29 Jun, 2020
ရယ်ဒီမိတ်အစားသောက်တွေထဲမှာ ဘာတွေပါလဲ

ကျမတို့စားသုံးနေတဲ့ အသင့်စား ready-made အစားစာတွေ၊ မီးဖိုချောင်သုံးအစားစာတွေ ဝယ်ယူတဲ့အခါ ပါဝင်ပစ္စည်းစာရင်းကို ဖတ်ကြည့်လိုက်ရင် အရသာပိုကောင်းအောင်၊ ပိုနူးညံ့အောင်၊ အမြင်ပိုလှအောင်၊ အထားခံအောင်အတွက် တာရှည်ခံပစ္စည်းတွေ၊ ဆိုးဆေးတွေ ထည့်သွင်းထားတာတွေ့ရပါလိမ့်မယ်။ ဒါတွေကို food additives လို့ခေါ်ပါတယ်။ ဒီ food additives တွေဟာ စားသုံးသူတွေကို ကျန်းမာရေးဆိုးဆိုးရွားရွား ဖြစ်စေတာတွေရှိသလို တချို့ food additives တွေကလည်း ဆိုးကျိုးနည်းတဲ့အတွက် အသင့်အတင့် စားရင် ဘေးမဖြစ်တာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဘယ်လိုဟာတွေပါဝင်ရင်တော့ ရှောင်ရမယ်၊ ဘယ်ပါဝင်ပစ္စည်းကတော့ နည်းနည်းပါးပါးစားလို့ရတယ်ဆိုတာ ချင့်ချိန်နိုင်ဖို့အတွက် အသုံးများတဲ့ တာရှည်ခံဆေး၊ ဆိုးဆေး food additives တွေအကြောင်း သိထားဖို့လိုပါတယ်။
(၁) မိုနိုဆိုဒီယမ်ဂလုတမိတ် - Monosodium Glutamate (MSG)
Monosodium glutamate ကတော့ ဟင်းပွဲတွေအနံ့၊ အရသာပိုကောင်းဖို့အတွက် အသုံးများကြပါတယ်။ စည်သွပ်ဗူးအစားစာတွေမှာသာမက အသင့်စားအစားစာတွေ၊ စားသောက်ဆိုင်တွေမှာပါ ထည့်သွင်းအသုံးပြုကြတာကို တွေ့ရပါတယ်။
MSG စားသုံးလို့ လူ့ဦးနှောက်ကို ထိခိုက်မှုတွေ မဖြစ်ပေမယ့် ကိုယ်အလေးချိန်တက်တာတွေတော့ ရှိပါတယ်။ အများကြီးစားရင်တော့ ခေါင်းကိုက်တာ၊ ချွေးထွက်များတာ၊ ထုံတာတွေ ကြုံရတတ်ပါတယ်။ ဒါကလည်း စားသုံးသူတွေနဲ့ ဆိုင်ပါသေးတယ်။ တချို့တွေက မိုနိုဆိုဒီယမ်ဂလုတမိတ် စားလို့ ဘာမှမဖြစ်ပေမယ့် တချို့ကတော့ မခံနိုင်ကြတာတွေရှိတဲ့အတွက် ချင့်ချိန်ပြီး အသင့်အတင့်ပဲ စားသင့်ပါတယ်။ ကိုယ်က ဒီဓာတ်ပါတဲ့ အစားစာတွေစားတဲ့အခါ နေထိုင်မကောင်းဘူးဆိုရင်တော့ ရှောင်တာက အကောင်းဆုံးပါပဲ။
(၂) ဆိုးဆေး
အစားသောက်တွေ စွဲဆောင်မှုရှိဖို့၊ လှပဖို့အတွက် အသုံးပြုကြတဲ့ ဆိုးဆေးတွေက Blue 1, Red 40, Yellow 5 နဲ့ Yellow 6 အမျိုးစားတွေကတော့ တချို့လူတွေမှာ ဓာတ်မတည့်တာ ဖြစ်တတ်ပါတယ်။ erythrosine လို့ခေါ်တဲ့ Red 3 ကတော့ သိုင်းရွိုက်အကျိတ်တွေ ဖြစ်နိုင်ခြေရှိတဲ့အတွက် အဲဒီအစား Red 40 နဲ့ အစားထိုးအသုံးပြုလာကြတာကို တွေ့ရပါတယ်။ တိရစ္ဆာန်တွေမှာ လေ့လာချက်တွေကတော့ တခြားသောဆိုးဆေးတွေဟာ ကင်ဆာနဲ့ ဆက်စပ်မှုမရှိဘူးလို့တော့ ဆိုကြတာပါပဲ။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားသောက်ဆိုရင်တော့ ဆိုးဆေးတွေ၊ တာရှည်ခံဆေးတွေ မပါမှ စိတ်ချရပါလိမ့်မယ်။ ကလေးတွေမှာဆိုရင်တော့ hyperactivity ခေါ်တဲ့ ပြောဆိုရခက်တဲ့၊ အမှားကို ပဲထပ်ခါထပ်ခါလုပ်တဲ့၊ စကားနားမထောင်တဲ့ အမူအကျင့်ပြဿနာတွေ ဖြစ်စေတယ်ဆိုပါတယ်။
