14 Sep, 2020
COVID-19 ကာလအတွင်း Work from Home အား အလုပ်ဖြစ်စေမည့်နည်းလမ်းများ

COVID-19 ကပ်ရောဂါဖြစ်ပွားမှုကာလအတွင်း ကုမ္ပဏီအများအပြားဟာ ဝန်ထမ်းတွေကို နေအိမ်ကနေ အလုပ်လုပ်ကြဖို့ ပိုမိုညွှန်ကြားလာကြပါတယ်။ 
တစ်ဦးနဲ့တစ်ဦးခပ်ခွါခွါနေကြရပြီး အပြင်ကိုမလိုအပ်ဘဲ မထွက်ရတဲ့ Stay-at-Home (အိမ်မှာနေပါ) ကာလမှာ နေအိမ်မှအလုပ်လုပ်ခြင်း (Working from Home) က အထီးကျန်ဖွယ်ရာဖြစ်နိုင်ပါတယ်။
Work from Home လေ့မရှိသူ ဒါမှမဟုတ် နေအိမ်မှာ အလုပ်လုပ်ဖို့ အဆင်ပြေတဲ့နေရာ မရှိသူတို့အတွက် နေရာအပြောင်းအလဲတွေ၊ နေအိမ်နဲ့ပတ်ဝန်းကျင်ကနေ သင့်ကိုလာရိုက်ခတ်မယ့် အာရုံအနှောင့်အယှက်တွေက သင့်အလုပ်ဖြစ်ထွန်းမှုကို အလျဥ်ပြတ်ထိခိုက်စေနိုင်ပါတယ်။
လုပ်ငန်းခွင်မှာမဟုတ်ဘဲ အိမ်မှာဖြစ်တဲ့အတွက် လျှော်စရာ လှန်းစရာ အဝတ်တွေ၊ ဆေးကြောစရာ ပန်းကန်တွေနဲ့ အိမ်သန့်ရှင်းရေး အခန်းသန့်ရှင်းရေး စတာတွေ ရှိနေမယ်အ့ပြင် ကိုယ်ကြည်ချင်နေခဲ့တဲ့ တီဗွီအစီအစဥ် ဒါမှမဟုတ် ရုပ်ရှင်က တီဗွီမှာ လာတာလည်း ဖြစ်နိုင်သလို သင့်ကလေးကိစ္စ လုပ်ပေးဖို့လိုလာတာတို့၊ ခြံထဲ ဒါမှမဟုတ် ဟိုနားဒီနား ခွေးကျောင်းထွက်ဖို့ လိုတာတို့ ဖြစ်နိုင်ပါတယ်။ 
သင့်လက်တွဲဖော်က တစ်ဖက်ခန်းကနေ ခဏခဏ ဟိုဟာလှမ်းအော်ပြော ဒီဟာလှမ်းမေးလုပ်လို့ သင့်အာရုံစူးစိုက်မှုကို ပျက်ယွင်းစေ၊ အာရုံစူးစိုက်လို့ မရစေတာမျိုးလည်း ရှိနိုင်ပါတယ်။ 
ပြီးတော့လည်း ပုံမှန်ဆို ရုံးမှာ အလုပ်ပြီးမယ့်အချိန်ကျော်ပြီးတော့တောင် သင့်မှာ အလုပ်မပြီးသေးဘဲ ခက်ခဲပင်ပန်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အဲဒါတွေအပြင် အိမ်ထဲမှာပဲ အချိန်ကြာမြင့်စွာ နေရလို့ ခံစားရတဲ့ ပျင်းရိငြီးငွေ့ခြင်း၊ စိတ်ကသိကအောင့်ဖြစ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ စိတ်မရှည်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ တက်ကြွမှုမရှိခြင်း၊ အထီးကျန်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ စိတ်ဓာတ်ကျခြင်း တို့ကို ခံစားရနိုင်ပါတယ်။
