို) ကိုယ်တွေက လွတ်တယ် ဆိုပြီး ပေါ့နေကြဦးမယ်။ အခုက အကုန်ထိတာပါ။ ဒါကြောင့် ခုကစလို့ မပေါ့ကြပါနဲ့။ ဆင်းရဲခြင်း၊ ပညာမတတ်ခြင်းက ကိုယ့်ကို အထိခိုက်မခံသူ၊ ထိလွယ်ရှလွယ်သူ (Vulnerable) ဖြစ်စေပါတယ်။
နိုင်ငံအနေနဲ့ဆိုလည်း ဒီလိုပါပဲ။ ဆင်းရဲလေလေ ပြ    ဿနာဖြစ်တာချင်းတူတူ ပိုခံရလေလေ ပိုပြီး ကသောင်းကနင်း ဖြစ်လေလေပဲ။ ဒါကြောင့် ကိုယ့်ဘ၀ တိုးတက်ဖို့၊ ကိုယ့်နိုင်ငံ တိုးတက်ဖို့ကိုလည်း ခုကစလို့ အားလုံးအတူတူ ကြိုးစားကြစေချင်ပါတယ်။

 

- ဒေါက်တာ ဖြိုးသီဟ
 

Previous Next