(၃) ဆိုဒီယမ်နိုက်ထရိတ် (Sodium Nitrite)
ပြုပြင်စီရင်ထားတဲ့အသားတွေမှာ ဆိုဒီယမ်နိုက်ထရိတ်ကို တာရှည်ခံဆေးအဖြစ် ထည့်သွင်းလေ့ရှိပါတယ်။ ဆားအရသာနဲ့ နီရဲနေတဲ့အရောင်ထည့်တဲ့အပြင် ဘတ်တီးရီးယားတွေမပေါက်အောင် ဆိုဒီယမ်နိုက်ထရိတ်ကို သုံးလေ့ရှိပါတယ်။ အသားတွေမှာ အမိုင်နိုအက်စစ်ဓာတ်ရှိနေပြီး အပူချိန်အရမ်းမြင့်လာတဲ့အခါ ဆိုဒီယမ်နိုက် ထရိတ်နဲ့ပေါင်းပြီး နိုက်ထရိုစမင်း (nitrosamine) အဖြစ်ပြောင်းသွားပါတယ်။ နိုက်ထရိုက်နဲ့ နိုက်ထရိုစမင်း တွေ အစားများလာတဲ့အခါ အစာအိမ်ကင်ဆာဖြစ်ဖို့ အလားလာအရမ်းများပါတယ်။ ဒါ့အပြင် ဒီလို စီရင်ထားတဲ့ အသားတွေစားတဲ့သူတွေဟာ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးအိတ်ကင်ဆာဖြစ်နိုင်ခြေ အများကြီးရှိနေ ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ဒီလိုစီစဉ်ထားတဲ့အသားငါးတွေ၊ ဝက်ပေါင်ခြောက်၊ ကြက်ဥချောင်း၊ အမဲပြားကင်တွေကိုတတ်နိုင်သမျှလျော့ပြီး လက်ဆတ်တဲ့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အသားငါးတွေ၊ကြက်သား၊ အမဲသား၊ ကြက်ဥ၊ မြေပဲ၊ ပဲအမျိုးမျိုးလို ပရိုတင်းရင်းမြစ်ကောင်းကောင်းတွေကိုသာ ချက်ပြုတ်စားသောက်စေ ချင်ပါတယ်။
(၄) ဂွာရာဂန်း (Guar Gum)
ဂွာရာဂန်းဆိုတာ ဆက်တန်းရှည်ကာဗိုဟိုက်ဒရိတ်အမျိုးအစားဖြစ်ပြီး အစားသောက်ပွားဖို့၊ ပိုများစေတဲ့ဟန်ဖြစ် ဖို့ သုံးလေ့ရှိပါတယ်။ အစားအသောက်ထုတ်လုပ်ငန်းတွေအပြင် ရေခဲမုန့်၊ အသီးအရွက်အသုတ်၊ ကြက်အူ ချောင်း၊ စွတ်ပြုတ်စတဲ့ အစားစာတွေမှာ တွင်တွင်ကျယ်ကျယ် ထည့်သွင်း အသုံးပြုကြပါတယ်။ Guar gum မှာ အမျှင်ဓာတ်တွေ အများကြီးပါတဲ့အတွက် ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောရပါမယ်။ ဥပမာ irritable bowel syndrome လို အူလမ်းကြောင်းပုံမမှန်တဲ့လက္ခဏာတွေ(လေပွတာ၊ဝမ်းချုပ်တာ) ကိုသက်သာစေတာ တွေ့ရတယ်။ ပြီးတော့ ပြည့်အင့်တဲ့ခံစားချက်ကို ဖြစ်စေတဲ့အတွက် ကယ်လိုရီအစားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ သွေးတွင်းအချိုဓာတ်နဲ့ ကိုလက်စထရောကိုလည်းကျစေကြောင်း တွေ့ရှိထားပါတယ်။ ဒါပေမယ့် အများကြီးစားမိရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ အစာရေမြိုနဲ့ အူလမ်းကြောင်းပိတ်ဖို့ အလားလာရှိပြီး လေပွတာ၊ ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လည်း FDA က ဂွာရာဂန်းကို အများကြီးမစားဖို့ တားမြစ်ထားတာဖြစ်ပါတယ်။
(၅) ပြောင်းအချိုရည် (High-fructose corn syrup)