“နေအိမ်မှ အလုပ်လုပ်ခြင်း” အား အလုပ်ဖြစ်စေသည့် နည်းလမ်းများ
သင်က နေအိမ်မှအလုပ်လုပ်ခြင်းနဲ့ အသားမကျဘူးဆိုရင် သင့်အနေနဲ့ ရုံးမှာ မရနိုင်တဲ့ အနှောင့်အယှက်စိန်ခေါ်မှုအသစ်တွေနဲ့ အသားကျစေမယ့် အောက်မှာဖော်ပြပေးသွားမယ့် အချက်အချို့ကို လုပ်ဆောင်နိုင်ပါတယ်။ အချိန်ဇယားသတ်သတ်မှတ်မှတ် ထားရှိပြီး အဲဒီအတိုင်း လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ အိပ်နေတာ ဒါမှမဟုတ် မနက်စာကို အချိန်ဆွဲစားနေတာမျိုးတွေကို ရှောင်ကြဥ်ပြီး သင်က သင့်အိမ်ခန်းထဲမှာပဲ အလုပ်လုပ်ရမှာဆိုပေမဲ့လည်း ရုံးတက်ရသလိုမျိုး ဆောင်ရွက်ပါ။ တချို့က အလုပ်မစခင် သီချင်းနားထောင်တာတို့ တရားနာတာ တရားမှတ်တာ ဓမ္မစာပေရွတ်ဖတ်တာတို့လုပ်ပြီး ခွန်အားယူတတ်သလို တချို့အတွက်ကျ ဆူဆူညံညံအသံတွေက အလုပ်လုပ်ဖို့ အဆိုးရွားဆုံးအရာတွေ ဖြစ်တတ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်း၊ အကြိုက်ချင်း မတူကြပါဘူး။ အချို့က အလုပ်လုပ်တဲ့နေရာတစ်ဝိုက် သန့်ရှင်းသပ်ရပ်နေမှ အလုပ်လုပ်တတ်သလို အချို့ကျ ရှုပ်ရှုပ်ထွေးထွေးတွေကြားထဲမှာမှ ပိုပြီး အလုပ်လုပ်ရတွင်ကျယ်တတ်ကြပါတယ်။ သင့်တစ်ကိုယ်ရည်ဟန်ပန် ဘယ်လိုပင်ရှိပါစေ၊ အခုဖော်ပြပေးသွားမယ့်အချက်တွေကတော့ COVID-19 ကပ်ဘေးအတွင်း အနေအထားသစ်နဲ့ လိုက်လျောညီထွေရှိစေဖို့ အချက်အချို့ပဲ ဖြစ်ပါတယ်။ 
၁။ အိမ်မှာ သင်အလုပ်လုပ်မယ့်နေရာကို နယ်နမိတ်သတ်သတ်မှတ်မှတ်ထားရှိပါ။ ဒါမှ သင့်အလုပ်ကြောင့် သင့်မိသားစုဝင်တွေရဲ့ နေထိုင်မှုတွေကို အနှောင့်အယှက်မဖြစ်စေမှာ ဖြစ်သလို သင်လည်းပဲ အာရုံစိုက်နိုင်မှာပါ။ တီဗွီရှေ့မှာ အီးမေးလ်စစ်တာ၊ စာရိုက်တာတွေ၊ ထမင်းစားစားပွဲပေါ်မှာ စာရွက်စာတမ်းတွေ တင်ထားတာတွေ မလုပ်ဘဲ သင့်အလုပ်ဌာနအဖြစ် နေရာတစ်ခုကို စည်းထားဖို့ ဆိုလိုတာဖြစ်ပါတယ်။ အကယ်၍ သင့်မှာ အခန်းသက်သက်မရှိဘူးဆိုရင် လူသွားလူလာနည်းတဲ့နေရာ ဒါမှမဟုတ် ဧည့်ခန်းနဲ့လှမ်းတဲ့အခန်းရဲ့ထောင့်တစ်နေရာလိုမျိုးကို ရှာပါ။