ပြောင်းဖူးကထုတ်ထားတဲ့ အချိုအရည်တစ်မျိုးပါ။ ဆော်ဒါ၊ ဖျော်ရည်၊ သကြားလုံး၊ အချိုမုန့်တွေမှာ တွေ့ရလေ့ရှိပါတယ်။ ဖရူးတို့စ်သကြားဓာတ် (fructose) တွေ ကြွယ်ကြွယ်ဝဝပါဝင်တဲ့အတွက် အများကြီးစားသုံးမိရင် ကျန်းမာရေးကို အများကြီးထိခိုက်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါတို့၊ ကိုယ်အလေးချိန်တက်တာတို့၊ ဝမ်းဗိုက်အဆီစုတာ၊ အဆင်ဆူလင်ဆဲလ်တွေ အလုပ်ကောင်းကောင်းမလုပ်တာ၊ ဆဲလ်တွေရောင်ရမ်းတာ ဖြစ်လာနိုင်ပါတယ်။ ဆဲလ်ရောင်ရမ်းတာတွေဟာ အဆစ်မြစ်ရောင်တာ၊ နှလုံးရောဂါန၊ ကင်ဆာနဲ့ ဆီးချိုရောဂါတွေဖြစ်ဖို့ တွန်းအားဖြစ်စေပါတယ်။
ပြီးတော့ ခနာကိုယ်ကလိုအပ်တဲ့ အရေးပါတဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ တစ်ခုမှမရဘဲ ကယ်လိုရီတွေသာ တက်စေပါတယ်။ ဒါကြောင့် high-fructose corn syrup ပါတဲ့ အစားသောက်တွေအကုန်လုံးကို ရှောင်တာ အကောင်းဆုံးပါပဲ။ အဲဒီအစား အချိုမပါဘဲစားတာဖြစ်ဖြစ်၊ စတီးဗီးယားသကြားဖြစ်ဖြစ်၊ သစ်သီးအချိုစားတာဖြစ်ဖြစ်က ကျန်းမာရေးအတွက်ပိုပြီး ကောင်းမွန်ပါတယ်။
(၆) Artificial Sweeteners
Artificial sweeteners တွေကတော့ အစားအသောက်နဲ့ အဖျော်ယမကာတွေထဲမှာ အရသာအချိုဖြည့်ပေးပြီး ကယ်လိုရီလျော့ထားတဲ့ အချိုဓာတ်တွေပါ။ ပါဝင်ပစ္စည်းတွေထဲ ကြည့်ကြည့်မယ်ဆိုရင် aspartame, sucralose, saccharin နဲ့ acesulfame potassium ဆိုတဲ့ နာမည်တွေနဲ့ တွေ့ရတတ်ပါတယ်။ သွေးတွင်းအချိုဓာတ်နဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့အတွက် ဘေးကင်းတယ်ဆိုပေမယ့် တချို့တလေလည်း ခေါင်းကိုက်တတ်တာမျိုး ရှိတတ်တယ်ဆိုပါတယ်။
(၇) carrageenan ကတော့ သွေးတွင်းအချိုဓာတ်ကိုတက်စေပြီး အူလမ်းကြောင်းအနာတွေ ဖြစ်စေတယ်ဆိုပေမယ့် သူ့ရဲ့ သက်ရောက်မှုတွေကို မသေချာသေးတဲ့အတွက် လေ့လာဆဲအနေထားမှာပဲရှိပါတယ်။ 
 (၈) Sodium benzoate 
ဆိုဒီယမ်ဘန်ဇိုရိတ်ဟာ ဂတ်စ်ပါတဲ့အအေးတွေ၊ သစ်သီးဖျော်ရည်တွေ၊ သစ်သီးသုတ်တွေမှာ ထည့်လေ့ရှိပါတယ်။ FDA ကတော့ ဘေးကင်းတယ်ဆိုပေမယ့် side effects လေးတွေရှိနေတာကိုလည်း တွေ့ရပါတယ်။ ၃ နှစ်အရွယ်ကလေးတွေ စားမိရင်တော့ ပြောဆိုရခက်တဲ့ hyperactivity အမူအကျင့်ပြဿနာဖြစ်ပွားနှုန်း ပိုဖြစ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ sodium benzoate ဟာ ဗီတာမင်စီနဲ့ ထိတွေ့တဲ့အခါ ဘင်ဇင်း (benzene) အဖြစ်ပြောင်းသွားပြီး ကင်ဆာဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေပါတယ်။ ဂတ်စထည့်ထားတဲ့အဖျော်ယမကာတွေ၊ အစားသောက်တွေ၊ သကြားမပါတဲ့ အဖျော်ယမကာတွေဟာ ဘင်ဇင်းတွေပိုဖြစ်ပေါ်လာတာကိုတွေ့ရပါတယ်။