၂။ ပတ်ဝန်းကျင်က ဆူညံသံတွေနဲ့ မိသားစုဝင်တွေဆီက အသံဗလံတွေကို ပိတ်ဆို့ဖို့ ဆူညံသံတွေဖယ်ရှားပေးတဲ့ နားကြပ်တွေရဲ့ အကူအညီကို ရယူပါ။ ရေတံခွန်မှ ရေကျသံ၊ မိုးရေစက်သံ၊ စမ်း‌ချောင်းထဲက ရေစီးသံ ဒါမှမဟုတ် လှိုင်းပုတ်သံလိုမျိုး သဘာဝရဲ့ သာယာနာပျော်ဖွယ်အသံတွေနဲ့ ပေါင်းစပ်ထားတဲ့ တေးဂီတအပျော့စားလေးတွေဟာ သင့်ဦးနှောက်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်စေကာ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို လျှော့ချပေးတာကို သုတေသနတွေက ပြနေပါတယ်။
၃။ နံပါတ် ၁ အချက်အရ အဆင်ပြေဆုံးလို့ သတ်မှတ်ထားတဲ့နေရာမှာပဲ အလုပ်ကို ပုံမှန်လုပ်ပါ။ ဒါမှ သင့်စိတ် ဟိုရောက်ဒီရောက် မပျံ့လွင့်ဘဲ အာရုံစူးစည်းနိုင်ကာ အလုပ်ဖြစ်ထွန်းမှုကို တိုးတက်စေမှာပါ။ ရေခဲသေတ္တာထဲမှာ ချောကလက်တွေ ရှိနေတာ ဒါမှမဟုတ် အဝတ်လျှော်စရာတွေ ဖုန်စုပ်စရာတွေလိုမျိုး လုပ်စရာအိမ်မှုကိစ္စတွေ စတဲ့သင့်အနားကအရာတွေကို အလုပ်ချိန်မှာ လျစ်လျူရှုဖို့ စိတ်ပိုင်းဖြတ်ထားပါ။ အဲဒီကိုယ်ရေးကိုယ်တာကိစ္စတွေကို ခါတိုင်းသင်ရုံးတက်တုန်းကလိုပဲ အလုပ်ချိန်မဟုတ်တဲ့ ကိုယ်ပိုင်အချိန်တွေမှာပဲ ပုံမှန်အတိုင်းလုပ်ဆောင်ပါ။ 
၄။ နံပါတ် ၁ အချက်နဲ့အညီ သတ်မှတ်ထားတဲ့ သတ်မှတ်အလုပ်နေရာကို အလုပ်အတွက်သာ အသုံးပြုပါ။ Working from Home ကာလအတွင်း ဖြစ်နိုင်ရင် ကျန်တဲ့အချိန်မှာ ထိုနေရာကို အသုံးမပြုဘဲ ထားပါ။ အကယ်၍ အဲဒီလိုလုပ်ဖို့ နေရာအဆင်မပြေဘူးဆိုရင်လည်း ကျန်တဲ့သူတွေ ထိုနေရာကို သုံးခြင်းမသုံးခြင်းထက် သင်က အလုပ်လုပ်ဖို့ရှိမှသာ ထိုနေရာကို သွားပါ။ တစ်ကိုယ်ရည်ကိစ္စတွေလုပ်တာရော အလုပ်လုပ်တာရောက တစ်နေရာတည်း မဖြစ်သင့်ပါဘူး။ သင့်စိတ်အာရုံကို ခွဲထားမှသာ ထိုနေရာမှာ သင့်စိတ်အာရုံက အလုပ်အတွက် အသင့်ရှိမှာပါ။ 
၅။ ကိုယ်ရေးကိုယ်တာအနှောင့်အယှက်တွေကို တားမြစ်ပါ။ သင်ရုံးမတက်ရတာနဲ့ဘဲ အိမ်လာလည်တာတွေ၊ စကားစမြည်လာပြောတာတွေ စသဖြင့် Working from Home ကို  အချို့ကပေါ့ပေါ့လေးသဘောထားပြီး ပြုမူတတ်ပါတယ်။ အဲဒါမျိုးအနှောင့်အယှက်တွေ မကြုံရအောင် မိသားစုဝင်တွေနဲ့ အသိမိတ်ဆွေတွေကို သင်ဟာ အလုပ်နေရာပဲ ပြောင်းလုပ်ရတာဖြစ်ကြောင်း၊ ရုံးမှာလုပ်ရတဲ့အတိုင်းပဲ အလုပ်လုပ်ရမှာဖြစ်တဲ့အကြောင်း၊ လုပ်ရမယ့်အလုပ်အားဖြင့် မပြောင်းတဲ့အကြောင်းနဲ့ အလုပ်ချိန်ပြီးတော့မှသာ ဆက်သွယ်ဖို့ကို သဘောပေါက်အောင် ကြိုတင်ပြောပြထားပါ။ အစက မပြောခဲ့ရရင်လည်း အခုပဲနားလည်သွားအောင် အေးအေးဆေးဆေးရှင်းပြလိုက်ပါ။
၆။ ရုံးမှလုပ်ဖော်ကိုင်ဖက်တွေနဲ့ ပုံမှန်ထက် ပိုပြီး ဗီဒီယိုကောလ်ဖြင့် အဆက်အသွယ်ပိုလုပ်ပေးပါ။ အထီးကျန်တယ်လို့ ခံစားရတာနဲ့ စာရိုက်စကားပြောတာ စသဖြင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆက်သွယ်မပြတ်ရှိပေးပါ။ 
၇။ အိမ်ထဲမှာပဲ အချိန်ကြာမြင့်စွာနေရလို့ ခံစားရတဲ့ ခံစားချက်တွေ (အထက်ဖော်ပြခဲ့ပြီး) မခံစားရလေအောင် ခြံထဲဆင်းပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ နှာခေါင်းစည်း Mask တပ်ပြီး အိမ်အနီးဝန်းကျင်ကို လမ်းထွက်လျှောက်တာ စသဖြင့် အလျဥ်းသင့်သလို လုပ်ဆောင်ပေးရမှာဖြစ်ပြီး အိမ်ထဲမှာလည်း နေ့စဥ်ကိုယ်လက်လှုပ်ရှားအားကစားပုံမှန်လုပ်ပေးဖို့ လိုပါတယ်။
အခွင့်အလမ်းဂျာနယ်ကို အစဥ်အမြဲအားပေးဖတ်ရှုကြသူအားလုံးပဲ COVID-19 ကာလအတွင်းမှာလည်း အလုပ်အကိုင်တွေ အဆင်ပြေကြစေဖို့ ဆုမွန်ကောင်းလျက်...
ခင်အေးချမ်း
Ref: https://www.forbes.com/sites/bryanrobinson/2020/03/14/9-tips-to-be-productive-when-working-at-home-during-covid-19/#9a080b85a38b