ဒါကြောင့် အစားစာတွေမှာ ပါဝင်ပစ္စည်းတေါကို သေချာကြည့်ပါ။ benzoic acid, benzene ဒါမှမဟုတ် benzoate ပါရင် ရှောင်ပါ။ အထူးသဖြင့် ဗီတာမင်စီ အချဉ်ဓာတ်ဖြစ်တဲ့ citric acid တို့ ascorbic acid တို့နဲ့တွဲထားရင် မစားသုံးသင့်ပါဘူး။
(၉) Trans Fat 
Trans fats ဟာ အစားသောက်တွေကိုပိုမိုကောင်းမွန်စေတဲ့ မပြည့်ဝဆီတစ်မျိုးဖြစ်ပါတယ်။ မီးဖုတ်ထားတဲ့ အစားစာ၊ မာဂျရင်း၊ ထောပတ်ပေါက်ပေါက်၊ ဘီစကစ် စတာတွေမှာ ပါဝင်လေ့ရှိပါတယ်။ ဒီအဆီတွေဟာ နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါ၊ ရောင်ရမ်းတာတွေကိုဖြစ်စေတဲ့အတွက် မာဂျရင်းအစား ထောပတ်စားတာ၊ သံလွင်ဆီ၊ အုန်းဆီ၊ ဟင်းသီးဟင်းရွက်ဆီ စတာတွေကို အစားထိုး ချက်ပြုတ်စားသုံးသင့်ပါတယ်။ 
(၁၀) Xanthan gum ကလည်း အစားသောက်တွေ အရသာကောင်းဖို့ သုံးလေ့ရှိပြီး သွေးတွင်း အချိုဓာတ်၊ ကိုလက်စထရောဓာတ်တွေကို ကျစေတယ်၊ ပမာဏများရင်တော့ လေပွတာ၊ ဝမ်းသက်တာတွေတော့ရှိတတ်ပါတယ်။
(၁၁) Artificial Flavoring 
Artificial Flavoring တွေကာ လိုချင်တဲ့အစားသောက်တခုခုရဲ့အနံ့အတိုင်းထွက်အောင် ထည့်သွင်းထားတာပါ။ ချောကလက်အနံ့၊ ဘီစကစ်အနံ့၊ စတော်ဘယ်ရီအနံ့ဖြစ်စေတဲ့ဓာတ်တွေက ရိုးတွင်းခြင်ဆီကို ထိခိုက်စေတာတွေ့ရတဲ့အတွက် ပါဝင်ပစ္စည်းထဲမှာ “chocolate flavoring”  “artificial flavoring”ဆိုတာမျိုးကို မရွေးဘဲ“chocolate”  “cocoa” ဆိုတာမျိုးကို ရွေးပါ။

(၁၂) Yeast extract 
ချိစ်၊ ပဲနို့၊ ဆားပါတဲ့အစားစာတွေမှာ ထည့်သွင်းလေ့ရှိတယ်။ သူ့မှာ ဆိုဒီယမ်`နဲ့ ဂလုတမိတ်ဓာတ် ပါဝင်ပါ တယ်။ glutamate ဆိုတာ သဘာဝအတိုင်းဖြစ်တဲ့ အမိုင်နိုအက်စစ်ပါ။ monosodium glutamate (MSG) လိုပါပဲ စားလိုက်ရင် ခေါင်းကိုက်တာ၊ ထုံတာ၊ ခြေလက်တွေဖောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ပုံမှန်ကတော့ ဘေးကင်းတယ်ဆိုပေမယ့် ကိုယ်စားလိုက်လို့ တခုခုဖြစ်ရင်တော့ ရှောင်တာအကောင်းဆုံးပါပဲ။
အစားသောက်တွေမှာပါတဲ့အရာအားလုံးက ဘေးကင်းတာမဟုတ်သလို အန္တရာယ်ရှိနေတာမျိုးလည်း မဟုတ်ပါဘူး။ ကိုယ်နဲ့ တည့်၊ မတည့်ဆိုတာရယ်၊ တခြားဘယ်လိုအစားစာနဲ့ တွဲစားတယ်၊ အစားသောက်ကို ဘယ်လိုချက်ပြုတ်ပြင်ဆင်တယ်ဆိုတာလည်း ဆိုင်ပါသေးတယ်။ ဒါကြောင့် အမှန်ကန်ဆုံးလုပ်ရပ်ကတော့ သန့်ရှင်းလတ်ဆတ်တဲ့ အသားငါး၊ အသီးရွက်တွေ၊ ကျန်းမာရေးအတွက်ကောင်းတဲ့ အဆီတွေကို ပဲ စနစ်တကျ ချက်ပြုတ်စားသောက်ပါ။ အသင့်စားအစားစာတွေ၊ ပက်ကင်ပိတ်အစားစာတွေ ဝယ်တဲ့အခါမှာလည်း ပါဝင်ပစ္စည်း ingredients list ကို ဖတ်ရှုပြီးမှ ရွေးခြယ်ဝယ်ယူတတ်တဲ့အကျင့်ကု မွေးမြူပါ။ ဒါဆိုရင်တော့ အစားသောက်ကြောင့်ဖြစ်တဲ့ မလိုလားအပ်တဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ပါလိမ့်မယ်။