++++++++++++++++++++++++++++++++++++

 

COVID-19 ကာလအတြင္း Work from Home အား အလုပ္ျဖစ္ေစမည့္နည္းလမ္းမ်ား

COVID-19 ကပ္ေရာဂါျဖစ္ပြားမႈကာလအတြင္း ကုမၸဏီအမ်ားအျပားဟာ ဝန္ထမ္းေတြကို ေနအိမ္ကေန အလုပ္လုပ္ၾကဖို႔ ပိုမိုၫႊန္ၾကားလာၾကပါတယ္။ 
တစ္ဦးနဲ႔တစ္ဦးခပ္ခြါခြါေနၾကရၿပီး အျပင္ကိုမလိုအပ္ဘဲ မထြက္ရတဲ့ Stay-at-Home (အိမ္မွာေနပါ) ကာလမွာ ေနအိမ္မွအလုပ္လုပ္ျခင္း (Working from Home) က အထီးက်န္ဖြယ္ရာျဖစ္ႏိုင္ပါတယ္။
Work from Home ေလ့မရွိသူ ဒါမွမဟုတ္ ေနအိမ္မွာ အလုပ္လုပ္ဖို႔ အဆင္ေျပတဲ့ေနရာ မရွိသူတို႔အတြက္ ေနရာအေျပာင္းအလဲေတြ၊ ေနအိမ္နဲ႔ပတ္ဝန္းက်င္ကေန သင့္ကိုလာ႐ိုက္ခတ္မယ့္ အာ႐ုံအေႏွာင့္အယွက္ေတြက သင့္အလုပ္ျဖစ္ထြန္းမႈကို အလ်ဥ္ျပတ္ထိခိုက္ေစႏိုင္ပါတယ္။
လုပ္ငန္းခြင္မွာမဟုတ္ဘဲ အိမ္မွာျဖစ္တဲ့အတြက္ ေလွ်ာ္စရာ လွန္းစရာ အဝတ္ေတြ၊ ေဆးေၾကာစရာ ပန္းကန္ေတြနဲ႔ အိမ္သန႔္ရွင္းေရး အခန္းသန႔္ရွင္းေရး စတာေတြ ရွိေနမယ္အ့ျပင္ ကိုယ္ၾကည္ခ်င္ေနခဲ့တဲ့ တီဗြီအစီအစဥ္ ဒါမွမဟုတ္ ႐ုပ္ရွင္က တီဗြီမွာ လာတာလည္း ျဖစ္ႏိုင္သလို သင့္ကေလးကိစၥ လုပ္ေပးဖို႔လိုလာတာတို႔၊ ၿခံထဲ ဒါမွမဟုတ္ ဟိုနားဒီနား ေခြးေက်ာင္းထြက္ဖို႔ လိုတာတို႔ ျဖစ္ႏိုင္ပါတယ္။ 
သင့္လက္တြဲေဖာ္က တစ္ဖက္ခန္းကေန ခဏခဏ ဟိုဟာလွမ္းေအာ္ေျပာ ဒီဟာလွမ္းေမးလုပ္လို႔ သင့္အာ႐ုံစူးစိုက္မႈကို ပ်က္ယြင္းေစ၊ အာ႐ုံစူးစိုက္လို႔ မရေစတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။ 
ၿပီးေတာ့လည္း ပုံမွန္ဆို ႐ုံးမွာ အလုပ္ၿပီးမယ့္အခ်ိန္ေက်ာ္ၿပီးေတာ့ေတာင္ သင့္မွာ အလုပ္မၿပီးေသးဘဲ ခက္ခဲပင္ပန္းေနတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။