ဒေါက်တာစိမ့် (For Your Health For Your Beauty)

+++++++++++++++++++++++++++++++++++++++

ရယ္ဒီမိတ္အစားေသာက္ေတြထဲမွာ ဘာေတြပါလဲ
က်မတို႕စားသံုးေနတဲ့ အသင့္စား ready-made အစားစာေတြ၊ မီးဖိုေခ်ာင္သံုးအစားစာေတြ ဝယ္ယူတဲ့အခါ ပါဝင္ပစၥည္းစာရင္းကို ဖတ္ၾကည့္လိုက္ရင္ အရသာပိုေကာင္းေအာင္၊ ပိုႏူးညံ့ေအာင္၊ အျမင္ပိုလွေအာင္၊ အထားခံေအာင္အတြက္ တာရွည္ခံပစၥည္းေတြ၊ ဆိုးေဆးေတြ ထည့္သြင္းထားတာေတြ႕ရပါလိမ့္မယ္။ ဒါေတြကို food additives လို႕ေခၚပါတယ္။ ဒီ food additives ေတြဟာ စားသံုးသူေတြကို က်န္းမာေရးဆိုးဆိုးရြားရြား ျဖစ္ေစတာေတြရွိသလို တခ်ိဳ႕ food additives ေတြကလည္း ဆိုးက်ိဳးနည္းတဲ့အတြက္ အသင့္အတင့္ စားရင္ ေဘးမျဖစ္တာေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ ဘယ္လိုဟာေတြပါဝင္ရင္ေတာ့ ေရွာင္ရမယ္၊ ဘယ္ပါဝင္ပစၥည္းကေတာ့ နည္းနည္းပါးပါးစားလို႕ရတယ္ဆိုတာ ခ်င့္ခ်ိန္ႏိုင္ဖို႕အတြက္ အသံုးမ်ားတဲ့ တာရွည္ခံေဆး၊ ဆိုးေဆး food additives ေတြအေၾကာင္း သိထားဖို႕လိုပါတယ္။
(၁) မိုႏိုဆိုဒီယမ္ဂလုတမိတ္ - Monosodium Glutamate (MSG)
Monosodium glutamate ကေတာ့ ဟင္းပြဲေတြအနံ႕၊ အရသာပိုေကာင္းဖို႕အတြက္ အသံုးမ်ားၾကပါတယ္။ စည္သြပ္ဗူးအစားစာေတြမွာသာမက အသင့္စားအစားစာေတြ၊ စားေသာက္ဆိုင္ေတြမွာပါ ထည့္သြင္းအသံုးျပဳၾကတာကို ေတြ႕ရပါတယ္။
MSG စားသံုးလို႕ လူ႕ဦးေႏွာက္ကို ထိခိုက္မွဳေတြ မျဖစ္ေပမယ့္ ကိုယ္အေလးခ်ိန္တက္တာေတြေတာ့ ရွိပါတယ္။ အမ်ားႀကီးစားရင္ေတာ့ ေခါင္းကိုက္တာ၊ ေခၽြးထြက္မ်ားတာ၊ ထံုတာေတြ ႀကံဳရတတ္ပါတယ္။ ဒါကလည္း စားသံုးသူေတြနဲ႕ ဆိုင္ပါေသးတယ္။ တခ်ိဳ႕ေတြက မိုႏိုဆိုဒီယမ္ဂလုတမိတ္ စားလို႕ ဘာမွမျဖစ္ေပမယ့္ တခ်ိဳ႕ကေတာ့ မခံႏိုင္ၾကတာေတြရွိတဲ့အတြက္ ခ်င့္ခ်ိန္ၿပီး အသင့္အတင့္ပဲ စားသင့္ပါတယ္။ ကိုယ္က ဒီဓာတ္ပါတဲ့ အစားစာေတြစားတဲ့အခါ ေနထိုင္မေကာင္းဘူးဆိုရင္ေတာ့ ေရွာင္တာက အေကာင္းဆံုးပါပဲ။
(၂) ဆိုးေဆး
အစားေသာက္ေတြ စြဲေဆာင္မွဳရွိဖို႕၊ လွပဖို႔အတြက္ အသံုးျပဳၾကတဲ့ ဆိုးေဆးေတြက Blue 1, Red 40, Yellow 5 နဲ႕ Yellow 6 အမ်ိဳးစားေတြကေတာ့ တခ်ိဳ႕လူေတြမွာ ဓာတ္မတည့္တာ ျဖစ္တတ္ပါတယ္။ erythrosine လို႕ေခၚတဲ့ Red 3 ကေတာ့ သိုင္းရြိဳက္အက်ိတ္ေတြ ျဖစ္ႏိုင္ေျခရွိတဲ့အတြက္ အဲဒီအစား Red 40 နဲ႕ အစားထိုးအသံုးျပဳလာၾကတာကို ေတြ႕ရပါတယ္။ တိရစာၦန္ေတြမွာ ေလ့လာခ်က္ေတြကေတာ့ တျခားေသာဆိုးေဆးေတြဟာ ကင္ဆာနဲ႕ ဆက္စပ္မွဳမရွိဘူးလို႕ေတာ့ ဆိုၾကတာပါပဲ။ ဒါေပမယ့္ က်န္းမာေရးနဲ႕ ညီညြတ္တဲ့အစားေသာက္ဆိုရင္ေတာ့ ဆိုးေဆးေတြ၊ တာရွည္ခံေဆးေတြ မပါမွ စိတ္ခ်ရပါလိမ့္မယ္။ ကေလးေတြမွာဆိုရင္ေတာ့ hyperactivity ေခၚတဲ့ ေျပာဆိုရခက္တဲ့၊ အမွားကို ပဲထပ္ခါထပ္ခါလုပ္တဲ့၊ စကားနားမေထာင္တဲ့ အမူအက်င့္ျပႆနာေတြ ျဖစ္ေစတယ္ဆိုပါတယ္။
(၃) ဆုိဒီယမ္ႏိုက္ထရိတ္ (Sodium Nitrite)
ျပဳျပင္စီရင္ထားတဲ့အသားေတြမွာ ဆိုဒီယမ္ႏိုက္ထရိတ္ကို တာရွည္ခံေဆးအျဖစ္ ထည့္သြင္းေလ့ရွိပါတယ္။ ဆားအရသာနဲ႕ နီရဲေနတဲ့အေရာင္ထည့္တဲ့အျပင္ ဘတ္တီးရီးယားေတြမေပါက္ေအာင္ ဆိုဒီယမ္ႏိုက္ထရိတ္ကို သံုးေလ့ရွိပါတယ္။ အသားေတြမွာ အမိုင္ႏိုအက္စစ္ဓာတ္ရွိေနၿပီး အပူခ်ိန္အရမ္းျမင့္လာတဲ့အခါ ဆိုဒီယမ္ႏိုက္ ထရိတ္နဲ႕ေပါင္းၿပီး ႏိုက္ထရိုစမင္း (nitrosamine) အျဖစ္ေျပာင္းသြားပါတယ္။ ႏိုက္ထရိုက္နဲ႕ ႏိုက္ထရိုစမင္း ေတြ အစားမ်ားလာတဲ့အခါ အစာအိမ္ကင္ဆာျဖစ္ဖို႕ အလားလာအရမ္းမ်ားပါတယ္။ ဒါ့အျပင္ ဒီလို စီရင္ထားတဲ့ အသားေတြစားတဲ့သူေတြဟာ အူမႀကီးကင္ဆာ၊ ရင္သားကင္ဆာ၊ ဆီးအိတ္ကင္ဆာျဖစ္ႏိုင္ေျခ အမ်ားႀကီးရွိေန ပါတယ္။ ဒါေၾကာင့္ အေကာင္းဆံုးကေတာ့ ဒီလိုစီစဥ္ထားတဲ့အသားငါးေတြ၊ ဝက္ေပါင္ေျခာက္၊ ၾကက္ဥေခ်ာင္း၊ အမဲျပားကင္ေတြကိုတတ္ႏိုင္သမွ်ေလ်ာ့ၿပီး လက္ဆတ္တဲ့၊ က်န္းမာေရးနဲ႕ညီညြတ္တဲ့အသားငါးေတြ၊ၾကက္သား၊ အမဲသား၊ ၾကက္ဥ၊ ေျမပဲ၊ ပဲအမ်ိဳးမ်ိဳးလို ပရိုတင္းရင္းျမစ္ေကာင္းေကာင္းေတြကိုသာ ခ်က္ျပဳတ္စားေသာက္ေစ ခ်င္ပါတယ္။
(၄) ဂြာရာဂန္း (Guar Gum)
ဂြာရာဂန္းဆိုတာ ဆက္တန္းရွည္ကာဗိုဟိုက္ဒရိတ္အမ်ိဳးအစားျဖစ္ၿပီး အစားေသာက္ပြားဖို႕၊ ပိုမ်ားေစတဲ့ဟန္ျဖစ္ ဖို႕ သံုးေလ့ရွိပါတယ္။ အစားအေသာက္ထုတ္လုပ္ငန္းေတြအျပင္ ေရခဲမုန္႔၊ အသီးအရြက္အသုတ္၊ ၾကက္အူ ေခ်ာင္း၊ စြတ္ျပဳတ္စတဲ့ အစားစာေတြမွာ တြင္တြင္က်ယ္က်ယ္ ထည့္သြင္း အသံုးျပဳၾကပါတယ္။ Guar gum မွာ အမွ်င္ဓာတ္ေတြ အမ်ားႀကီးပါတဲ့အတြက္ က်န္းမာေရးအတြက္ ေကာင္းတယ္လို႕ ေျပာရပါမယ္။ ဥပမာ irritable bowel syndrome လို အူလမ္းေၾကာင္းပံုမမွန္တဲ့လကၡဏာေတြ(ေလပြတာ၊ဝမ္းခ်ဳပ္တာ) ကိုသက္သာေစတာ ေတြ႕ရတယ္။ ၿပီးေတာ့ ျပည့္အင့္တဲ့ခံစားခ်က္ကုိ ျဖစ္ေစတဲ့အတြက္ ကယ္လိုရီအစားနည္းသြားတယ္လို႕လည္း ဆိုပါတယ္။ ၿပီးေတာ့ ေသြးတြင္းအခ်ိဳဓာတ္နဲ႕ ကိုလက္စထေရာကိုလည္းက်ေစေၾကာင္း ေတြ႕ရွိထားပါတယ္။ ဒါေပမယ့္ အမ်ားႀကီးစားမိရင္ေတာ့ က်န္းမာေရးအတြက္ မေကာင္းပါဘူး။ အစာေရၿမိဳနဲ႕ အူလမ္းေၾကာင္းပိတ္ဖို႔ အလားလာရွိၿပီး ေလပြတာ၊ ဗိုက္ေအာင့္တာေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္မို႕လည္း FDA က ဂြာရာဂန္းကို အမ်ားႀကီးမစားဖို႕ တားျမစ္ထားတာျဖစ္ပါတယ္။