အဲဒါေတြအျပင္ အိမ္ထဲမွာပဲ အခ်ိန္ၾကာျမင့္စြာ ေနရလို႔ ခံစားရတဲ့ ပ်င္းရိၿငီးေငြ႕ျခင္း၊ စိတ္ကသိကေအာင့္ျဖစ္ျခင္း၊ ဂနာမၿငိမ္ျခင္း၊ စိတ္မရွည္ျခင္း၊ စိုးရိမ္ေၾကာင့္ၾကျခင္း၊ တက္ႂကြမႈမရွိျခင္း၊ အထီးက်န္ျခင္း၊ ေမွ်ာ္လင့္ခ်က္မဲ့ျခင္း၊ စိတ္ဓာတ္က်ျခင္း တို႔ကို ခံစားရႏိုင္ပါတယ္။
“ေနအိမ္မွ အလုပ္လုပ္ျခင္း” အား အလုပ္ျဖစ္ေစသည့္ နည္းလမ္းမ်ား
သင္က ေနအိမ္မွအလုပ္လုပ္ျခင္းနဲ႔ အသားမက်ဘူးဆိုရင္ သင့္အေနနဲ႔ ႐ုံးမွာ မရႏိုင္တဲ့ အေႏွာင့္အယွက္စိန္ေခၚမႈအသစ္ေတြနဲ႔ အသားက်ေစမယ့္ ေအာက္မွာေဖာ္ျပေပးသြားမယ့္ အခ်က္အခ်ိဳ႕ကို လုပ္ေဆာင္ႏိုင္ပါတယ္။ အခ်ိန္ဇယားသတ္သတ္မွတ္မွတ္ ထားရွိၿပီး အဲဒီအတိုင္း လုပ္ေဆာင္ဖို႔ အေရးႀကီးပါတယ္။ အိပ္ေနတာ ဒါမွမဟုတ္ မနက္စာကို အခ်ိန္ဆြဲစားေနတာမ်ိဳးေတြကို ေရွာင္ၾကဥ္ၿပီး သင္က သင့္အိမ္ခန္းထဲမွာပဲ အလုပ္လုပ္ရမွာဆိုေပမဲ့လည္း ႐ုံးတက္ရသလိုမ်ိဳး ေဆာင္႐ြက္ပါ။ တခ်ိဳ႕က အလုပ္မစခင္ သီခ်င္းနားေထာင္တာတို႔ တရားနာတာ တရားမွတ္တာ ဓမၼစာေပ႐ြတ္ဖတ္တာတို႔လုပ္ၿပီး ခြန္အားယူတတ္သလို တခ်ိဳ႕အတြက္က် ဆူဆူညံညံအသံေတြက အလုပ္လုပ္ဖို႔ အဆိုး႐ြားဆုံးအရာေတြ ျဖစ္တတ္ပါတယ္။ လူတစ္ေယာက္နဲ႔တစ္ေယာက္ စ႐ိုက္ခ်င္း၊ အႀကိဳက္ခ်င္း မတူၾကပါဘူး။ အခ်ိဳ႕က အလုပ္လုပ္တဲ့ေနရာတစ္ဝိုက္ သန႔္ရွင္းသပ္ရပ္ေနမွ အလုပ္လုပ္တတ္သလို အခ်ိဳ႕က် ရႈပ္ရႈပ္ေထြးေထြးေတြၾကားထဲမွာမွ ပိုၿပီး အလုပ္လုပ္ရတြင္က်ယ္တတ္ၾကပါတယ္။ သင့္တစ္ကိုယ္ရည္ဟန္ပန္ ဘယ္လိုပင္ရွိပါေစ၊ အခုေဖာ္ျပေပးသြားမယ့္အခ်က္ေတြကေတာ့ COVID-19 ကပ္ေဘးအတြင္း အေနအထားသစ္နဲ႔ လိုက္ေလ်ာညီေထြရွိေစဖို႔ အခ်က္အခ်ိဳ႕ပဲ ျဖစ္ပါတယ္။ 
၁။ အိမ္မွာ သင္အလုပ္လုပ္မယ့္ေနရာကို နယ္နမိတ္သတ္သတ္မွတ္မွတ္ထားရွိပါ။ ဒါမွ သင့္အလုပ္ေၾကာင့္ သင့္မိသားစုဝင္ေတြရဲ႕ ေနထိုင္မႈေတြကို အေႏွာင့္အယွက္မျဖစ္ေစမွာ ျဖစ္သလို သင္လည္းပဲ အာ႐ုံစိုက္ႏိုင္မွာပါ။ တီဗြီေရွ႕မွာ အီးေမးလ္စစ္တာ၊ စာ႐ိုက္တာေတြ၊ ထမင္းစားစားပြဲေပၚမွာ စာ႐ြက္စာတမ္းေတြ တင္ထားတာေတြ မလုပ္ဘဲ သင့္အလုပ္ဌာနအျဖစ္ ေနရာတစ္ခုကို စည္းထားဖို႔ ဆိုလိုတာျဖစ္ပါတယ္။ အကယ္၍ သင့္မွာ အခန္းသက္သက္မရွိဘူးဆိုရင္ လူသြားလူလာနည္းတဲ့ေနရာ ဒါမွမဟုတ္ ဧည့္ခန္းနဲ႔လွမ္းတဲ့အခန္းရဲ႕ေထာင့္တစ္ေနရာလိုမ်ိဳးကို ရွာပါ။