(၅) ေျပာင္းအခ်ိဳရည္ (High-fructose corn syrup)
ေျပာင္းဖူးကထုတ္ထားတဲ့ အခ်ိဳအရည္တစ္မ်ိဳးပါ။ ေဆာ္ဒါ၊ ေဖ်ာ္ရည္၊ သၾကားလံုး၊ အခ်ိဳမုန္႕ေတြမွာ ေတြ႕ရေလ့ရွိပါတယ္။ ဖရူးတို႕စ္သၾကားဓာတ္ (fructose) ေတြ ၾကြယ္ၾကြယ္ဝဝပါဝင္တဲ့အတြက္ အမ်ားႀကီးစားသံုးမိရင္ က်န္းမာေရးကို အမ်ားႀကီးထိခိုက္ပါတယ္။ အထူးသျဖင့္ ဆီးခ်ိဳေရာဂါတို႕၊ ကိုယ္အေလးခ်ိန္တက္တာတို႕၊ ဝမ္းဗိုက္အဆီစုတာ၊ အဆင္ဆူလင္ဆဲလ္ေတြ အလုပ္ေကာင္းေကာင္းမလုပ္တာ၊ ဆဲလ္ေတြေရာင္ရမ္းတာ ျဖစ္လာႏိုင္ပါတယ္။ ဆဲလ္ေရာင္ရမ္းတာေတြဟာ အဆစ္ျမစ္ေရာင္တာ၊ ႏွလံုးေရာဂါန၊ ကင္ဆာနဲ႕ ဆီးခ်ိဳေရာဂါေတြျဖစ္ဖို႕ တြန္းအားျဖစ္ေစပါတယ္။
ၿပီးေတာ့ ခႏာကိုယ္ကလိုအပ္တဲ့ အေရးပါတဲ့ ဗီတာမင္ေတြ၊ သတၱဳဓာတ္ေတြ တစ္ခုမွမရဘဲ ကယ္လိုရီေတြသာ တက္ေစပါတယ္။ ဒါေၾကာင့္ high-fructose corn syrup ပါတဲ့ အစားေသာက္ေတြအကုန္လံုးကို ေရွာင္တာ အေကာင္းဆံုးပါပဲ။ အဲဒီအစား အခ်ိဳမပါဘဲစားတာျဖစ္ျဖစ္၊ စတီးဗီးယားသၾကားျဖစ္ျဖစ္၊ သစ္သီးအခ်ိဳစားတာျဖစ္ျဖစ္က က်န္းမာေရးအတြက္ပိုၿပီး ေကာင္းမြန္ပါတယ္။
(၆) Artificial Sweeteners
Artificial sweeteners ေတြကေတာ့ အစားအေသာက္နဲ႕ အေဖ်ာ္ယမကာေတြထဲမွာ အရသာအခ်ိဳျဖည့္ေပးၿပီး ကယ္လိုရီေလ်ာ့ထားတဲ့ အခ်ိဳဓာတ္ေတြပါ။ ပါဝင္ပစၥည္းေတြထဲ ၾကည့္ၾကည့္မယ္ဆုိရင္ aspartame, sucralose, saccharin နဲ႕ acesulfame potassium ဆုိတဲ့ နာမည္ေတြနဲ႕ ေတြ႕ရတတ္ပါတယ္။ ေသြးတြင္းအခ်ိဳဓာတ္နဲ႕ ကိုယ္အေလးခ်ိန္ကို ထိန္းေပးတဲ့အတြက္ ေဘးကင္းတယ္ဆိုေပမယ့္ တခ်ိဳ႕တေလလည္း ေခါင္းကိုက္တတ္တာမ်ိဳး ရွိတတ္တယ္ဆိုပါတယ္။
(၇) carrageenan ကေတာ့ ေသြးတြင္းအခ်ိဳဓာတ္ကိုတက္ေစၿပီး အူလမ္းေၾကာင္းအနာေတြ ျဖစ္ေစတယ္ဆိုေပမယ့္ သူ႕ရဲ႕ သက္ေရာက္မွဳေတြကို မေသခ်ာေသးတဲ့အတြက္ ေလ့လာဆဲအေနထားမွာပဲရွိပါတယ္။ 
 (၈) Sodium benzoate 
ဆိုဒီယမ္ဘန္ဇိုရိတ္ဟာ ဂတ္စ္ပါတဲ့အေအးေတြ၊ သစ္သီးေဖ်ာ္ရည္ေတြ၊ သစ္သီးသုတ္ေတြမွာ ထည့္ေလ့ရွိပါတယ္။ FDA ကေတာ့ ေဘးကင္းတယ္ဆိုေပမယ့္ side effects ေလးေတြရွိေနတာကိုလည္း ေတြ႕ရပါတယ္။ ၃ ႏွစ္အရြယ္ကေလးေတြ စားမိရင္ေတာ့ ေျပာဆိုရခက္တဲ့ hyperactivity အမူအက်င့္ျပႆနာျဖစ္ပြားႏႈန္း ပိုျဖစ္တယ္လို႔ ေလ့လာေတြ႕ရွိရပါတယ္။ sodium benzoate ဟာ ဗီတာမင္စီနဲ႕ ထိေတြ႕တဲ့အခါ ဘင္ဇင္း (benzene) အျဖစ္ေျပာင္းသြားၿပီး ကင္ဆာျဖစ္ႏိုင္ေျခနဲ႕ ဆက္စပ္ေနပါတယ္။ ဂတ္စထည့္ထားတဲ့အေဖ်ာ္ယမကာေတြ၊ အစားေသာက္ေတြ၊ သၾကားမပါတဲ့ အေဖ်ာ္ယမကာေတြဟာ ဘင္ဇင္းေတြပိုျဖစ္ေပၚလာတာကိုေတြ႕ရပါတယ္။