၂။ ပတ္ဝန္းက်င္က ဆူညံသံေတြနဲ႔ မိသားစုဝင္ေတြဆီက အသံဗလံေတြကို ပိတ္ဆို႔ဖို႔ ဆူညံသံေတြဖယ္ရွားေပးတဲ့ နားၾကပ္ေတြရဲ႕ အကူအညီကို ရယူပါ။ ေရတံခြန္မွ ေရက်သံ၊ မိုးေရစက္သံ၊ စမ္း‌ေခ်ာင္းထဲက ေရစီးသံ ဒါမွမဟုတ္ လႈိင္းပုတ္သံလိုမ်ိဳး သဘာဝရဲ႕ သာယာနာေပ်ာ္ဖြယ္အသံေတြနဲ႔ ေပါင္းစပ္ထားတဲ့ ေတးဂီတအေပ်ာ့စားေလးေတြဟာ သင့္ဦးေႏွာက္ကို တည္ၿငိမ္ေစၿပီး အာ႐ုံစူးစိုက္ေစကာ ႏွလုံးခုန္ႏႈန္းနဲ႔ ေသြးဖိအားကို ေလွ်ာ့ခ်ေပးတာကို သုေတသနေတြက ျပေနပါတယ္။
၃။ နံပါတ္ ၁ အခ်က္အရ အဆင္ေျပဆုံးလို႔ သတ္မွတ္ထားတဲ့ေနရာမွာပဲ အလုပ္ကို ပုံမွန္လုပ္ပါ။ ဒါမွ သင့္စိတ္ ဟိုေရာက္ဒီေရာက္ မပ်ံ႕လြင့္ဘဲ အာ႐ုံစူးစည္းႏိုင္ကာ အလုပ္ျဖစ္ထြန္းမႈကို တိုးတက္ေစမွာပါ။ ေရခဲေသတၱာထဲမွာ ေခ်ာကလက္ေတြ ရွိေနတာ ဒါမွမဟုတ္ အဝတ္ေလွ်ာ္စရာေတြ ဖုန္စုပ္စရာေတြလိုမ်ိဳး လုပ္စရာအိမ္မႈကိစၥေတြ စတဲ့သင့္အနားကအရာေတြကို အလုပ္ခ်ိန္မွာ လ်စ္လ်ဴရႈဖို႔ စိတ္ပိုင္းျဖတ္ထားပါ။ အဲဒီကိုယ္ေရးကိုယ္တာကိစၥေတြကို ခါတိုင္းသင္႐ုံးတက္တုန္းကလိုပဲ အလုပ္ခ်ိန္မဟုတ္တဲ့ ကိုယ္ပိုင္အခ်ိန္ေတြမွာပဲ ပုံမွန္အတိုင္းလုပ္ေဆာင္ပါ။ 
၄။ နံပါတ္ ၁ အခ်က္နဲ႔အညီ သတ္မွတ္ထားတဲ့ သတ္မွတ္အလုပ္ေနရာကို အလုပ္အတြက္သာ အသုံးျပဳပါ။ Working from Home ကာလအတြင္း ျဖစ္ႏိုင္ရင္ က်န္တဲ့အခ်ိန္မွာ ထိုေနရာကို အသုံးမျပဳဘဲ ထားပါ။ အကယ္၍ အဲဒီလိုလုပ္ဖို႔ ေနရာအဆင္မေျပဘူးဆိုရင္လည္း က်န္တဲ့သူေတြ ထိုေနရာကို သုံးျခင္းမသုံးျခင္းထက္ သင္က အလုပ္လုပ္ဖို႔ရွိမွသာ ထိုေနရာကို သြားပါ။ တစ္ကိုယ္ရည္ကိစၥေတြလုပ္တာေရာ အလုပ္လုပ္တာေရာက တစ္ေနရာတည္း မျဖစ္သင့္ပါဘူး။ သင့္စိတ္အာ႐ုံကို ခြဲထားမွသာ ထိုေနရာမွာ သင့္စိတ္အာ႐ုံက အလုပ္အတြက္ အသင့္ရွိမွာပါ။ 
၅။ ကိုယ္ေရးကိုယ္တာအေႏွာင့္အယွက္ေတြကို တားျမစ္ပါ။ သင္႐ုံးမတက္ရတာနဲ႔ဘဲ အိမ္လာလည္တာေတြ၊ စကားစျမည္လာေျပာတာေတြ စသျဖင့္ Working from Home ကို  အခ်ိဳ႕ကေပါ့ေပါ့ေလးသေဘာထားၿပီး ျပဳမူတတ္ပါတယ္။ အဲဒါမ်ိဳးအေႏွာင့္အယွက္ေတြ မႀကဳံရေအာင္ မိသားစုဝင္ေတြနဲ႔ အသိမိတ္ေဆြေတြကို သင္ဟာ အလုပ္ေနရာပဲ ေျပာင္းလုပ္ရတာျဖစ္ေၾကာင္း၊ ႐ုံးမွာလုပ္ရတဲ့အတိုင္းပဲ အလုပ္လုပ္ရမွာျဖစ္တဲ့အေၾကာင္း၊ လုပ္ရမယ့္အလုပ္အားျဖင့္ မေျပာင္းတဲ့အေၾကာင္းနဲ႔ အလုပ္ခ်ိန္ၿပီးေတာ့မွသာ ဆက္သြယ္ဖို႔ကို သေဘာေပါက္ေအာင္ ႀကိဳတင္ေျပာျပထားပါ။ အစက မေျပာခဲ့ရရင္လည္း အခုပဲနားလည္သြားေအာင္ ေအးေအးေဆးေဆးရွင္းျပလိုက္ပါ။
၆။ ႐ုံးမွလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ပုံမွန္ထက္ ပိုၿပီး ဗီဒီယိုေကာလ္ျဖင့္ အဆက္အသြယ္ပိုလုပ္ေပးပါ။ အထီးက်န္တယ္လို႔ ခံစားရတာနဲ႔ စာ႐ိုက္စကားေျပာတာ စသျဖင့္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အဆက္သြယ္မျပတ္ရွိေပးပါ။ 
၇။ အိမ္ထဲမွာပဲ အခ်ိန္ၾကာျမင့္စြာေနရလို႔ ခံစားရတဲ့ ခံစားခ်က္ေတြ (အထက္ေဖာ္ျပခဲ့ၿပီး) မခံစားရေလေအာင္ ၿခံထဲဆင္းၿပီး ကိုယ္လက္လႈပ္ရွားမႈလုပ္တာ၊ ႏွာေခါင္းစည္း Mask တပ္ၿပီး အိမ္အနီးဝန္းက်င္ကို လမ္းထြက္ေလွ်ာက္တာ စသျဖင့္ အလ်ဥ္းသင့္သလို လုပ္ေဆာင္ေပးရမွာျဖစ္ၿပီး အိမ္ထဲမွာလည္း ေန႔စဥ္ကိုယ္လက္လႈပ္ရွားအားကစားပုံမွန္လုပ္ေပးဖို႔ လိုပါတယ္။
အခြင့္အလမ္းဂ်ာနယ္ကို အစဥ္အၿမဲအားေပးဖတ္ရႈၾကသူအားလုံးပဲ COVID-19 ကာလအတြင္းမွာလည္း အလုပ္အကိုင္ေတြ အဆင္ေျပၾကေစဖို႔ ဆုမြန္ေကာင္းလ်က္...
ခင္ေအးခ်မ္း
Ref: https://www.forbes.com/sites/bryanrobinson/2020/03/14/9-tips-to-be-productive-when-working-at-home-during-covid-19/#9a080b85a38b

Previous Next