ဒါေၾကာင့္ အစားစာေတြမွာ ပါဝင္ပစၥည္းေတါကို ေသခ်ာၾကည့္ပါ။ benzoic acid, benzene ဒါမွမဟုတ္ benzoate ပါရင္ ေရွာင္ပါ။ အထူးသျဖင့္ ဗီတာမင္စီ အခ်ဥ္ဓာတ္ျဖစ္တဲ့ citric acid တို႕ ascorbic acid တို႕နဲ႕တြဲထားရင္ မစားသံုးသင့္ပါဘူး။
(၉) Trans Fat 
Trans fats ဟာ အစားေသာက္ေတြကိုပိုမိုေကာင္းမြန္ေစတဲ့ မျပည့္ဝဆီတစ္မ်ိဳးျဖစ္ပါတယ္။ မီးဖုတ္ထားတဲ့ အစားစာ၊ မာဂ်ရင္း၊ ေထာပတ္ေပါက္ေပါက္၊ ဘီစကစ္ စတာေတြမွာ ပါဝင္ေလ့ရွိပါတယ္။ ဒီအဆီေတြဟာ ႏွလံုး၊ ဆီးခ်ိဳ၊ ေသြးတိုးေရာဂါ၊ ေရာင္ရမ္းတာေတြကိုျဖစ္ေစတဲ့အတြက္ မာဂ်ရင္းအစား ေထာပတ္္စားတာ၊ သံလြင္ဆီ၊ အုန္းဆီ၊ ဟင္းသီးဟင္းရြက္ဆီ စတာေတြကို အစားထိုး ခ်က္ျပဳတ္စားသံုးသင့္ပါတယ္။ 
(၁၀) Xanthan gum ကလည္း အစားေသာက္ေတြ အရသာေကာင္းဖို႕ သံုးေလ့ရွိၿပီး ေသြးတြင္း အခ်ိဳဓာတ္၊ ကိုလက္စထေရာဓာတ္ေတြကို က်ေစတယ္၊ ပမာဏမ်ားရင္ေတာ့ ေလပြတာ၊ ဝမ္းသက္တာေတြေတာ့ရွိတတ္ပါတယ္။
(၁၁) Artificial Flavoring 
Artificial Flavoring ေတြကာ လိုခ်င္တဲ့အစားေသာက္တခုခုရဲ႕အနံ႔အတိုင္းထြက္ေအာင္ ထည့္သြင္းထားတာပါ။ ေခ်ာကလက္အနံ႕၊ ဘီစကစ္အနံ႕၊ စေတာ္ဘယ္ရီအနံ႕ျဖစ္ေစတဲ့ဓာတ္ေတြက ရိုးတြင္းျခင္ဆီကုိ ထိခိုက္ေစတာေတြ႕ရတဲ့အတြက္ ပါဝင္ပစၥည္းထဲမွာ “chocolate flavoring”  “artificial flavoring”ဆိုတာမ်ိဳးကို မေရြးဘဲ“chocolate”  “cocoa” ဆိုတာမ်ိဳးကို ေရြးပါ။

(၁၂) Yeast extract 
ခ်ိစ္၊ ပဲႏို႕၊ ဆားပါတဲ့အစားစာေတြမွာ ထည့္သြင္းေလ့ရွိတယ္။ သူ႕မွာ ဆိုဒီယမ္`နဲ႕ ဂလုတမိတ္ဓာတ္ ပါဝင္ပါ တယ္။ glutamate ဆိုတာ သဘာဝအတိုင္းျဖစ္တဲ့ အမိုင္ႏိုအက္စစ္ပါ။ monosodium glutamate (MSG) လိုပါပဲ စားလိုက္ရင္ ေခါင္းကိုက္တာ၊ ထံုတာ၊ ေျခလက္ေတြေဖာင္းတာမ်ိဳး ျဖစ္တတ္ပါတယ္။ ပံုမွန္ကေတာ့ ေဘးကင္းတယ္ဆုိေပမယ့္ ကိုယ္စားလိုက္လို႕ တခုခုျဖစ္ရင္ေတာ့ ေရွာင္တာအေကာင္းဆံုးပါပဲ။
အစားေသာက္ေတြမွာပါတဲ့အရာအားလံုးက ေဘးကင္းတာမဟုတ္သလို အႏၱရာယ္ရွိေနတာမ်ိဳးလည္း မဟုတ္ပါဘူး။ ကိုယ္နဲ႕ တည့္၊ မတည့္ဆိုတာရယ္၊ တျခားဘယ္လိုအစားစာနဲ႕ တြဲစားတယ္၊ အစားေသာက္ကို ဘယ္လုိခ်က္ျပဳတ္ျပင္ဆင္တယ္ဆိုတာလည္း ဆိုင္ပါေသးတယ္။ ဒါေၾကာင့္ အမွန္ကန္ဆံုးလုပ္ရပ္ကေတာ့ သန္႕ရွင္းလတ္ဆတ္တဲ့ အသားငါး၊ အသီးရြက္ေတြ၊ က်န္းမာေရးအတြက္ေကာင္းတဲ့ အဆီေတြကို ပဲ စနစ္တက် ခ်က္ျပဳတ္စားေသာက္ပါ။ အသင့္စားအစားစာေတြ၊ ပက္ကင္ပိတ္အစားစာေတြ ဝယ္တဲ့အခါမွာလည္း ပါဝင္ပစၥည္း ingredients list ကို ဖတ္ရွဳၿပီးမွ ေရြးျခယ္ဝယ္ယူတတ္တဲ့အက်င့္ကု ေမြးျမဴပါ။ ဒါဆိုရင္ေတာ့ အစားေသာက္ေၾကာင့္ျဖစ္တဲ့ မလိုလားအပ္တဲ့ ေရာဂါေတြကို ႀကိဳတင္ကာကြယ္ႏိုင္ပါလိမ့္မယ္။
ေဒါက္တာစိမ့္ (For Your Health For Your Beauty)
 

Previous Next